ကမ္ဘာ့ရတနာဘဏ်

ဝီကီပီးဒီးယား မှ
ကမ္ဘာ့ရတနာဘဏ်
Global Treasure Bank
အမျိုးအစားအများနှင့်သက်ဆိုင်သော
လုပ်ငန်းဘဏ်
တည်ထောင်သည့်နှစ်၁၅ ဖေဖော်ဝါရီ ၁၉၉၆
ဌာနချုပ်ရန်ကုန် မြန်မာ
ဝက်ဘ်ဆိုက်treasurebankmm.com

ကမ္ဘာ့ရတနာဘဏ်သည် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်ကို အများနှင့်သက်ဆိုင်သောကုမ္ပဏီအဖြစ် ပြောင်းလဲ ဖွဲ့စည်းထားသော အများပိုင်ဘဏ်တစ်ခုဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်ကို မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတိုးတက်စေရန်၊ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အဖြစ် အရေးပါသည့် မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍတွင် ပါဝင်လုပ်ကိုင်လျက်ရှိကြသည့် မွေးမြူရေးနှင့်ရေလုပ်ငန်းရှင်များအပြင် အခြားစီးပွားရေး ကဏ္ဍအသီးသီးတွင် လုပ်ကိုင်လျက်ရှိကြသည့် ကုမ္ပဏီလုပ်ငန်း အသီးသီးတို့တွက် ငွေကြေး လိုအပ်ချက်များ ဖြည့်ဆည်းပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် ၁၉၉ဝ ခုနှစ် ပြဋ္ဌာန်းသော မြန်မာနိုင်ငံ ငွေရေးကြေးရေး အဖွဲ့အစည်းများဆိုင်ရာ ဥပဒေနှင့်အညီ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လိုင်စင်အမှတ်၊ မဗဘ/ ပီ-၁၅/(၂)၉၆ ဖြင့် (၁၅-၂-၁၉၉၆) ရက်နေ့တွင် စတင်ဖွဲ့စည်း ဖွင့်လှစ် ဆောင်ရွက်ခဲ့သည်။

မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်လီမိတက်ကို စတင်တည်ထောင် ဖွင့်လှစ်ချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန(ယခင် ကုန်သွယ်ရေးဝန်ကြီးဌာန)မှ ကြပ်မတ် ကွပ်ကဲခဲ့သော်လည်း ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ (၆-၉-၁၉၉၈) ရက်စွဲပါစာဖြင့် ညွှန်ကြားချက်အရ လုပ်ငန်းသဘာဝ နှင့် ဆက်စပ်မှုရှိသည့် မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနသို့ (၁-၁-၁၉၉၉) ရက်နေ့တွင် လွှဲပြောင်းပေးခဲ့သည်။

မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်လီမိတက်သည် ဘဏ်စတင် တည်ထောင် ဖွင့်လှစ်စဉ်ကတည်းက မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍအပြင် အခြားစီးပွာရေးကဏ္ဍ အသီးသီးသို့လည်း ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများပေးလျက်ရှိသော ဘဏ်တစ်ဘဏ် ဖြစ်သည်။ ဘဏ်၏အမည်သည် မွေး/ရေကဏ္ဍတစ်ခုတည်းကိုသာ ဦးစားပေးနေသကဲ့သို့ ဖြစ်နေခြင်းကြောင့် လည်းကောင်း၊ အခြားဘက်စုံ၊ ကဏ္ဍစုံအသီးသီးသို့ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ပုဂ္ဂလိကစစ်စစ် အသွင်ဖြင့် သီးခြားလွပ်လပ်စွာ အထောက်အပံ့ပေး နိုင်ရန်အတွက်လည်းကောင်း ရည်ရွယ်ပြီး မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်အမည်မှ ကမ္ဘာ့ရတနာဘဏ်(အများနှင့်သက်ဆိုင်သောကုမ္ပဏီ) အမည်သို့ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။[၁]

မတည်ရင်းနှီးငွေ[ပြင်ဆင်ရန်]

ဘဏ်စတင်ဖွင့်လှစ်ခဲ့သည့် ၁၉၉၆ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဘဏ်၏မတည်ရင်းနှီးငွေမှာ အစုရှယ်ယာတစ်စုလျှင် ကျပ်(၅)သိန်းတန်ဘိုးရှိ အစုရှယ်ယာပေါင်း(၄၀၀၀)၊ ကျပ်သန်းပေါင်း(၂၀၀၀) သတ်မှတ်ခဲ့ပြီး ကျပ်သန်း(၁၀၀၀)အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်(ဝန်ထမ်း/သက်သာ)မှ ချေးငွေအဖြစ် ရယူခဲ့သည်။ ချေးငွေအဖြစ်ရယူခဲ့သော ကျပ်သန်း(၁၀၀၀)နှင့် အတိုးငွေများအား ၂၀၀၄ ခုနှစ်၊ ဧပြီလတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် (ဝန်ထမ်း/သက်သာ)သို့ ပြန်လည် ပေးဆပ်ခဲ့ပြီး အများပိုင်ဘဏ်(Public Bank)အနေဖြင့် ဆက်လက်ရပ်တည် ဆောင်ရွက်လျက်ရှိသည်။ အများပိုင်ရှယ်ယာအဖြစ် ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလတွင် သတ်မှတ်ထားသော အစုရှယ်ယာပေါင်း(၄၀၀၀)၊ ကျပ်သန်းပေါင်း(၂၀၀၀)အား အများပြည်သူသို့ အပြည့်အဝ ရောင်းချခဲ့ပြီးနောက် ဘဏ်၏မတည်ရင်းနှီးငွေ (Paid-up Capital)အား အောက်ပါအတိုင်း အဆင့်ဆင့်တိုးမြှင့်ပြင်ဆင်ခဲ့သည်။

  • ၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျပ်သန်း(၂၀၀၀)မှ ကျပ်သန်း(၅၀၀၀)
  • ၂၀၀၇ ခုနှစ်၊ ဩဂုတ်လတွင် ကျပ်သန်း(၅၀၀၀) မှ ကျပ်သန်း(၁၀၀၀၀)
  • ၂၀၀၉ ခုနှစ်၊ ဇူလိုင်လတွင် ကျပ်သန်း(၁၀၀၀၀) မှ ကျပ်သန်း(၂၀၀၀၀)
  • ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလတွင် ကျပ်သန်း(၂၀၀၀၀)မှ ကျပ်သန်း(၃၅၀၀၀)
  • ၂၀၁၃ခုနှစ်၊ ဇူလိုင်လတွင် ကျပ်သန်း (၃၅၀၀၀)မှ ကျပ်သန်း (၇၀၀၀၀)

၂၀၁၂ ခုနှစ် မေလအတွင်းတွင် လက်ရှိမတည်ရင်းနှီးငွေ ကျပ်သန်း(၃၅၀၀၀)၊ အစုပေါင်း (၇၀၀၀၀)အား အများပြည်သူသို့ အပြည့်အဝ ရောင်းချပေးခဲ့ပြီး ဖြစ်သည်။[၁]

ဝန်ဆောင်မှုများ[ပြင်ဆင်ရန်]

ကမ္ဘာ့ရတနာဘဏ်မှ ဆောင်ရွက်ပေးနေသော ဝန်ဆောင်မှုများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ငွေစုဘဏ်အပ်ငွေစာရင်း
  • အချိန်ပိုင်းအပ်ငွေ
  • စာရင်းရှင်အပ်ငွေ
  • နိုင်ငံခြားငွေစာရင်း
  • Certified Cheque
  • Payment Order
  • Performance Guarantee
  • ပြည်တွင်းငွေလွှဲခြင်းလုပ်ငန်း
  • အပြည်ပြည်ဆိုင်ရာ ငွေလွှဲလုပ်ငန်း
  • ချေးငွေ
  • အရစ်ကျငွေချေစနစ်

အကိုးအကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ဘဏ်သမိုင်းကြောင်း။ ကမ္ဘာ့ရတနာဘဏ်။ 12 November 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၃၀ တွင် ပြန်စစ်ပြီး။