ကမ္ဘာ့အလုပ်သမားနေ့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဆွီဒင်နိုင်ငံ လက်ဝဲပါတီက ၂၀၀၆ ခုနှစ် စတော့ဟုမ်းမြို့တွင် ပြုလုပ်သော အလုပ်သမားနေ့ ဆန္ဒပြပွဲ

အလုပ်သမားနေ့သည် မေလ ၁ ရက်နေ့ဖြစ်ပြီး အစိုးရရုံးများ၊ အလုပ်ရုံများ၊ ဈေးဆိုင်ကန္နားများကို ပိတ်၍ အလုပ်သမားများ၏ အင်အားပြပွဲများ၊ စီတန်းလမ်းလျှောက်ပွဲများ စသည့် အလုပ်သမားနေ့ အထိမ်းအမှတ်ပွဲများကို ကျင်းပလေ့ရှိသည်။

မေဒေးခေါ် အလုပ်သမားနေ့သည် ကမ္ဘာ့အလုပ်သမား လူတန်းစားများအဖို့ နိုင်ငံရေး သဘောတရားအရ လွန်စွာအရေးပါသော နေ့ကြီးဖြစ်သည်။ ရှေးနှစ်ပေါင်းများစွာက အလုပ်သမား ပစ္စည်းမဲ့လူတန်းစားအား ဖိနှိပ်ချုပ်ချယ်ခဲ့သော အရင်းရှင်စနစ်ကို တော်လှန်၍ အလုပ်သမားတို့၏ ဘဝသစ် တည်ဆောက်ရန် အလုပ်သမားများ သွေးစည်းလိုက်သည့်နေ့ဟု ဆိုထိုက်ပေသည်။

မေဒေးပေါ်ပေါက်လာအောင် ဖန်တီးလိုက်သော အလုပ်ရှင်နှင့် အလုပ်သမားတို့၏ ပဋိပက္ခမှုမှာ ၁၉ ရာစုဆန်းစမှစ၍ အမေရိကန်ပြည်ထောင်စုတွင် နိဒါန်းပျိုးခဲ့သည်။ ထိုခေတ်က အလုပ်သမားများမှာ နေထွက်မှနေဝင် တစ်နေ့လျှင် ၁၆ နာရီမှ နာရီ ၂၀ အထိ ပင်ပန်းကြီးစွာ အလုပ်ရုံ၊ စက်ရုံများတွင် အလုပ်ဆင်းကြရသည်။ မည်မျှပင်ပန်းကြီးစွာ လုပ်ကိုင်စေကာမူ သူတို့၏ ဘဝမှာ များစွာအောက်ကျ၍ လူစဉ်မမှီချေ။ သူတို့၏ နေရေး၊ ထိုင်ရေးနှင့် ကျန်းမာရေးမှာ များစွာ အဆင့်အတန်း နိမ့်ကျခဲ့သည်။

ဤကဲ့သို့ အလုပ်သမားတို့၏ ဘဝဆိုးကို မျက်ဝါးထင်ထင် ရင်ဆိုင်ရသော အလုပ်သမား ခေါင်းဆောင်များသည် အလုပ်သမားများ သက်သာချောင်ချိစေရန် အလုပ်ရှင်များထံ အရေးဆိုကြသည်။

၁၈၂၀ ပြည့်နှစ်မှ ၁၈၄၀ ပြည့်နှစ်လောက်အထိ အလုပ်သမားခေါင်းဆောင်များသည် တစ်နေ့လျှင် အလုပ်ချိန် ၁၀ နာရီသာ ကန့်သတ်ထားရန် တောင်းဆိုကြသည်။ သို့သော် အလုပ်ရှင်များက အလွယ်တကူ မလိုက်လျောခဲ့ပေ။ အလုပ်ချိန် လျှော့ပေါ့ရေးအတွက် တိုက်ပွဲဝင်သော အလုပ်သမားများ ဖမ်းဆီးနှိပ်ကွပ်ခြင်း ခံရလေသည်။ အလုပ်သမား အင်အားစုများကလည်း အလျော့မပေးဘဲ ဆက်လက်ကြိုးပမ်းကြသည်။ ထိုအချိန်မှစ၍ အလုပ်သမားတို့၏ တိုက်ပွဲသည် အင်္ဂလန်ဂျာမနီပြင်သစ်နှင့် ဩစတြေးလျတိုက်သို့ပင် ကူးစက်သွားသည်။

၁၈၈၄ ခုနှစ်တွင် အမေရိကန် အလုပ်သမားများအဖွဲ့ချုပ် ညီလာခံ၌ ၁၈၈၆ ခု မေလ ၁ ရက်နေ့မှစ၍ တစ်နေ့လျှင် ၈ နာရီသာ အလုပ်လုပ်ရန် ဆုံးဖြတ်လိုက်၏။ အလုပ်သမား အဖွဲ့ခွဲများသို့လည်း ထိုဆုံးဖြတ်ချက်အတိုင်း အောင်မြင်သည်အထိ တိုက်ပွဲဝင်ကြရန် ညွှန်ကြားချက်များ ပေးပို့လေသည်။ အလုပ်သမားပေါင်း များစွာတို့သည် ဤညွှန်ကြားချက်အတိုင်း ဆောင်ရွက်ကြရာ တစ်ဖက်မှ အစွမ်းကုန် ဖိနှိပ်ချုပ်ချယ်ခြင်းကို ခံရသည်။ အချို့မှာ အလုပ်မှ ထုတ်ပစ်ခြင်း ခံရသည်။ အချို့မှာ ထောင်ကျ၍ သေကြေပျက်စီးသူများလည်း မနည်းချေ။ နောက်ဆုံးတွင် အလုပ်သမားများ၏ အရေးမှာ အောင်မြင်သွားလေသည်။

၁၈၈၉ ခုနှစ် ပါရီမြို့၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ်တို့၏ ဒုတိယညီလာခံက မေလ ၁ ရက်နေ့ကို ကမ္ဘာ့အလုပ်သမားနေ့ဟု သတ်မှတ်ပေးလိုက်သည်။ အဆိုပါ ဆုံးဖြတ်ချက်အရ နှစ်စဉ် မေလ ၁ ရက်နေ့တိုင်းတွင် အလုပ်သမား ခေါင်းဆောင်အသီးသီးတို့က အလုပ်သမားအရေးများကို ဟောပြောခြင်း စသည့် အထိမ်းအမှတ်ပွဲများ ကျင်းပကြသည်။

ကမ္ဘာ့အလုပ်သမားနေ့တွင် အလုပ်သမားများ အားလုံးသည် လုပ်ခပြည့်နှင့် အားလပ်ခွင့်ရကြသည်။ ယခုအခါ ကမ္ဘာ့အလုပ်သမားနေ့ကို မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်းများစွာ၌ အများပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားလေသည်။