ကမ္ဘာ့ရုပ်ရှင်နေ့

ဝီကီပီးဒီးယား မှ

ရုပ်ရှင်ဆိုသော အရာတစ်ခုပေါ်ပေါက်လာစေရန်အောက်ပါအချက်များ လိုအပ်သည်။

  • လူ သို့မဟုတ် အရာဝတ္တုတစ်စုံတစ်ရာ၏ လှုပ်ရှားပုံကို အစီအစဉ်လိုက် မှတ်တမ်းတင်နိုင်သောစက် (ကင်မရာ)
  • အထက်ပါပုံများကို မှတ်သားနိုင်သောပစ္စည်း ( ဖလင်)
  • ထိုဖလင်ကို ပြန်မောင်းပြီး အရုပ်ထင်နိုင်သောစက် (ပြစက်)
  • ပြစက်မှ ထွက်ပေါ်လာသော အရုပ်များကို လက်ခံပေးပြီး ပရိသတ်ကို ပြသပေးနိုင်သော ပြကွင်း (ပိတ်ကား)

အဆိုပါ အချက်လေးချက်ဖြင့် ပြည့်စုံအောင် အမေရိကန်၊ ပြင်သစ်၊ဂျာမနီ၊ အင်္ဂလိပ်အစရှိသော နိုင်ငံသားများက ၁၉ ရာစုအတွင်း ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ကြသောကြောင့် ရုပ်ရှင် ဆိုသော အရာ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ရုပ်ရှင်နေ့ ဖြစ်ပေါ်လာပုံသမိုင်း[ပြင်ဆင်ရန်]

လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်အချိန်က ပြင်သစ်နိုင်ငံ၊ ပါရီမြို့၊ Bovlevard des Capucines, Hotel Scribe, Grand Cafe တွင် ရုပ်ရှင်ကားတိုလေးများ ပြသခဲ့သည့် အဖြစ်အပျက်ကို ရုပ်ရှင်စတင်ပြသသည့်နေအဖြစ် သတ်မှတ်ခဲ့ခြင်းဖြင့် ထိုနေ့သည် ကမ္ဘာ့ရုပ်ရှင် မွေးဖွားလာသည့်နေ့အဖြစ် ပေါ်ထွန်းလာခဲ့သည်။ ထိုရုပ်ရှင်ကို ပြင်သစ်လူမျိုး ညီအစ်ကိုနှစ်ဦးဖြစ်သော Lowis Lumiere and Auguste Lumiere တို့က Cinematographe စက်ဖြင့်စတင်ပြသခဲ့သည်။ Cinematographe ကိုအစွဲပြုကာ Cinema ဆိုသော စကားလုံး ပေါ်ထွက်လာခဲ့သည်။

၁၈၉၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ကို ကမ္ဘာ့ရုပ်ရှင်နေ့အဖြစ် သတ်မှတ်ခဲ့သော်လည်း ရုပ်ရှင်သဖွယ် လှုပ်ရှားမှုအရုပ်များ ပြသနိုင်ခဲ့သည်မှာ ၁၈၉၁ ခုနှစ်ကတည်းကပင် Kenitoscope စက်ဖြင့် ပြသနိုင်ခဲ့သည်။ ထိုစက်ကို ၁၈၉၃ ခုနှစ်တွင် သောမတ် အက်ဒီဆင်တီထွင်ခဲ့သည်။ ထိုစက်သည် တစ်ကြိမ်တွင် လူတစ်ဦးသာကြည့်ရှုနိုင်သည့် ကလေးကစားစရာပစ္စည်းသဖွယ်ဖြစ်နေသောကြောင့် ၁၈၉၃ ခုနှစ်ကို ရုပ်ရှင်နေ့ ဟုတ်မသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ထိုအတူ ဂျာမနီနိုင်ငံမှ ဂျာမန်လူမျိုးညီအစ်ကိုနှစ်ဦးဖြစ်သော Max Skladanowsky and Emil Skladanowsky တို့သည်လည်း Lumiere Brothers တို့ ထက် အချိန်ပိုစောစွာ ၁၈၉၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ပြသနိုင်သည်။ ပြစက်အမည်မှာ Bioscope ဖြစ်ပြီး မှန်ဘီလူးနှစ်လုံးတပ်ကာ ဖလင်နှစ်လိုင်းဖြင့် ရိုက်ကူးပြသရသောကြောင့် အရုပ်ထင်သည့်အခါ ကြားတွင် လစ်ဟာသွားလေ့ရှိသောကြောင့် သဘာဝလှုပ်ရှားမှုအတိုင်း ဖြစ်မလာ သောကြောင့် ကမ္ဘာ့ရုပ်ရှင်ဖခင်အဖြစ် ရောက်ရှိမလာခဲ့ကြပေ။

ထို့ကြောင့် ရုပ်ရှင်သမိုင်း သုတေသီအများစုနှင့် ရုပ်ရှင်ပညာသည်အများစုသည် ၁၈၉၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့ကို ရုပ်ရှင်မွေးနေ့အဖြစ်သတ်မှတ်ခဲ့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ကြေးမုံသတင်းစာ (၂၈၊၁၂၊၂၀၁၀)