အနာကြီးရောဂါ ကင်းဝေးရေးအထိမ်းအမှတ်နေ့

ဝီကီပီးဒီးယား မှ

အနာကြီးရောဂါ ဝေဒနာ တိုက်ဖျက်ရေး လှုတ်ရှားမှုများ အားကောင်းလာစေရန်၊ မြန်မာပြည်သားများ နားလည်သဘောပေါက်ပြီး ပူးပေါင်းပါဝင်စေရန်အတွက် နှစ်စဉ် ဖေဖော်ဝါရီလ (၆)ရက်နေ့ကို မြန်မာနိုင်ငံ၏ အနာကြီးရောဂါ ကင်းဝေးရေးအထိမ်းအမှတ်နေ့ ဟု အထိမ်းအမှတ်နေ့ တစ်နေ့အဖြစ်သတ်မှတ်ခဲ့သည်။ ကမ္ဘာတွင် အနာကြီးရောဂါ ကင်းဝေးရေးအထိမ်းအမှတ်နေ့ကို စက်တင်ဘာလ (၁၀)ရက်နေ့ကို သတ်မှတ်သည်။

အနာကြီးရောဂါသည် လက်ပရာဘက်ဆီးလပ်စ် ရောဂါပိုး ကူးစက်မှုကြောင့် ဖြစ်ပွားသည်။ ပူအိုက်စွတ်စိုသော အပူပိုင်းဒေသများတွင် ဖြစ်ပွားသည်။ အထူးသဖြင့် အာဖရိကတိုက်တွင် အဖြစ်များသော်လည်း ကမ္ဘာတစ်ဝန်းလုံးတွင် ဖြစ်ပွားလျက်ရှိသည်။ ကမ္ဘာပေါ်တွင် အနာကြီးရောဂါဖြစ်ပွားသော နိုင်ငံပေါင်း ၁၂၂-နိုင်ငံရှိပြီး ၁၁၇-နိုင်ငံသည် အနာကြီးရောဂါ ကင်းဝေးခဲ့ပြီ ဖြစ်သည်။ အနာကြီးရောဂါ မပပျောက်သေးသောနိုင်ငံများမှာ ဘရာဇီးကွန်ဂိုမိုဇမ်ဘစ်နီပေါနှင့် တန်ဇန်းနီးယား နိုင်ငံများဖြစ်သည်။

မြန်မာနိုင်ငံတွင် အနာကြီးရောဂါ တိုက်ဖျက်ရေးလုပ်ငန်းကို ၁၉၅၂-ခုနှစ်မှ စတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ကျေးရွာများအရောက် ကွင်းဆင်း၍ လူနာများရှာဖွေကာ Dapsone (ဒက်ပဆုံး)ဆေးများ တိုက်ကျွေးခဲ့သည်။ ကမာ္ဘကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက် MDT ကုထုံးကို ၁၉၈၆-ခုနှစ်မှ စတင်အသုံးပြုခဲ့သည်။ ၁၉၈၈-ခုနှစ်တွင် အနာကြီးရောဂါ အဖြစ်များသည့် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်းမကွေးတိုင်းပဲခူးတိုင်းရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းများတွင် တစ်ပြည်လုံး၏ ၈၅%သော လူနာများကို MDT ဆေးတိုက်ကျွေးနိုင်ခဲ့သည်။ ၁၉၈၈-ခုနှစ်မှ ၂၀၀၇-ခုနှစ်အထိ မြန်မာနိုင်ငံတွင် MDT ဆေးကျွေးကုသမှုဖြင့် ပျောက်ကင်းသူဦးရေ နှစ်သိန်းခုနှစ်သောင်းကျော်အထိ ရှိခဲ့သည်။ ၂၀၀၃-ခုနှစ်၊ ဇန်နဝါရီလကုန်တွင် မြန်မာတစ်နိုင်ငံလုံးတွင် အနာကြီးရောဂါ ကင်းဝေးသော အခြေအနေသို့ ရောက်ရှိခဲ့သည်။

၂၀၀၃-ခုနှစ်၊ ဖေဖော်ဝါရီလက ကျင်းပခဲ့သော တတိယအကြိမ် ကမာ္ဘလုံးဆိုင်ရာ အနာကြီးရောဂါ ကင်းဝေးရေး ညီလာခံ၌ ကမာ္ဘ့ကျန်းမာရေး အဖွဲ့ဝင်နိုင်ငံများနှင့် စေတနာရှင် နိုင်ငံတကာအဖွဲ့အစည်းများ၏ ရှေ့မှောက်တွင် မြန်မာနိုင်ငံသည် အနာကြီးရောဂါကင်းဝေးကြောင်း ကြေညာနိုင်ခဲ့ပေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးရဲဝေ(မြန်မာစာ)၏ အောင်ပွဲဝင် စာစီစာကုံးများ