ကမ္ဘာ့ကလေးများနေ့

ဝီကီပီးဒီးယား မှ


ကမ္ဘာ့ကလေးများနေ့[ပြင်ဆင်ရန်]

နောင်အနာဂတ်တွင် တိုင်းပြည်တာဝန် ထမ်းဆောင်ကြရမည့် ကလေးသူငယ်များအား အလေးထား ဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ကလေးများနေ့ကို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအသီးသီး၌ မိမိတို့အစီအစဉ်ဖြင့် သတ်မှတ်ကျင်းပခဲ့ကြသည်။ ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် နှစ်စဉ်အောက်တိုဘာလ၏ ပထမတနင်္လာနေ့ကို ကမ္ဘာ့ကလေးများနေ့အဖြစ် သတ်မှတ်ထားသော်လည်း တိုင်းပြည်အလိုက် သင့်တော်မည့်နေ့၌ ကျင်းပကြရန် ခွင့်ပြုခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့သို့[ပြင်ဆင်ရန်]

၁၉၅၆ ခုနှစ်အတွက် ကမ္ဘာ့ကလေးများနေ့ကို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့၌ကျင်းပရန် ယင်းနှစ်ဖေဖော်ဝါရီ လဆန်းပိုင်းကပင် ဆော်ဩခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့သို့ ပြောင်းလဲကျင်းပရန် ကလေးသူငယ် အကျိုးဆောင်အဖွဲ့ချုပ်နှင့် ပြည်ထောင်စုလူမှုဝန်ထမ်း ကောင်စီတို့က ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ (၁-၂-၁၉၅၆)ရက်စွဲပါ ဟံသာဝတီ သတင်းစာတွင် ယင်းသို့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့သို့ ပြောင်းလဲလိုက်ကြောင်း ပြည်သူလူထုအား အသိပေးကြေညာခဲ့သည်။

မေတ္တာရပ်ခံချက်[ပြင်ဆင်ရန်]

ကမ္ဘာ့ကလေးများနေ့တွင် ၁၆ နှစ်အောက် ကလေးသူငယ် ကျားမမရွေး၊ ဘာသာမရွေးတို့အား အခမ်းအနား ကျင်းပပေးခြင်းဖြင့် ၎င်းတို့၏အခွင့်အရေးကို အသိအမှတ်ပြုရန် တိုက်တွန်းကြောင်း သက်ဆိုင်ရာမှ ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ မိခင်နှင့်ကလေးများ အဖွဲ့ချုပ်၏ အဖွဲ့ဝင်များ အနေဖြင့်လည်း ကူညီဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံစာ တစ်စောင်ကို အဖွဲ့ချုပ်အတွင်းရေးမှူး လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့သည်။

ပထမဆုံး အခမ်းအနား[ပြင်ဆင်ရန်]

ပထမဆုံး ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ဖြစ်သော ၁၃ ဖေဖော်ဝါရီ ၁၉၅၆ နံနက် ၇ နာရီခွဲ အချိန်တွင် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ၌ ကျင်းပခဲ့သည်။ ယင်းအခမ်းအနားကို ကလေးသူငယ်များ အကျိုးဆောင်အဖွဲ့မှ ကြီးမှူးကျင်းပခဲ့ခြင်း ဖြစ်သည်။ ယင်းအခမ်းအနားသို့ ရန်ကုန်မြို့ပေါ်ရှိ ကလေးသူငယ်များနှင့် တိုင်းနှင့်ပြည်နယ် အသီးသီးမှ လူမျိုးအလိုက် ဝတ်စုံဝတ်ဆင်ထားသော သံရုံးများမှ ကလေးသူငယ်များ လာရောက်ခဲ့ကြသည်။

တက်ရောက်ကြသူများ[ပြင်ဆင်ရန်]

အခမ်းအနားသို့ လူမှုဝန်ထမ်းဝန်ကြီး ဦးဘစော၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်မှူးအောင်၊ ကလေးလူငယ် အကျိုးဆောင်အဖွဲ့ဥက္ကဋ္ဌ လူမျိုးစုလွှတ်တော်နာယက စဝ်ရွှေသိုက်၊ မြို့တော်ဝန်ဦးစိန်ဖေ၊ ဝန်ကြီးမန်းဘဆိုင်၊ မြူနီစီပယ်မင်းကြီး ဦးထွန်းအုံနှင့် လူမှုဝန်ထမ်းဌာန အကြီးအကဲများ၊ ကလေးသူငယ်အဖွဲ့ အကြီးအကဲများ စုံညီစွာ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားစတင်ခြင်း[ပြင်ဆင်ရန်]

ကမ္ဘာ့ကလေးများနေ့ အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် လူမှုဝန်ထမ်းကော်မတီ အတွင်းရေးမှူး ဦးဘခင်က ဆောင်ရွက်ခဲ့သည်။ နံနက် ၇ နာရီခွဲ အချိန်တွင် နာယကစဝ်ရွှေသိုက် ရောက်ရှိလာသောအခါ ရဲတပ်ဖွဲ့က ဘင်ခရာတီးဝိုင်းဖြင့် စတင်တီးမှုတ် ဖျော်ဖြေပါသည်။ ထို့နောက် ကင်းထောက်လုလင်နှင့် ကင်းထောက်အမျိုးသမီးလေးများ ပါဝင်သော ကိုယ်ရံတော်တပ်ကို စစ်ဆေးပါသည်။ ပြီးစီးသောအခါ အခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် ဖွင့်လှစ်လိုက်သည်။ ယင်းနောက် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများအား နှစ်မိနစ်ငြိမ်ကာ အလေးပြုကြသည်။

နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာ[ပြင်ဆင်ရန်]

နိုင်ငံတော်သမ္မတကြီး ဒေါက်တာဘဦး၏ သဝဏ်လွှာကို ကလေးသူငယ်များ အကျိုးဆောင်အဖွဲ့၏ အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဝန်ကြီးမန်းဘဆိုင်က ဖတ်ကြားခဲ့သည်။ ။

သဘာပတိမိန့်ခွန်း[ပြင်ဆင်ရန်]

သဘာပတိ စဝ်ရွှေသိုက်က မိန့်ခွန်းပြောကြားရာတွင် ယနေ့ဤနေရာတွင် ကမ္ဘာ့ကလေးများနေ့ကို ကျင်းပပေးနိုင်သဖြင့် နိုင်ငံတော်အတွက် များစွာဝမ်းမြောက်ပါကြောင်း၊ ယနေ့လူကြီးများ ကြိုးပမ်းအားထုတ်နေသည့် လုပ်ငန်းရပ်ကို တစ်ဆင့်ပြောင်းကာ ထမ်းဆောင်စေမည့် ကလေးသူငယ်များအား ချစ်မြတ်နိုးမှု၊ ယုယပြုစုမှုတို့၌လည်း လူမျိုးအသီးသီး၊ ဘာသာအယူဝါဒ အသီးသီးတို့သည် တူညီသောစေတနာ ထားကြရမည်ဖြစ်ကြောင်း၊ မိဘကသားသမီး၊ ဆရာကတပည့်များကို ချစ်မြတ်နိုးကြကြောင်း၊ ပြည်ထောင်စုတာဝန်နှင့် ကမ္ဘာ့တာဝန်တစ်ရပ်အဖြစ် ကလေးများအား လူမျိုးဘာသာမခွဲခြားဘဲ ပြုစုစောင့်ရှောက်ကြရမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

မြို့တော်ဝန်ဦးစိန်ဖေ၏ အမှာစကား[ပြင်ဆင်ရန်]

ကမ္ဘာ့ကလေးများနေ့ အခမ်းအနားသို့ လူမျိုးစုလွှတ်တော်နာယက စဝ်ရွှေသိုက်အပြင် ရန်ကုန်မြို့တော်ဝန် ဦးစိန်ဖေလည်း တက်ရောက်အမှာစကား ပြောကြားခဲ့သည်မှာ ထူးခြားလှပါသည်။

အခွင့်အရေး ကြေညာစာတမ်း[ပြင်ဆင်ရန်]

ကမ္ဘာ့ကလေးများနေ့ အခမ်းအနားတွင် ကမ္ဘာ့ကုလသမဂ္ဂမှ ထုတ်ပြန်သော ကလေးများ၏ အခွင့်အရေး ကြေညာစာတမ်းကိုလည်း ဖတ်ကြားခဲ့သည်။ ယင်းကြေညာစာတမ်း ဖတ်ကြားခဲ့သူမှာ ရန်ကုန်မြို့ မြူနီစီပယ် ဉာဏဗလကျောင်းမှ စတုတ္ထတန်းကျောင်းသား မောင်ဗေဒါဖြစ်သည်။

ဆုတံဆိပ်ချီးမြှင့်ရေး အစီအစဉ်[ပြင်ဆင်ရန်]

ယင်းနောက် အခမ်းအနားမှူး ဦးဘခင်က ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ် တံဆိပ်ပေးအပ်ရန် အစီအစဉ်ကို ကြေညာပါသည်။ လာမည့် ၁၉၅၇ ခုနှစ်တွင် အသက် ၁၆ နှစ်အောက် ကလေးသူငယ်များအား ပညာကြိုးစားမှု၊ အကျင့်စာရိတ္တကောင်းမွန်မှု၊ ပရဟိတလုပ်ငန်း စိတ်ဓာတ်ရှိမှု အစရှိသော အချက်အလက်များအပေါ် အခြေခံ၍ ပညာရေးဝန်ကြီးဌာန၏ အကူအညီဖြင့် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း ဖြစ်သည်။ ဆုတံဆိပ်မှာ ရွှေတံဆိပ်ဆုဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် ပေးအပ်မည်ဖြစ်သည်။

စာပေပြိုင်ပွဲဆု[ပြင်ဆင်ရန်]

အစီအစဉ်များကို ဆက်လက်ကျင်းပရာတွင် ပြန်ကြားရေးဌာန ကလေးရိပ်သာ၌ ကျင်းပခဲ့သော စာပေပြိုင်ပွဲမှ ဆုရရှိသောကလေးများကို ဆုချီးမြှင့်ပါသည်။ စာပေပြိုင်ပွဲတွင် ကလေးသူငယ်များအား စာစီစာကုံးရေးသားသီကုံးစေခဲ့ပြီး ပြိုင်ပွဲဝင်စာများထဲမှ အကောင်းဆုံး စာစီစာကုံးများကို ဆုအဖြစ် သတ်မှတ်ချီးမြှင့်ပါသည်။ စာပေပြိုင်ပွဲဆုရရှိသူ ကလေးများကို ဆုချီးမြှင့်ပေးခဲ့သည်။

ပျော်ပွဲရွှင်ပွဲများ[ပြင်ဆင်ရန်]

ကမ္ဘာ့ကလေးများနေ့ အခမ်းအနားတွင် ပျော်ပွဲရွှင်ပွဲများကိုလည်း ထည့်သွင်းကျင်းပခဲ့ကြသည်။ စိန်ပေါကျောင်း (ယခုဗိုလ်တထောင် အထက-၆) ဘင်ခရာအဖွဲ့က ဘင်ခရာဖြင့် တီးမှုတ်ဖျော်ဖြေသည်။ ထို့နောက်နိုင်ငံပေါင်းစုံ အမျိုးသားဝတ်စုံ ဆင်မြန်းထားကြသည့် ကလေးသူငယ်များက ကပြဖျော်ဖြေကြသည်။ ညနေပိုင်းတွင် ပျော်ပွဲရွှင်ပွဲများအဖြစ် မျက်လှည့်ပွဲ၊ အငြိမ့်၊ တီးဝိုင်းများဖြင့် ဖျော်ဖြေခဲ့ကြသည်။

ကမ္ဘာ့ကလေးများနေ့[ပြင်ဆင်ရန်]

ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကို လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းကာလတွင် မြန်မာနိုင်ငံ၌ စတင်ကျင်းပခဲ့ရာ၌ နိုင်ငံအများစုက ကမ္ဘာ့ကုလသမဂ္ဂမှ ထုတ်ပြန်သည့်အတိုင်း နှစ်စဉ်အောက်တိုဘာလ ပထမ တနင်္လာနေ့တွင် ကျင်းပကြသည်။ မြန်မာနိုင်ငံတွင် ၁၉၅၅ ခုနှစ် ကျင်းပစဉ်ကလည်း ထိုသို့ပင်ကျင်းပခဲ့သည်။ သို့သော် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး အနေဖြင့် နိုင်ငံအလိုက် သင့်တော်ရာနေ့တွင် ကျင်းပကြရန် ခွင့်ပြုခဲ့ရာ မြန်မာနိုင်ငံက ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ကမ္ဘာ့ကလေးများနေ့အဖြစ် သတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်။

==လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းအား လေးစားဂုဏ်ပြုသောအားဖြင့် လည်းကောင်း၊ အနာဂတ်၏ မျိုးဆက်သစ်လူငယ်ကလေးများအား အသိအမှတ်ပြုသောအားဖြင့် လည်းကောင်း ကမ္ဘာ့ကလေးများနေ့ အခမ်းအနားများအား ပါလီမန်ခေတ်ကကဲ့သို့ စည်ကားစွာ ပြန်လည်ကျင်းပသင့်ကြပြီ ဖြစ်သည်။ [၁]

ရည်ညွှန်း[ပြင်ဆင်ရန်]

  1. ဟံသာဝတီသတင်းစာ(၁၄-၂-၁၉၅၆)