ဝါခေါင်
နံကာလ (ဝါခေါင်လ) [ပြင်ဆင်ရန်]
ဝါခေါင်သည် မြန်မာပြက္ခဒိန်၏ ပဉ္စမမြောက် ဖြစ်သည်။ ဝါခေါင်လတွင် ၂၉ ရက်ရှိသည်။ ရက်မစုံသောလဖြစ်သည်။ ကျောက်စာတို့၌ ဝါခေါင်လအရေးအသားကိုတွေ့ရန် ခဲယဉ်း သည်။ ထို့ကြောင့် ဝါခေါင်လကို ယခုခေတ်သုံးစကားနှင့်ပင် ကြံဆ၍ ရနိုင်သည်။ ခေါင် ဟူသောဝေါဟာရသည် အထက်၊ အလယ်၊ ဗဟို၊ အတွင်း ဟူ၍ အဓိပ္ပာယ်ကောက်ယူနိုင်သည်။ ဝါခေါင်လသည် ဝါလယ်လပင်ဖြစ်သည်။လှေသင်းအတွင်းဝန်မင်းကမူ ခေါင် ကို မိုးခေါင်းသည် ဟူသောအနက်ကဲ့သို့ကောက်၍ ဝါခေါင်ဆိုသည်မှာ ဝါမဆို၊ ဝါမကပ်ဟူသောသဘောသို့သက်ရောက်သည်။ စင်စစ် ဝါခေါင်လပြည့်ကျော် တစ်ရက်နေနေ့၌ ရဟန်းတော်တို့သည် ပစ္ဆိပဝါကို ကပ်နိုင်သည်။ဝါခေါင်လကိုကျောက်စာ၌ နံကာဟုအရေးများသည်။ နံ ဟူသောပှဒ်အတိုင်းပင် အချိန်ကာလကိုပြသည်။ကာ ကိုကြံဆသောအခါ လယ်လုပ်ငန်းဟူ၍ပြဆိုသည်။ တို့ကြောင့် နံကာကား လယ်လုပ်ချိန် လယ်ထွန်ချိန်နှင့်ဆိုင်သောလဟု အဓိပ္ပယ်ရသည်။ ဝေါဟာရလိနတ္ထဒီပနီ၌ကား နံကာသည် နိက္ခမနိယဟူသော ပါဠိမှ လာသည်ဟုဆိုသည်။ အဓိပ္ပယ်မှာ နေသည် အတွင်းခရီးမှ အပြင်ခရီးသို့ ထွက်ခြင်းသည်။ မျက်မှောက်ခေတ်တွင် ဤကြံဆပုံ ကြံဆနည်းကို အတွေးခေါင်သည်ဟုဆိုကြလိမ့်မည်။
နံကာ (ဝါခေါင်) လမှာ ဇူလိုင်- ဩဂုတ်အတွင်းတွင် ကျရောက်ပါသည်။ 'နံ' မှာ 'အချိန်ကာလ အပိုင်းအခြား' ကို ဖော်ပြပြီး 'ကာ' က 'အလုပ်တာဝန်' ကို ရည်ညွှန်းသည်ဟု ထင်မြင်ယူဆကြပါသည်။ ထို့ကြောင့်နံနှင့်ကာကို ပေါင်းလိုက်သောအခါ လယ်သမားများအလုပ်ရှုပ်ကြသည့် အချိန်ဟုဆိုလိုကြောင်းထင်ရှားပေသည်။ ကောက်စိုက်သောအခါ အပင်ငယ်များဖြစ်ထွန်းအောင် အထူး ကြပ်မက်ဂရုစိုက်ရပြီး ရေကို လိုသလောက် သွင်းပေးရသကဲ့သို့ အပင်ငယ်များရေမမွန်းစေရန်အတွက် ရေပိုမရှိအောင် ချိန်ရသည်မှာလည်း မလွယ်ကူပေ။ အခုအခါတွင် ဝါခေါင်လဟု ခေါ်ဝေါ်နေကြခြင်းမှာ ဝါတွင်း သုံးလ၏အလယ် ဖြစ်သောကြောင့် ဖြစ်ပါသည်။ အထိမ်းအမှတ်ပန်းက ခတ္တာပန်း (Crinumamoenum) ဖြစ်သည်။
ဝါခေါင်လသည် မြန်မာလ တစ်ဆယ့်နှစ်လတွင် ပဉ္စမလဖြစ်၏။ မိုးဥတုတွင် ပါဝင်သည်။ ဝါခေါင်လကို ရှေးအခါက 'နံကာလ' ဟုလည်း ခေါ်ကြ၏။ ပုဂံခေတ် ကျောက်စာများတွင် ဝါခေါင်ဟူ ၍လည်းကောင်း၊ နံကာလဟူ၍လည်းကောင်း အရေးအသားနှစ်မျိုးလုံးကို တွေ့ရ၏။ နံကာလအကြောင်းကို ဝေါဟာရလိနတ္ထ ဒီပနီကျမ်း၌- ထိုနံကာလ သဘောအဓိပ္ပာယ်ကို ကြံသော် အဘိဓာန်ကျမ်းတွင် သာဝဏော၊ နံကာလ၊ နိက္ခမနီယော၊ နံကာလဟူ၍ ပရိယာယ် နှစ်ပုဒ်ပြ သည်။ အဘိဓာတ် ဋီကာတွင် အန္တော ဝီထိတော ဗဟိနိက္ခမတိ သူရိယော ဧတ္ထောတိ နိက္ခမနီယော၊ အဓိကရဏေ အနီယောဟူ၍ဖွင့်သည်။ အနက် ကား ဧတ္ထ၊ ဤကာလ၌။ သူရိယော၊ နေသည်။ အန္တော ဝီထိတော၊ အတွင်း ခရီးမှ။ ဗဟိဝီထိ၊ ပြင်ခရီးသို့။ နိက္ခမတိ၊ ထွက်တတ်၏။ ဣတိတသ္မာ၊ ထို့ကြောင့် နိက္ခမနီယော၊ နိက္ခမ နီယမည်၏။ အဓိကရဏေ၊ အဓိကရဏ သာဓန၌၊ အနီယော၊ အနီယပစ္စည်းတည်း ဟူ၍ဆိုသည်။ နိက္ခမနီယ သဒ္ဒါ ရွ့လျော၍ မြန်မာဘာသာ နံကာလဝေါဟာရဖြစ်သည် ယူရန်ရှိ၏ ဟူ၍ ဖော်ပြထားလေသည်။ နံကာလ၏ အနက်အဓိပ္ပာယ်ကို လယ်လုပ်ချိန်၊ ထွန် ထယ်ချိန်၊ စိုက်ပျိုးချိန်၊ လယ်လုပ်ချိန်လ၊ ထွန်ထယ်ချိန်လ၊ စိုက်ပျိုးချိန်လ ဟူ၍ ယူဆသည်လည်းရှိ၏။ ဗေဒင်အခေါ်အားဖြင့် ဝါခေါင်လကို သိဟ် ရာသီဟုခေါ်၏။ ထိုရာသီတွင် သရဝဏ်နက္ခတ်နှင့် လမင်းတို့ယှဉ်ပြိုင်ကာ မွန်းတည့်၏။ ဖုသျှနက္ခတ်နှင့် နေမင်း ယှဉ်ပြိုင်လေသည်။ ရာသီရုပ်မှာ ခြသေ‡့ရုပ်ဖြစ်၏။ ရာသီပန်းမှာ ခတ္တာပန်းတည်း။
ဝါခေါင်လတွင် ရှေးမြန်မာမင်းများ ရှိစဉ်အခါက ရာသီပွဲတော် အဖြစ် စာရေးတံပွဲသဘင်ကို ဆင်ယင် ကျင်းပလေ့ရှိသည်။ ဤကိုရည် ဦးယာ၏ ဆယ့်နှစ်ရာသီဘွဲ့ လူးတား ဝါခေါင်လဘွဲ့၌ - ရုတု ဝါခေါင်၊ တိမ်တောင်ပတ်ယှက်၊ သည်ရက်အခါ၊ မြတ်စွာ ထွတ်ထား၊ ရွှေစကားတွင်၊ ပွဲများခြိမ့်ခံ၊ စာရေးတံဟု၊ စီမံခင်းကျင်း၊ မင်းသားတသီး၊ မင်းသမီးနှင့်၊ မှူးကြီးမတ်ရာ၊ မြတ်သဃ‡ာတို့၊ ရတနာထွေ ပြား၊ အပါးပါးနှင့်၊ သကြား ကြံချို၊ ဆိမ့်ယိုအုန်းသီး၊ ပျောသီးရွှေရောင်၊ မြဒေါင်းပေါင်တွင်၊ အသာတင်၍၊ သဘင်ခံပွဲ၊ ညံမစဲသား၊ ပုလဲရွှေမြင်၊ ငါးအင် ကလျာ၊ မိုးသူဇာသို့၊ ဖလ်ပြာတကောင်း၊ ရှိစုံပေါင်း၍၊ ဝပ်ညောင်း ပန်ကြား၊ လျှောက်ဆိုထားသည် ဟူ၍ စပ်ဆိုထား၏။ ထို့ပြင် ဝါခေါင်လသည် တောင်ပြုံးညီနောင် နတ်ပွဲများ ကျင်းပသောလဖြစ်သည်။ ထိုနတ်ပွဲအတွက် လှေပွဲများလည်း ပြုလုပ်သည်ဟုဆိုလေသည်။ ဤကို ရည်၍ ဦးအောင်ကြီး၏ အင်းဝမြို့ဘွဲ့ ဆယ့်နှစ်ရာသီလူးတား ဝါခေါင်လ ဘွဲ့၌- ဝါခေါင်လကား၊ ကျောင်းမှမကွာ၊ ထေရ်သံဃာတို့၊ သဒ္ဓါရွှင် လန်း၊ ဆွှမ်းပန်းကျွေးဟန်၊ စာရေးတံနှင့် ကောင်းမွန်စီရင်၊ သဘင်ဒါန၊ လှူဒါန်းကြလျက်၊ ရှေးကထိမ်းမှတ်၊ ညီနောင်နတ်ကို၊ ရည်ညွတ်သောင်သဲ၊ တက်စမြဲနှင့်၊ လှေပွဲများစွာ၊ မြစ်ဧရာဝယ်၊ ကြော်ငြာသံကျူး၊ ပြိုင်ကြမြူး သည် ဟူ၍ စပ်ဆိုထားလေသည်။
ဝါခေါင်လတွင် နံနက် စက်နာရီ ၅ နာရီ မိနစ် ၄ဝ ၌ နေ ထွက်၍ ညနေ စက်နာရီ ၆ နာရီ ၂၉ မိနစ်တွင် နေဝင်သည်။ မြန်မာ နာရီအားဖြင့်နေ့ ၃၄ နာရီ၊ ညဉ့် ၂၆ နာရီရှိသည်။ ဤကို ရည်၍ ဦးယာက- တောင်လေသွဲ့၍၊ ရွာတဲ့မလို၊ ငွေသဲပျိုက၊ ရေညိုနဒီ၊ လှိုင်းလုံး ချီ၍၊ ရာသီထိန၊ သည်မသတွင်၊ ဇယတြိ၊ နေ့ရှိနာရီ၊ မမှီညဉ့်ရောက်၊ နှစ်ဆယ့်ခြောက်တည်း ဟူ၍ စပ်ဆိုခဲ့၏။
ဝါခေါင်လမှာ ရက်မစုံ ကွယ်သောလဖြစ်သောကြောင့် ရက်ပေါင်း ၂၉ ရက်ရှိသည်။ ဝါခေါင်လတွင် ကြာသပတေးနှင့် စနေမှာ ပြဿဒါးနေ့ များဖြစ်၍ ဗုဒ္ဓဟူးနှင့် သောကြာမှာ ရက်ရာဇာများဖြစ်ကြသည်။ [၁]
ကိုးကား [ပြင်ဆင်ရန်]
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
|
|||||