ရတနာ့ဂူ နတ်ပွဲ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ရတနာ့ဂူ နတ်နန်း

ရတနာ့ဂူပွဲသည် တောင်ပြုန်းပွဲတော်ကြီး အပြီး နှစ်စဉ် ကျင်းပသော မန္တလေးဝန်းကျင်၏ အထင်ကရပွဲတော် တစ်ခုဖြစ်သည်။

ရတနာ့ဂူ မြတ်စွာဘုရားပွဲတော်နှင့် မယ်တော်နတ်ပွဲကို ဝါခေါင်လပြည့်ကျော် ၈ ရက်(စက်တင်ဘာလ ၂ ရက်)နေ့မှ ဝါခေါင်လကွယ်နေ့(စက်တင်ဘာ လ ၈ ရက်)နေ့အထိ ကျင်းပလျက်ရှိရာ မန္တလေးအမရပူရတံတားဦးစစ်ကိုင်းမုံရွာ စသော အနီးဝန်းကျင်မှ ဘုရားပွဲလာ နတ်ပွဲလာသူများဖြင့် စည်ကားစွာ ကျင်းပလျက်ရှိသည်။

မယ်တော်နတ်ပွဲကို ဝါခေါင်လပြည့်ကျော် ၈ ရက်နေ့မှ စတင်လေ့ရှိသော်လည်း ဝါခေါင်လပြည့်ကျော် ၇ ရက်နေ့မှစ၍ နတ်ညီလာခံများ၊ တက်ပွဲများ စတင်ကျင်းပပြီး လပြည့်ကျော် ၁၀ ရက်နေ့တွင် ချိုးရေတော် သုံးပွဲတော်၊ လကွယ်နေ့တွင် ထိန် ခုတ်ပွဲ၊ မယ်တော်ပို့ပွဲများ ကျင်းပပြုလုပ်ပြီး သံဃာတော်များကို စာရေးတံမဲနှင့် ဆွမ်းကြီးလောင်းလှူကာ ပွဲတော်ပိတ်သိမ်းသည် ဟု သိရသည်။

အမရပူရမြို့၊ ငယ်တိုးကျေးရွာတွင် ကျင်းပသော အဆိုပါ ပွဲတော်သို့ မန္တလေးမှ အများဆုံး သွားလာကြလျက် ရှိကာ အမှတ် ၈ ဘတ်စကားလိုင်း၊ စစ်ကိုင်း-မန္တလေး ကားလိုင်းများ အပြင် မော်တော်ဆိုင်ကယ်များဖြင့် လည်း အများဆုံး သွားရောက်ကြကြောင်း တွေ့ရှိရသည်။ ရှေးယခင်က ရတနာ့ဂူပွဲတော်သို့ မန္တလေးမှ နွားလှည်းများဖြင့် မြို့လုံးကျွတ်နီးပါး သွားရောက်ကြပြီး တောင်သမန်အင်းစောင်း မယ်ဇယ်ပင်တန်းတွင် လှည်းဝိုင်းကြီးများ စခန်းချ ရပ်နားပြီး ချက်ပြုတ်စားသောက်၊ ဝိုင်းဖွဲ့ဆိုတီး ကခုန်ကာ တောင်သမန်အင်း၊ ငယ်တိုးချောင်းများမှ တစ်ဆင့် ငှက်သမ္ဗန်များဖြင့် နတ်နန်းများသို့ တစ်ပျော်တစ်ပါး သွားရောက်လေ့ရှိသည်။

သမိုင်း[ပြင်​ဆင်​ရန်​]

ရတနာ့ဂူပွဲတော်တွင် အဓိက ဖြစ်သော ရတနာ့ဂူ စေတီတော်ကို သက္ကရာဇ် ၇၄၂ ခု အင်း၀ဘုရင် မင်းကြီးစွာစော်ကဲ တည်ထားခဲ့ပြီး ဘုရားပွဲတော် ကျင်းပခဲ့သည်မှာ နှစ်ပေါင်း ၆၃၀ ခန့် ရှိခဲ့ပြီး နတ်ပွဲကိုမူ မြန်မာသက္ကရာဇ် ၁၂၈၅ ခုနှစ်၊ ဘကြီးတော် မင်းလက်ထက် အမရပူရမြို့ မီးကြီးလောင်စဉ် ပြည်သူအများ စိတ်နှလုံး မသာယာသောကြောင့် သောကပြေပျောက်စေရန် နန်းမတော်မယ်နုနှင့် မောင်တော် စလင်းစားမောင်အိုတို့ ဦးစီးပြီး ရွှေဖျင်းညီနောင် တောင်ပြုန်းမင်းနှစ်ပါး ပွဲပြီးချိန် ပုပ္ပါးမယ်တော်ကြိုပွဲ၊ ရတနာ့ဂူဘုရား ပွဲများအဖြစ် တည်ထွင်ပြီး နတ်ပွဲများ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း လေ့လာ သိရှိရသည်။

ရှေးအစဉ်အဆက်လှည်းများ၊ လှေများနှင့် ကျင်းပခဲ့သည့် ရတနာ့ဂူ ပွဲတော်တွင် ပွဲတော် အမှတ်အသားပမာ ယခုထက်တိုင် ကျန်ရစ်ဆဲ လက္ခဏာများမှာ ငှက်သမ္ဗန်၊ နတ်ဆိုင်း၊ အုန်းပွဲငှက်ပျောပွဲ၊ ကရေကရာမုန့်၊ မုန့်ခေါင်းအုံး၊ ရှောက်ပန်းသီးနှင့် ကျောက်ပန်းခွေများမှာမူ အထင်အရှား ရှိနေသေးကြောင်း ဒေသခံများက ပြောသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. http://news-eleven.com/index.php?option=com_content&view=article&id=4654:2010-09-05-06-33-39&catid=44:2009-11-10-07-31-38&Itemid=113