မာတိကာသို့ ခုန်သွားရန်

တက်စမေးနီးယားကျွန်း

ဝီကီပီးဒီးယား မှ

ဩစတြေးလျတိုက် ဓနသဟာယ ပြည်‌ထောင်စုတွင် ပါဝင်‌သော တက်စ‌မေးနီးယားကျွန်းသည် အကျယ်အဝန်းအားဖြင့် အငယ်ဆုံးဖြစ်‌သော်လည်း အလွန်သာယာလှ‌သော‌ကြောင့် ဩစတြေးလျတိုက်၏ ဥယျာဉ်ဟု တွင်‌လေသည်။ တက်စ‌မေးနီးယားကျွန်းရှိ ရှု‌မျှော်ခင်းတို့သည် ကြည့်၍ ရှုမငြီးဖွယ်ရာ တင့်တယ်သာယာ လှ‌သော‌ကြောင့် ဩစတြေးလျတိုက်သူ တိုက်သားများသည် ထိုကျွန်းကို အပန်း‌ဖြေ‌ဒေသကဲ့သို့ အသုံးပြုကြသည်။

တက်စ‌မေးနီးယားကျွန်းသည် တစ်ခါက ဩစတြေးလျ ကုန်းမကြီး၏ အ‌ရှေ့‌တောင်ဘက်စွန်း ကုန်း‌မြေဖြစ်ခဲ့‌သော်လည်း ‌နှောင်းအခါတွင် ပင်လယ်‌ရေလွှမ်းမိုးခြင်း‌ကြောင့် ဩစ‌တြေးလျတိုက်နှင့် အဆက် ပြတ်ခဲ့၇‌သော ကျွန်းတစ်ကျွန်း ဖြစ်ခဲ့သည်ဟု ဆို‌လေသည်။ ယခုအခါ ဗတ်စ‌ရေလက်ကြားသည် တက်စ‌မေးနီးယားကျွန်းကို ဩစတြေးလျပြည်မကြီးမှ ခြားထား‌လေသည်။ ထိုကျွန်းသည် ‌တောင်‌မြောက် မိုင် ၁၈၀ ကျယ်၍၊ အ‌ရှေ့အ‌နောက် မိုင် ၁၉၀ ခန့်ကျယ်သည်။ တက်စ‌မေးနီးယားကျွန်း အ‌ရှေ့ဘက်ရှိ‌တောင်တန်းများသည် ဩစတြေးလျတိုက်မှ ဂရိတ်ဒီဗိုက်ဒင်း ‌တောင်တန်း၏အဆက်များဖြစ်ကြ၏။ ကမ်းရိုးတန်းမှာ အလွန်‌ကွေ့‌ကောက်၍ အငူများ၊ ပင်လယ်‌အော်က‌လေးများ များစွာရှိ‌လေသည်။

တက်စ‌မေးနီးယားကျွန်း၌ ရာသီဥတုသည် မျှတ၍ ကျန်းမာ‌ရေးနှင့် ညီညွတ်သင့်‌လျော်၏။ သို့‌သော် မကြာခဏ ရာသီဥတု ဖြုန်းစား ‌ဖောက်ပြန်‌ပြောင်းလဲတတ်သည်။ မိုး‌ကောင်း၍ မြေဩဇာလည်း ‌ကောင်းမွန်‌သော‌ကြောင့် စိုက်ပျိုး‌ရေးသည် အဓိက လုပ်ငန်းတစ်ရပ်ဖြစ်၏။ ဂျုံမှာ အဓိကစိုက်ပျိုးသည့် ‌ကောက်သီး ‌ကောက်နှံဖြစ်၍ သစ်သီး(အထူးသဖြင့် ပန်းသီး)တို့ကိုလည်း စိုက်ပျိုးကြသည်။ ထို့ပြင် အာလူး၊ မြင်းစား ဂျုံနှင့် ဟင်းသီးဟင်းရွက်တို့ကိုလည်း စိုက်ပျိုး၏။ နို့စားနွားမ ‌မွေးမြူ‌ရေးလုပ်ငန်းမှာ အ‌ရေးပါ‌သောလုပ်ငန်းတစ်ရပ်ဖြစ်သည်။ သိုးကိုလည်း ‌မွေးမြူကြသည်။

ပထဝီဝင်

[ပြင်ဆင်ရန်]

ထိုကျွန်း၏ ‌တောင်‌စောင်းများတွင် ယူကလစ်တပ်ပင်များ ထူထပ်စွာ‌ပေါက်၏။ တက်စ‌မေးနီးယားကျွန်းရှိ ‌တောင်များမှ အဖိုးတန်သတ္တုများဖြစ်‌သော ‌ငွေ၊ ‌ကျောက်မီး‌သွေး၊ သွပ်စသည် တို့ကိုလည်း တူး‌ဖော်ရရှိ‌လေသည်။ သံကို အ‌တော်အတန် တူး‌ဖော်၇ရှိနိုင်မည်ဖြစ်‌သော်လည်း၊ ‌သေချာကျနစွာ တူး‌ဖော်လုပ်ကိုင်ခြင်း မရှိ‌သေး‌ချေ။ ဩစတြေးလျတိုက်တွင် တက်စ‌မေးနီးယားကျွန်းသည် ‌ကြေးနီအထွက်ဆုံး ပြည်နယ်တစ်ခုဖြစ်၏။ သတ္တုတူး‌ဖော်ခြင်းလုပ်ငန်းမှာ တက်စ‌မေးနီးယားကျွန်း၏ အ‌ရေးအပါဆုံး‌သော လုပ်ငန်းတစ်ရပ် ဖြစ်‌လေသည်။ စက်မှု လက်မှုလုပ်ငန်းများလည်း အ‌တော်အတန် ထွန်းကား‌လေရာ ယင်းတို့မှာ သစ်သီးစည်သွတ် လုပ်ငန်း၊ သိုး‌မွေးလုပ်ငန်း၊ ‌ထောပတ် ဒိန်ခဲစသည့် နို့ထွက်ပစ္စည်းလုပ်ငန်း၊ သတ္တုလုပ်ငန်း စသည်တို့ဖြစ်၏။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းက သစ်‌ပျော့ဖတ်လုပ်ငန်းနှင့် စက္ကူလုပ်ငန်းတို့ အ‌တော်ပင် တိုးတက်ထွန်း ကားခဲ့‌လေသည်။

တက်စ‌မေးနီးယားကျွန်းသည် စတုရန်းမိုင် ၂၆၀၀၀ ခန့် ကျယ်၍ လူဦး‌ရေမှာ ၃၀၀၀၀၀ ‌ကျော်မျှရှိသည်။ ကျွန်းသူ ကျွန်းသား ၈ ရာခိုင်နှုန်းခန့်သည် ဗြိတိသျှအဆက်အနွယ်နှင့် ဥ‌ရောပ အဆက်အနွယ်များဖြစ်ကြ၍ ကျန်လူဦး‌ရေမှာ တိုင်းရင်းသားများဖြစ်၏။ လူအများဆုံး ‌နေထိုင်‌သော‌ဒေသမှာ ထိုကျွန်း၏မြို့‌တော်ဖြစ်‌သော ဟိုဗတ်မြို့အနီးအနားတစ်ဝိုက် ဖြစ်‌လေ သည်။ ထိုကျွန်း၏ တိုင်းဦးသားများမှာ ၁၉ ရာစုကလာ‌ရောက်အ‌ခြေစိုက်‌နေထိုင်သူများ၏ လက်ချက်‌ကြောင့် အမျိုးပါကွယ် ‌ပျောက်ခဲ့ရလေသည်။

ထိုကျွန်းရှိ သစ်ပင်များနှင့် တိရစ္ဆာန်များသည် အများအားဖြင့် ဩစတြေးလျတိုက်ဘက်မှ သစ်ပင်များ၊ တိရစ္ဆာန်များ နှင့် တူ‌လေသည်။ သို့‌သော် သား‌ကောင်နှစ်မျိုးကိုမူကား၊ ဩစတြေးလျတိုက်ဘက်တွင်၎င်း၊ ကမ္ဘာ‌ပေါ်ရှိ အခြားအရပ်‌ဒေသများတွင်၎င်းမ‌တွေ့ရှိကြ၇‌ချေ။ ထိုထူးခြား‌သော သား‌ကောင်နှစ်မျိုးအနက်တစ်မျိုးမှာ ဝံပု‌လွေနှင့်တူ‌သော သားပိုက် ‌ကောင်ဖြစ်၍ အခြားတစ်မျိုးမှာ ဝက်ဝံငယ်နှင့်တူ‌သော သားပိုက်‌ကောင် ဖြစ်‌လေသည်။

ပညာရေးနှင့် အုပ်ချုပ်ရေး

[ပြင်ဆင်ရန်]

တက်စ‌မေးနီးယားတွင် အခမဲ့ပညာသင်ကြား‌ရေးစံနစ်ကို ပြဋ္ဌာန်းထားသည့်ပြင် က‌လေးသူငယ်တိုင်း ၆ နှစ်မှ ၁၆ နှစ် အရွယ်အထိ ဥပ‌ဒေအ၇‌ကျောင်းများတွင် တက်‌ရောက်၍ မသင်မ‌နေရပညာကို သင်ကြားကြရသည်။ အစိုးရတက္ကသိုလ်မှာ ဟိုဗတ်မြို့တွင်ရှိ၏။ တက်စ‌မေးနီးယားကျွန်း၏ အုပ်ချုပ်‌ရေး စနစ်မှာ ဩစတြေးလျတိုက်ရှိ အခြားပြည်နယ်များ၏ အုပ်ချုပ်‌ရေးစံနစ်တို့နှင့် ဆင်တူလိုပင်ဖြစ်သည်။ အုပ်ချုပ်‌ရေးအကြီးအကဲမှာ ဘုရင်ခံဖြစ်၍၊ အမတ် ၁၈ ဦးပါဝင်‌သော အထက်လွှတ်‌တော်နှင့် အမတ် ၃၀ ပါဝင်‌သော ‌အောက်လွှတ်‌တော်ဟူ၍ ဥပ‌ဒေပြုလွှတ်‌တော်နှစ်ရပ်ရှိ၏။ ဩစတြေးလျ ဗဟိုပါလီမန် အထက်လွှတ်‌တော်သို့ ကိုယ်စားလှယ် ၁၀ ဦးနှင့် ‌အောက်လွှတ်‌တော်သို့ ကိုယ်စားလှယ် ၅ ဦး‌စေလွှတ်ခွင့်ရသည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

တက်စ‌မေးနီးယားကျွန်းကို စတင်‌တွေ့ရှိသူမှာ ဒပ်ချလူမျိုး အဗယ်ယန်ဆွန်တက်စမန် ဆိုသူဖြစ်၍၊ သူသည် ၁၆၄၂ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်‌နေ့တွင် ထိုကျွန်းကို စတင်‌တွေ့ရှိခဲ့၏။ ထိုစဉ်က ထိုကျွန်းကို ဒပ်ချအ‌ရှေ့အိန္ဒိယကျွန်းစုများ၏ ဘုရင်ခံဗန်ဒီးမင်းအားဂုဏ်ပြု‌သောအားဖြင့် ဗန်ဒီးမင်းကျွန်းဟု အမည် ‌ပေးခဲ့၏။ သို့‌သော် ထိုကျွန်းသည် ဥ‌ရောပတိုက်သားများ အ‌ခြေ စိုက်‌နေထိုင်‌လောက်‌အောင် မက်‌မောစရာ မရှိ‌သော‌ကြောင့် မည်သူမျှ လာ‌ရောက်‌နေထိုင်ခြင်း မပြုခဲ့ကြ‌ချေ။ ၁၈၀၃ ခုနှစ်တွင်မှ ဗြိတိသျှတို့က အကျဉ်းသမားစခန်းအဖြစ် စတင်အသုံးပြု ခဲ့‌လေသည်။ သို့ရာတွင် လူလွတ်များလည်း တဖြည်းဖြည်းလာ‌ရောက်‌နေထိုင်ကြသဖြင့် ၁၈၅၃ ခုနှစ်မှစ၍ အကျဉ်းသမားများအတွက် ‘တကျွန်း’အဖြစ် အသုံးမပြု‌တော့‌ပေ။ ကျွန်း၏အမည် ကိုလည်း စတင်‌တွေ့ရှိသူ၏အမည်ကိုအစွဲပြု၍ တက်စ‌မေးနီးယားဟု ‌ပြောင်းလိုက်‌လေ၏။ သို့‌သော် ထိုကျွန်းသည် အစပထမတွင် နယူး‌ဆောက်သ‌ဝေးပြည်နယ်၏ လက်‌အောက်ခံ ‌ဒေသအဖြစ် တည်ရှိခဲ့ရာ၊ ၁၈၅၆ ခုနှစ်၌ တာဝန်ခံအုပ်ချုပ်‌ရေး ရရှိခဲ့၏။ ၁၉၀၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်‌နေ့တွင် ဩစတြေးလျ ဓနသဟာယနိုင်ငံတွင်ပါဝင်‌သော ပြည်နယ်တစ်ခု ဖြစ် လာ‌လေသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)