ကွင်းစလန်ပြည်နယ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ကွင်းစလန်ပြည်နယ်[ပြင်​ဆင်​ရန်​]

ဤပြည်နယ်တွင် ဩစတြေးလျနိုင်ငံ အရှေ့ မြောက်ဘက်ပိုင်း၌ရှိ၍၊ ဒုတိယအကြီးဆုံးပြည်နယ် ဖြစ်သည်။ သို့သော် ပြည်နယ်၏ အကျယ်အဝန်းနှင့် မမျှအောင် လူဦးရေ နည်းပါးလှ၏။ ထိုပြည်နယ်၏ မြို့တော်မှာ ဘရစ်စဘိန်းမြို့ ဖြစ်သည်။

ထိုပြည်နယ်သည် စတုရန်မိုင်ပေါင်း ၆၇ဝ၅ဝဝ မျှ ကျယ် ဝန်း၍ ၁၉၅၁ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၂၁၉၆ဝ၆ ယောက် ရှိလေသည်။ အရှေ့ဖက်ပိုင်းမှာ တောင် ထူထပ်၍၊ ဂရိတ်ဒဗိုက်ဒင်းတောင်တန်းကြီးသည် တောင်နှင့် မြောက် ဖြတ်သန်းလျက် တည်ရှိ၏။ ကွင်းစလန်ပြည်နယ် အလယ်ပိုင်းနှင့် အနောက်ပိုင်းတို့တွင် ကျယ်ပြန့်လှသော စားကျက်ကွင်းများ ရှိသည်။ ထိုဒေသများမှာ ခြောက်သွေ့နေ သော်လည်း အဝီစိတွင်းများ အောင်မြင်စွာ တူးဖော်နိုင်သဖြင့် ရေလုံလောက်စွာ ရရှိလေသည်။ ကမ်းခြေတလျှောက်တွင် သစ်တောကြီးများ ထူထပ်စွာ ပေါက်ရောက်သည်။ အထူးသဖြင့် ပင်လယ်ကမ်းစပ်တွင် ဒီချောင်းတောများ ရှိလေသည်။ ဤပြည်နယ်ရှိ မြစ်များအားလုံးလိုလိုပင် ဂရိတ်ဒဗိုက်ဒင်း တောင်တန်းမှ မြစ်ဖျားခံ၍၊ အချို့သည် တောင်ဘက်သို့လည်းကောင်း၊ အချို့သည် အနောက်ဖက်သို့လည်းကောင်း၊ စီးဆင်းကြ၏။ အချို့မြစ်များ ကား အနောက်တောင်ဖက်သို့ စီးဆင်းကာ ဩစတြေးလီးယား တိုက် အလယ်ပိုင်းရှိ အဲယားအိုင်တွင်းသို့ စီးဝင်၏။

ကွင်းစလန်ပြည်နယ်တပိုင်းမှာ အပူပိုင်းတွင် ကျရောက်၏။ သို့သော် အခြားအပူပိုင်းဒေသများနှင့် မတူချေ။ အခြားအပူပိုင်း ဒေသများကဲ့သို့ စိုစွတ်ထိုင်းမှိုင်းသော သစ်တောများနှင့် စိမ့်မြေ ညွန်ပျောင်းများ မရှိချေ။ ထို့ကြောင့် အပူပိုင်းတွင် ကျရောက် လေ့ရှိသော ရောဂါမျိုးများနှင့် ငှက်ဖျားရောဂါမှ ကင်း၏။ ကွင်းစလန် ပြည်နယ်တွင် မည်သည့်နေရာမှ အပူချိန် ၆၅ ဒီဂရီဖာရင်ဟိုက်ထက် မကျော်ပေ။ အရှေ့ဖက်ကမ်းခြေ တစ်လျောက်တွင် မိုးသည်းထန်စွာ ရွာသွန်းလေသည်။ အထူး သဖြင့် အရှေ့ဖက်ကမ်းခြေ မြောက်ပိုင်းတွင် မိုးရေချိန်မှာ တစ်နှစ်လျှင် ပျမ်းမျှ လက်မ ၁၆ဝ ဖြစ်၏။ အနောက်ဘက် များတွင်ကား မိုးပါးလွန်းလှရာ တစ်နှစ် လျှင် ၆ လက်မခန့် သာ ရွာသွန်းလေသည်။ တောင်ခြေများတွင် သစ်တောများ ထူထပ်စွာ ပေါက်ရောက်၍ သစ်မှာ ပြည်နယ်၏ အရေးပါအရာ ရောက်ဆုံး ထုတ်ကုန်တစ်ရပ် ဖြစ်သည်။ တောင်များမှ ရွှေ၊ ငွေ၊ သံဖြူ၊ ကြေးနီ၊ ကြွပ် စသည့်အဖိုးတန်သတ္တုများ ထွက်၏။ ကျောက်မီးသွေးမှာ ကွင်းစလန်ပြည်နယ်အရှေ့ပိုင်းမှ ထွက်လေသည်။

ကွင်းစလန်သည် လယ်ယာလုပ်ငန်း ထွန်းကားသော ပြည်နယ်ဖြစ်၏။ အရေးအပါဆုံးသော လယ်ယာလုပ်ငန်း ထွက်ကုန်များမှာ အစဉ်အလိုက်အားဖြင့် ကြံ၊ ဂျုံ၊ ပြောင်းဖူးတို့ ဖြစ်၏။ ထို့ပြင် ဝါ၊ ဆေး၊ မြေပဲနှင့် အပူပိုင်းဒေသထွက် သစ်သီးအမျိုးမျိုးလည်း စိုက်ပျိုးလုပ်ကိုင်ကြသည်။ သိုးမွေးမြူခြင်းမှာ ကွင်းစလန်ပြည်နယ်၏ အဓိကလုပ်ငန်းကြီး တစ်ရပ် ဖြစ်၏။ အနောက်ဖက်ရှိ ခြောက်သွေ့သော လွင်ပြင် များတွင်၊ ဩစတြေးလီးယားတိုက်ရှိ နွားကောင်ရေ စုစုပေါင်း ၏ ထက်ဝက်ခန့်ကို မွေးမြူကြလေသည်။ ကြံစိုက်ပျိုး လုပ်ကိုင်၍ အထူးဖြစ်ထွန်းသည့်အလျောက် ခရိုင်တိုင်း၌ လိုလိုပင် သကြားစက်များ ရှိလေရာ ယင်းတို့ကို သမဝါယမ စံနစ်ဖြင့် လယ်သမားများက တည်ထောင်လုပ်ကိုင်ကြလေသည်။ ကွင်းစလန်ပြည်နယ်၏ ထွက်ကုန်များမှာ သိုးမွေး၊ အမဲသား၊ သကြားနှင့် သားရေများ ဖြစ်လေသည်။ ကွင်းစလန်ပြည်နယ် တွင် မူလတန်းပညာ မသင်မနေရဟု အက်ဥပဒေ သတ်မှတ် ပြဋ္ဌာန်းထားသည့်အပြင် အခလွတ် ပညာသင်ကြားခွင့်ရသဖြင့် လူတိုင်းလိုလိုပင် စာရေးတတ် ဖတ်တတ်သည်။ ယောက်ျား ကလေးကျောင်း မိန်းကလေးကျောင်းများဟူ၍ အထက်တန်း ကျောင်းများ သီးသန့်ဖွင့်လှစ်ထားရှိ၏။ ကွင်းစလန် တက္ကသိုလ်ကို ၁၉၁၁ ခုနှစ်မှ စတင်၍ ဗရဇ္ဇဗိန်းမြို့တွင် ဖွင့်လှစ်ထားလေသည်။

ထိုပြည်နယ်အနီးသို့ ပထမဆုံး ရောက်ရှိခဲ့သော ဥရောပ တိုက်သားများမှာ ပေါ်တူဂီလူမျိုးတို့ ဖြစ်၍၊ ၁၆ဝ၆ ခုနှစ်က ကွင်းစလန်ကမ်းခြေသို့ ရောက်ရှိခဲ့သည်။ ၁၇၇ဝ ပြည့်နှစ်တွင် ကက်ပတိန်ကွတ်သည် ထိုဒေသတစ်ဝိုက်သို့ ရောက်ရှိလာ၍၊ အင်္ဂလိပ်ပိုင်နယ်မြေအဖြစ် သိမ်းယူခဲ့ပြီးလျှင်၊ နယူးဆောက် သဝေးဟု အမည်ပေးခဲ့သည်။

၁၈၂၆ ခုနှစ်၌ မောတင်ပင်လယ်အော် ကမ်းခြေသို့ ဗြိတိသျှ အကျဉ်းသမားတို့ လာရောက်နေထိုင်ကြရာမှ ထိုသူတို့ အခြေ စိုက် နေထိုင်ရန်ဒေသအဖြစ် ၁၈၄၂ ခုနှစ်တွင် ဖွင့်လှစ်ပေးခဲ့ သည်။ ထိုပြည်နယ်သည် ၁၈၅၉ ခုနှစ်တွင်မှ သီးခြားပြည်နယ် တစ်ခု ဖြစ်လာသည်။ ၁၈၆၈ ခုနှစ်တွင် ထိုပြည်နယ်၌ ရွှေကို တွေ့ရှိလေရာ၊ လူဦးရေမှာလည်း တိုးတက်ခဲ့၏။ ၁၈၉၉ ခုနှစ် တွင် ဩစတြေးလီးယား ဓနသဟာယနိုင်ငံစုထဲတွင် ပါဝင်သော ပြည်နယ်တစ်ခု ဖြစ်လာသည်၊ ထိုပြည်နယ်ကို ဗြိတိသျှ ဘုရင် မင်းမြတ်က ခန့်ထားသော ဘုရင်ခံက အုပ်ချုပ်၏။ သူ့ကို အမှုဆောင်ဝန်ကြီး ၁ဝ ဦးက ကူညီသည်။ လွှတ်တော်တစ်ရပ် သာ ပါဝင်သော ပြည်နယ်ပါလီမန်သို့ တက်ရောက်ရသော အမတ်ပေါင်းမှာ ၆၂ ယောက် ဖြစ်သည်။ ဩစတြေးလီးယား ဗဟိုပါလီမန်သို့ ကွင်းစလန်ပြည်နယ်မှ အောက်လွှတ်တော် အမတ် ၁ဝ ဦးနှင့်အထက်လွှတ်တော် အမတ် ၆ ဦး စေလွှတ်နိုင်လေသည်။ ကွင်းစလန်ပြည်နယ်တွင် ယောက်ျား မိန်းမမရွေး မဲပေးနိုင်၏။

ထိုပြည်နယ်၏ အံ့ချီးဖွယ်ရာတစ်ခုမှာ ဂရိတ်ဗဲရီးယားရိခေါ် သန္တာကျောက်တန်းကြီး ဖြစ်၏။ ထိုကျောက်တန်းကြီးမှာ ရေထဲမှ တောင်တန်းကြီးတစ်ခု ထိုးထွက်နေသကဲ့သို့ တည်ရှိ သည်။ ကွင်းစလန်ပြည်နယ်မှာ သဘာဝပစ္စည်း ပေါများကြွယ်ဝ သော်လည်း၊ အလုပ်သမားနည်းပါးသဖြင့် လုပ်ငန်းများ တိုးတက်သင့်သလောက် မတိုးတက်ခဲ့ချေ။

ဩစတြေးလီးယားတိုက်သို့ ဦးစွာလာရောက် အခြေစိုက်သူ များက အပူပိုင်းကျရောက်သောဒေသများသည် သူတို့ကျန်းမာ ရေးနှင့် သင့်တော်မည်ဟု မထင်ကြချေ။ ထို့ကြောင့် ပထမ၌ ကွင်းစလန်ပြည်နယ်သည် လူနေ နည်းပါးလေသည်။ သို့သော် နောင်အခါ၌ ကျန်းမာရေးကို မထိခိုက်ကြောင်း သိလာသော အခါ ပြည်နယ်၏ လူဦးရေမှာ တဖြည်းဖြည်း တိုးတက်လာ လေသည်။


[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)