အာရေဗျကျွန်းဆွယ်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အာရေဗျကျွန်းဆွယ်[ပြင်ဆင်ရန်]

အာရှတိုက်၏ အနောက်တောင်ဘက်ဖျားရှိ ကျွန်းဆွယ်ကြီးကို အာရေဗျကျွန်းဆွယ်ဟု ခေါ်သည်။ မြောက်လတ္တီတွဒ် ၁၂° မှ ၃၂° အတွင်းနှင့် အရှေ့လောင်ဂျီတွဒ် ၃၅° မှ ၆ဝ° အတွင်း၌ တည်ရှိသည်။ မြောက်ဘက်တွင် အက္ကဗာပင်လယ်ကွေ့ထိပ်မှစ၍ ထရန် စဂျောဒန်နိုင်ငံ(ဂျော်ဒန်နိုင်ငံ)၊ အီရက်နိုင်ငံတို့နှင့်စပ်၍ ပါးရှင်း ပင်လယ်ကွေ့အထိ ကျယ်ပြန့်သည်။ အနောက်ဘက်တွင် ပင်လယ်နီ၊ အရှေ့ဘက်တွင် ပါးရှင်း ပင်လယ်ကွေ့နှင့် အိုမန်ပင်လယ်ကွေ့၊ တောင်ဘက်တွင် အေဒင်ပင်လယ်ကွေ့၊ အာရေဗျပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာတို့ ဝန်းရံလျက်ရှိသည်။ အနောက်မြောက်ထောင့်မှ အရှေ့တောင်ထောင့်အထိ အလျားမိုင် ၁၈ဝဝ ကျယ်သည်။ တောင်ဘက်ကမ်းသည် အကျယ်ဆုံးဖြစ်၍ ပျမ်းမျှခြင်းအားဖြင့် မိုင် ၆ဝဝ ခန့်ကျယ် သည်။ အချို့နေရာ၌ မိုင် ၁၂ဝဝ အထိ ကျယ်သည်။ အာရေဗျကျွန်းဆွယ် တစ်ခုလုံး ၏ အကျယ်အဝန်းသည် စတုရန်းမိုင်ပေါင်း ၁ဝဝဝဝဝဝ ခန့် ကျယ်ပြန့်၍ မြေပုံပေါ်တွင်ကြည့်ကာ ဘွတ်ဖိနပ်ကြီးနှင့် ခပ်ဆင် ဆင်တူလေသည်။ မြန်မာနိုင်ငံထက် လေးဆခန့်ကျယ်ဝန်းသည်။ သို့ရာတွင် လူဦးရေ ဆယ်သန်းခန့် ရှိရကား မြန်မာနိုင်ငံ လူဦးရေ၏ သုံးပုံတစ်ပုံခန့်သာ ရှိသည်။ အာရေဗျကျွန်းဆွယ်သည် များသောအားဖြင့် ပူပြင်းခြောက် သွေ့သော သဲကန္တာရပြင်ကြီး ဖြစ်သည်။ မြက်ပင်နှင့် ချုံဖုတ်ပင် များ အနည်းငယ်မျှသာ ပေါက်ရောက်ပြီးလျှင် ကျောက်ခဲ ကျောက်တောင်များ ပေါများလှ သည်။ အချို့ဒေသများတွင် စိမ်းလန်းစိုပြေ၍ မြေဩဇာကောင်းသော အိုးအေးဆစ်ခေါ် ကန္တာရရိပ်သာများ ရှိသည်။ အာရေဗျကျွန်းဆွယ်၏ ထင်ရှား သော သဲကန္တာရများမှာ မြောက်ဘက်တွင် နေဖတ်ကြီး သဲ ကန္တာရ၊ အရှေ့ဘက်တွင် နေဖတ်ငယ် သို့မဟုတ် ဒါနာကန္တာရ၊ အရှေ့တောင်ဘက်တွင် ရုဗာအာခါလီသဲကန္တာရ၊ တောင်ဘက် တွင် အယ်အာကက်သဲကန္တာရတို့ ဖြစ်ကြသည်။ အာရေဗျကျွန်းဆယ်ကို သဘာဝအားဖြင့် အပိုင်းကြီးသုံးပိုင်း ပိုင်းနိုင်သည။ (၁) ဟက်ဂျက်၊ အစီးယား၊ ယေမင်၊ ဟက်ဒရာ မောက်၊ အိုမန်နှင့် ဟာဆာနယ်မြေများပါဝင်သည့် မြေဩဇာ ကောင်းမွန်သော အပြင်ပိုင်း၊ (၂) နဖတ်၊ ဒါနာနှင့် ရုဗာအာ ခါလီ သဲကန္တာရများ ပါဝင်သည့် ခြောက်သွေ့ရေရှားသည့် အပိုင်း၊ (၃) သဲကန္တာရအတိပြီးသော အတွင်းဆုံးပိုင်းတို့ ဖြစ် ကြသည်။ ဘေဘုယျအားဖြင့်ဆိုရမူ အာရေဗျကျွန်းဆွယ်နေရာ ခပ်များများသည် ခြောက်သွေ့သော သဲကန္တာရဖြစ်သည်။ ဤအာရေဗျသဲကန္တာရသည် ကမ္ဘာပေါ်တွင် အာဖရိက တိုက်ရှိ ဆဟာရသဲကန္တာရနောက် အကျယ်ပြန့်ဆုံး သဲကန္တာရဖြစ်သည်။ ပင်လယ်ကမ်းပါးတစ်လျှောက်၌ အကျယ်ပျမ်းမျှခြင်းအားဖြင့် ၁ဝ မိုင်မှ မိုင် ၂ဝရှိသော တီဟာမား ကမ်းရိုးတန်းလွင်ပြင်ရှိသည်။ ထိုကမ်းရိုးတန်းလွင်ပြင်အ နောက်ဘက်တွင်ဟက်ဂျက်တောင်တန်းရှိသည်။ ယင်းတောင်တန်းသည် ဟက်ဂျက်နိုင်ငံ (ဆအူးဒီအာရေဗျ)ဘက်တွင် ပေ ၈ဝဝဝ ကျော်မြင့်သော တောင်ထွတ်များကို တွေ့ရှိနိုင်သည်။ ဟက်ဂျက်တောင်တန်းကြီး၏ အနောက်ဘက်တွင် ပျမ်းမျှခြင်းအားဖြင့် ပေ ၂၅ဝဝ မြင့်သော နက်ဂျက်ကုန်းပြင်မြင့်ရှိသည်။ ယင်းကုန်းပြင်မြင့်တွင် ဂျေဗယ်ရှမ်းမားကုန်းမြင့်သည် ပေ ၅ဝဝဝ အထိမြင့်သည်။ နက်ဂျက်နှင့် ရှမ်းမားကုန်းပြင်မြင့်သည် ပါးရှင်းပင်လယ်ကွေ့ဘက်သို့ နိမ့်ဆင်းသွားသည်။ ပါးရှင်း ပင်လယ်ကွေ့တစ်ဝိုက်၌ ကျယ်ပြန့်သော မြေနိမ့်လွင်ပြင်ကြီး ရှိသည်။ အာရေဗျကျွန်းဆွယ်၌ တစ်နှစ်ပတ်လုံး ရေရှိသော မြစ်ချောင်းဟူ၍လည်းကောင်း၊ ရေအိုင်စစ်စစ်ဟူ၍ လည်းကောင်း မရှိချေ။ မြစ်ချောင်းများသည် ရေခန်းခြောက်နေသည်သာ များသည်။ ရေများခန်းခြောက် နေသော မြစ်ချောင်းများကို တွေ့ရှိရရာ အာရေဗျကျွန်းဆွယ်သည် ရှေးလွန်လေပြီးသောအခါက ယခုထက် မိုးပိုုမို ရွာသွန်းခဲ့ဘူးလိမ့်မည်ဟု ခန့်မှန်းရသည်။ ယခုမူ အလွန်ခြောက်သွေ့၍ ရာသီဥတုအပူချိန်သည် ၁၃ဝံ အထိ ရှိတတ်သည်။ ကျွန်းဆွယ် ၏ အနောက်တောင်စွန်းကို အာရေဗျ ဖေလစ်ဟု ခေါ်သည် အဓိပ္ပါယ်မှာ ကံကောင်းသော အာရေဗျ ဟူ၍ ဖြစ်သည်။ နွေအခါတွင် အာရေဗျကျွန်းဆွယ်၏ ထိုအပိုင်းကို ပင်လယ်မှ တိုက်ခတ်လာသော မိုးငွေ့ပါသည့် လေသည်ဖြတ်၍သွားကာ အတွင်းပိုင်းတောင်ကုန်းဒေသအချို့၌ မိုးအဖြစ် ရွာသွန်းသည်။ ရံဖန်ရံခါ ရွာသွန်းသောမိုးကြောင့် သစ်ပင်ငယ်များ ကျိုးကျဲပေါက်သည်။ ရာသီဥတု ခြောက်သွေ့ပူပြင်းသဖြင့် အာရေဗျကျွန်းဆွယ်တွင် စမ်းချောင်းနှင့် ရေတွင်းများရှိရာ အိုအေး ဆစ်များ၌သာ သစ်ပင်သီးပင် အနည်းငယ် စိုက်ပျိုးနိုင်သည်။ အိုအေးဆစ်များ၌ စွန်ပလွံပင်များ အများအပြား စိုက်ပျိုးကြသည်။ ရာသီဥတုကေင်းသောနှစ်များတွင် သဖန်းပင်၊ စပျစ်ပင်၊ ပြောင်းပင်တို့ကို ဆည်မြောင်းများ ဖောက်၍ ရေရယူနိုင်သော ဒေသအချို့တွင် စိုက်ပျိုးကြသည်။ ကျွန်းဆွယ်၏ အနောက်တောင်စွန်းဖြစ်သော ယေမင်နိုင်ငံ၌မူ ကာဖီ၊ ဂျုံ၊ ဗာလီနှင့် နှံစားပြောင်းများ စိုက်ပျိုးသည်။ ယေမင်နိုင်ငံမှထွက်သော မိုချာကာဖီ သည် အလွန်ကောင်းသဖြင့် နာမည်ကြီးသည်။ အာရေဗျကျွန်းဆွယ် အိုအေးဆစ်ဒေသများတွင် မြင်း၊ ကုလားအုပ်၊ ငှက်ကုလားအုပ်၊ ဒရယ်၊ မြေခွေး၊ ခွေးအနှင့် တစ်ခါတစ်ရံ ခြင်္သေ့များကို တွေ့ရှိရသည်၊ အာရေဗျမြင်းသည် အပြေးမြန်၍ အမောခံနိုင်သည့် ဘက်တွင် ကမ္ဘာကျော် ဖြစ်သည်။ ကုလားအုပ်မှာမူ အာရေဗျသဲကန္တာရတွင် အသုံး အကျဆုံးသော ယာဉ်တစ်မျိုး ဖြစ်သည်။ မြင်းသည် နက်ဂျက် နိုင်ငံမှထွက်၍ ကုလားအုပ်သည် အိုမန်နိုင်ငံမှထွက်သည်။ အာရေဗျကျွန်းဆွယ် တွင် သံ၊ ကြေးနီ၊ ခဲ အနည်းငယ် ထွက် သည်မှအပ အခြားဓာတ်သတ္တုများ အကြီးအကျယ် မထွက်သော် လည်း ဒုတိယကမ္ဘာ စစ်အတွင်းမှစ၍ အင်္ဂလိပ်နှင့် အမေရိကန် ရေနံကုမ္ပဏီကြီးများက ရေနံလာရောက်ရှာဖွေရာ ယခုအခါ ပါးရှင်းပင်လယ်ကွေ့ထဲ၌ တည်ရှိသော ဗာရိန်းကျွန်း၊ ဆအူးဒီ အာရေဗျနိုင်ငံ၊ အိုမန်နိုင်ငံ၊ ကော့တာနိုင်ငံနှင့် ကူဝိတ်နိုင်ငံ၊ အာရပ်စော်ဘွား နယ်ပေါင်းစုနိုင်ငံတို့တွင် ရေနံအကြီးအကျယ် တွေ့ရှိလေသည်။ ရေနံထွက်သောကြောင့် အာရေဗျကျွန်းဆွယ် သည် ကမ္ဘာတွင် အရေးပါအရာရောက်လာလေသည်။ အာရေဗျကျွန်းဆွယ်၏ လမ်းပန်းအဆက်အသွယ်သည် ညံ့ဖျင်းသည်။ ခရီးရှည် သွားလာလိုသည့်အခါ ကုလားအုပ် များကိုပင် အသုံးပြုကြသည်။ ကျောက်ခင်းလမ်းဟူ၍ ဂျစ်ဒါမှ မက္ကာ၊ မဒီနားမြို့သို့ သွာသော လမ်းတစ်လမ်းသာရှိသည်။ အာရေဗျကျွန်းဆွယ်၌ မီးရထားလမ်းဟူ၍ တစ်ခုတည်းသာ ရှိသည်။ ယင်းမှာ ပင်လယ်နီကို မျဉ်းပြိုင်ဖောက်ထားသော ထရန့်စဂျော်ဒန်မှ မဒီးနားသွားရထားလမ်း ဖြစ်သည်။ အရေးပါသော မြို့ကြီးများတွင် ရေကြောင်းခရီးလမ်းများ ဖွင့်ထားသည်။ အာရေဗျကျွန်းဆွယ်တွင် စည်ကားကြီးကျယ်သော မြို့ကြီး များဟူ၍ များများစားစား မရှိချေ။ ဆအူးဒီ အာရေဗျနိုင်ငံ ဟက်ဂျက်နယ်တွင် အစ္စလာမ် အယူဝါဒီတို့၏ အထွတ်အမြတ် ထားရာ မက္ကားနှင့် မဒီးနားမြို့၊ ဆိပ်ကမ်းမြို့ဖြစ်သော ဂျစ်ဒါ နှင့် ယမ်ဗိုမြို့၊ ဆအူးဒီ အာရေဗျနိုင်ငံ၏မြို့တော် ရိယတ်မြို့၊ ဟိုဖတ်မြို့နှင့် ဟေး မြို့၊ ယေမင်အာရပ်သမ္မတနိုင်ငံ၏ မြို့တော် ဆန်နာ၊ ဆိပ်ကမ်းမြို့ မိုချာ၊ အိုမန်နိုင်ငံ၏မြို့တော် မတ်စကတ် မြို့၊ ယေမင်ပြည်သူ့ဒီမိုကရစ်တစ် သမ္မတနိုင်ငံ၏မြို့တော် မဒီနာအယ်အက်ရှစ်မြို့နှင့် အုပ်ချုပ်ရေးရုံးစိုက်ရာ အေဒင်မြို့၊ ကူဝိတ်နိုင်ငံ၏မြို့တော် ကူဝိတ်မြို့တို့ ဖြစ်ကြသည်။ ဒေသ၏ မြေမျက်နှာပြင် ရာသီဥတုစသော အထွေထွေ အခြေအနေအရ လူအမျာစုဝေးမှီးတင်း နေထိုင်ခြင်းမပြုနိုင်သဖြင့် မြို့ကြီးများ ရှားပါးခြင်း ဖြစ်သည်။ မက္ကားနှင့် မဒီးနားမြို့များသည် အစ္စလာမ်အယူဝါဒီတို့ အထွတ်အမြတ်ထားရာမြို့များဖြစ်သဖြင့် ကမ္ဘာ အရပ်ရပ်မှ အစ္စလာမ်အယူဝါဒီတို့ နှစ်စဉ်လာရောက်ကြသောကြောင့် အလွန်စည်ကားသည်။ ( မက္ကားမြို့။)

အာရေဗျကျွန်းဆွယ်တွင် လူမျိုးပေါင်းများစွာရှိသည့်အနက် မြေဩဇာကောင်းရာ ပင်လယ်ကမ်းမြေ|ာင်ဒေသနှင့် မြို့ရွာများ တွင် အမြဲနေထိုင်ကြသူများနှင့် သဲကန္တာရအတွင်းတွင် ရေကြည်ရာမျက်နုရာသို့ အစဉ်သွားလာ လှည့်လည်နေတတ် သော လူမျိုးများဟူ၍ နှစ်မျိုးရှိကြသည်။ လူဦးရေ ဆယ်သန်းခန့်ရှိသည့်အနက် အတည်တကျမနေပဲ လှည့်လည်သွားလာနေတတ်သော ဗက်ဒူးအင် လူမျိုးတစ်သန်း ခန့် ပါဝင်သည်။ ဗက်ဒူးအင်တို့သည် သိုးများ၊ ဆိတ်ပုများကို မွေးမြူထိန်းကျေင်း နေထိုင်ကြ သည်။ အာရပ်လူမျိုးတို့ကား သဲကန္တာရအတွင်း မွေးဖွား၍ သဲကန္တာရအတွင်း ကြီးပြင်းလာ ရသော လူမျိုးများဖြစ်သည့်အတိုင်း အပူခံနိုင်ကြသည်။ ကြံ့ခိုင် သန်စွမ်း၍ အမောခံနိုင်၏။ ကုလားအုပ်သည် အစာအနည်းငယ် စား၍ သဲကန္တာရထဲတွင် ရက်ပေါင်းများစွာ သွားနိုင်သကဲ့သို့ အာရပ်တို့သည်လည်း တစ်လက် ဆုပ်စာမျှသော စွန်ပလွံသီး များကိုစား၍ တင်းတိမ်စွာ သွားလာနိုင်သည်ဟု ဆိုသည်။ မြို့နေလူတို့သည် ထုံးကျောက်များဖြင့် တိုက်အိမ်များ ဆောက်လုပ်နေထိုင်ကြသော်လည်း တောရွာများ၌မူကား မြက်ပင်ကျူပင်များကို ရွံ့စေးများဖြင့် အမိုးအကာပြုလုပ် နေထိုင်ကြသည်။ အာရပ်လူမျိုးများသည် ယောကျာ်း မိန်းမ မခြား ရှည်လျားသော ဝတ်လုံအင်္ကျီရှည်များကို ဝတ်ဆင်ကြသည်။ တမန်တော် မို့ဟမ္မဒ် မဖွားမြင်မီ (ခရစ် ၅၇၁ ခုနှစ်)က အာရေဗျကျွန်းဆွယ်၏ သမိုင်းကို အနည်းငယ် သာ သိကြ သည်။ အရှေ့ဘက်မှ သဲကန္တာရနှင့် အနောက်ဘက်မှ တောင် တန်းကြီးကာဆီးနေရကား အာရေဗျ ကျွန်းဆွယ်၏ လူနေမှု အခြေအနေသည် နှစ်ရာပေါင်းများစွာ တိုးတက်ပြောင်းလဲမှုဟူ၍ မရှိခဲ့ချေ။ အာရပ်တို့ သည် အစ္စလာမ် အယူဝါဒီများ မဖြစ်မီ ကပင် နိုင်ငံခြားများသို့ ရောက်ဘူးသော်လည်း စီးပွားရှာမှု တစ်ခုတည်းကိုသာ စိတ်ဝင်စားခဲ့ကြသည်။ တမန်တော်မြတ် ပေါ်လာသည့်အချိန်မှစ၍ အာရပ်လူမျိုးတို့သည် အယူဝါဒရေးကို အကြောင်းပြု၍ တစ်လုံးတစ်စည်းတည်း ဖြစ်လာကြသည်။ ( မို့ဟမ္မဒ်။)

( အစ္စလာမ်အယူ ဝါဒ-။)

မို့ဟမ္မဒ်လွန်တော်မူပြီးနောက် ဆက်ခံသူများသည် နိုင်ငံအသီးသီးသို့ သာသနာပြုရန် စစ်ချီ ကြသည်။ သာသနာပြုရာမှအစပြု၍ နိုင်ငံပေါင်းများစွာကို အုပ်ချုပ်သူများအဖြစ်သို့ ရောက်ရှိကြ သည့်အခါ တိုးတက်မှု အရပ်ရပ်ကို လိုက်စားကြသည်။ မို့ဟမ္မဒ်နောက်ဆက်ခံသူ အစ္စလာမ်ခေါင်းဆောင်များကို ကေးလစ်ဟုခေါ်သည်။ ကေးလစ်တို့လက်အောက်တွင် အာရပ်တို့သည် အလွန်အားကောင်းရကား ဥရောပ၊ အာဖရိကနှင့် အာရှတိုက်များသို့တိုင် သိမ်းပိုက်နိုင်ခဲ့ကြသည်။ ကေးလစ်တို့သည် ရှေးဦးစွာ မဒီးနားမြို့မှနေ၍ မွတ်စလင် နိုင်ငံတော်ကြီးကို အုပ်ချုပ်ကြသည်။ နောက်ဒမတ်စကက်မြို့၊ ထိုနောက် ဗက်ဗီလုံးမြို့တို့မှ အုပ်ချုပ် ကြသည်။ ဥရောပကို အောင်မြင်သည့်အခါ ဂရိတို့ ပျက်သုဉ်းပြီးနောက် ဂရိ ပညာရှိတို့၏ ပညာဉာာဏ်သည် ကာလကြာမြင့်စွာ ညိ|ုးမှိန် လျက်နေရာ အာရပ်တို့ ဆက်လက်၍ အသက်ဆက်ပေးခဲ့ကြ သည်။ ထိုပြင် ဟိန္ဒူတို့၏ သက္ကတကျမ်းများကိုလည်း အာရပ် တို့ လေ့လာကြသည။ ထိုဂရိကျမ်း၊ သက္ကတကျမ်းတို့ကို အခြေပြုကာ အာရပ်တို့သည် မိမိတို့၏ ပညာသစ်၊ ဉာာဏ် သစ်တို့ကို ကမ္ဘာသို့ အမွေပေးခဲ့လေသည်။ ဆေးပညာ၊ နက္ခတ္တ ပညာ၊ ရူပဗေဒတို့ကို အာရပ်ပညာရှိတို့သည် တိုးတက် အောင် မြင်အောင် ဆောင်ရွက်ခဲ့ကြ သည်။ ယခုအခါ ဥရောပတိုက်၌ အသုံးပြုလျက်ရှိသော တစ်၊ နှစ်၊ သုံး စသော ဂဏန်းအရေး အသား တို့သည် အာရပ်တို့၏ ဂဏန်းအရေးအသားများ ဖြစ်သည်။ ဒသမ္မတွက်နည်းစနစ်သည်လည်း အာရပ်တို့၏ စနစ်ပင် ဖြစ်သည်။ အာရပ်တို့သည် သတ္တုရိုင်းကို အသုံးချ သောနည်း၊ ဆေးဆိုးနည်း၊ အဆီအနှစ်ထုတ်နည်း၊ မျက်မှန်စီရင် နည်းတို့ကို သိခဲ့ကြသည်။ သို့ရာတွင် အာရပ်တို့သည် အဂ္ဂိရတ် ကိုသာ အထူးလိုက်စားကြသည်။ ရွှေဖြစ် ငွေဖြစ်လမ်း၊ ပြဒါး ဝိဇ္ဇာ၊ သံဝိဇ္ဇာ၊ မသေစေတတ်သော အမတေဓာတ်ကိုသာ အာရုံ စူးစိုက်ခဲ့ကြလေသည်။ ထိုအဂ္ဂိရတ်နည်းသည် ဥရောပတိုက်သို့ ရောက်သွားရာ ထိုနည်းကို အမှီပြု၍ ဓာတုဗေဒသည် တစ်စ တစ်စ ပေါ်ထွန်းလာသည်။ စာပေဘက်၌လည်း အာရပ်တို့သည် အလွန်တိုးတက်လသည်။ အာရပ်စာဆိုများ ရေးခဲ့သောကဗျာနှင့် ပုံပြင်တို့သည် ကမ္ဘာကျော်စာပေစု၌ ပါဝင်လေသည်။ ၁၂၅၈ ခုနှစ်တွင် ကေးလစ်တို့ တန်ခိုးကျရာ ဥရောပရှိ ပိုင်နက်များကို စွန့်လွှတ်ခဲ့ရသည်။ ခရစ်နှစ် ၁၅ဝဝ ကျော်တွင် တူရကီတို့က အာရေဗျကျွန်းဆွယ်ရှိ ဟက်ဂျက်နှင့် ယေမင်နိုင်ငံ များကို သိမ်းပိုက်လိုက်သည်။ သို့ရာတွင် ယေမင်နှင့်အိုမန်နိုင်ငံ တို့သည် တူရကီတို့လက်အောက်မှ ပထမဆုံး လွတ်မြောက်ခဲ့ ကြသည်။ အေဒင်နိုင်ငံကိုလည်း ဗြိတိသျှတို့က ၁၈၃၉ ခုနှစ် မှစ၍ သိမ်းပိုက်အုပ်ချုပ်ကြသည်။ ၁၈ဝဝ ပြည့်နှစ်ကျော် တွင် မိုဟာမက်အလီနှင့် အီဗရာဟမ်ပါးရှားတို့ ခေါင်းဆောင်သော အီဂျစ်တို့ ယခုဆအူးဒီအာရေဗျနိုင်ငံနေရာကို သိမ်းပိုက်ထားခဲ့ သည်မှာ ၁၈၄ဝ ပြည့်နှစ်အထိ ဖြစ်သည်။ ပထမကမ္ဘာစစ် မဖြစ်ပွားမီက အာရေဗျကျွန်းဆွယ်တစ်ခုလုံး လိုလိုပင် တူရကီနိုင်ငံ၏ လက်အောက်ခံ ဖြစ်လေသည်။ စစ်ကြီးဖြစ်ပွားသောအခါ အဂ‡လိပ်တို့သည် အာရေဗျနယ်စား စော်ဘွားများကို တန်စိုးလက် ဆောင်ပေးပြီးလျှင် တူရကီ အစိုးရကို တော်လှန်စေသည်။ စစ်ကြီးပြီး၍ တူရကီတို့ စစ်ရှုံး သောအခါ အာရေဗျ နိုင်ငံများသည် လွတ်လပ်သောနိုင်ငံငယ် များ ဖြစ်လာသည်။ ဟူစိန်ဘုရင်ဦးစီးသော ဟက်ဂျက်နိုင်ငံနှင့် အစ်ဗင်ဆုအူး ဦးစီးသော နက်ဂျက်နိုင်ငံဟူ၍ ထွန်းကားလာ သည်။ အဂ‡လိပ်တို့သည် ထိုနှစ်နိုင်ငံကို ရန်တိုက်ပေးလေသည်။ ၁၉၂၄ ခုနှစ်တွင် ဟက်ဂျက်ဘုရင်ဟူစိန်သည် အစ္စလာမ်အယူ ဝါဒီနိုင်ငံများ၏ သဘောတူညီ ချက် မရပဲ ကေးလစ်ခေါ် အစ္စလာမ်ခေါင်းဆောင်ဘွဲ့ကို ခံယူရာ နက်ဂျက်နိုင်ငံနှင့် စစ် ဖြစ်ပွားရလေသည်။ အင်္ဂလိပ်တို့သည် ဟူစိန်ဘုရင်ကို အကူ အညီမပေးပဲနေသဖြင့် ဟူစိန်စစ်ရှုံးရသည်၊ ထိုကြောင့် နက်ဂျက် ဘုအစ်ဗင်ဆုအူးသည် နက်ဂျက်နိုင်ငံနှင့် ဟက်ဂျက်နိုင်ငံကို သွေးစည်းပူးပေါင်း၍ ဆအူးဒီအာရေဗျနိုင်ငံဟူသော အမည်မှည့် တည်ထောင်လိုက်သည်။ ( ဆအူးဒီအာရေဗျနိုင်ငံ။)

ဆုအူးဘုရင်သည် အစ္စလာမ်ခေါင်းဆောင် ဘွဲ့နှင့် စပ်လျဉ်း၍ အစ္စလာမ်အယူဝါဒီနိုင်ငံအားလုံးကို ဖိတ်ခေါ်ကာ ညိ|နှိုင်း တိုင်ပင်သည်။ အစ္စလာမ်အယူဝါဒီ နိုင်ငံများ စည်းလုံးညီညွတ်ပုံ ကို တွေ့မြင်ရသောအခါ အင်္ဂလိပ်တို့သည် အာရေဗျကျွန်းဆွယ် တွင် ထပ်မံ၍ မစွက်ဘက်ဝံ့ကြတော့ချေ။ သို့ရာတွင် ပင်လယ် နီအဝင်ဝရှိ အေဒင်မြို့ကိုမူကား သင်္ဘောစခန်းအဖြစ် ကောင်းမွန် သောကြောင့် ၁၉၆၇ ခုနှစ်အထိ အင်္ဂလိပ်တို့ သိမ်းယူထားခဲ့ကြ သည်။ ယခုအခါ အာရေဗျကျွန်းဆွယ်တွင် ဆအူးဒီအာရေဗျနိုင်ငံ၊ ယေမင်အာရပ်သမ္မတနိုင်ငံ၊ ယေမင်ပြည်သူ့ ဒီမို ကက်တစ် သမ္မတနိုင်ငံ၊ ဗာရိန်းနိုင်ငံ၊ ကူဝိတ်နိုင်ငံ၊ အာရပ်စော်ဘွားနယ် ပေါင်းစုနိုင်ငံ(ထရူးရှဲပြည်နယ်များ) ကော့တာနိုင်ငံနှင့် အိုမန် နိုင်ငံတို့ ရှိကြသည်။ ယင်းတို့အနက် ဆအူးဒီအာရေဗျနိုင်ငံ သည် အကြီးဆုံးဖြစ်သည်။

ယေမင်ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ။ ။ ၁၉၆၇ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်နေ့တွင် တောင်ပိုင်း ယေမင် သမ္မတနိုင်ငံဟု လွတ်လပ်လာခဲ့သောနိုင်ငံကို ၁၉၇ဝ ပြည့်နှစ် နိုဝင်ဘာလ ၃ဝ ရက်နေ့တွင် ယေမင် ပြည်သူ့ဒီမိုရက် တစ်သမ္မတနိုင်ငံဟု အမည်ပြောင်းလိုက်လေသည်။ ( တောင်ပိုင်းယေမင်နိုင်ငံ။)

ယေမင်အာရပ်သမ္မတနိုင်ငံ။ ။ ယေမင်ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၏ အနောက်တောင် ဘက် အာရေဗျ ကျွန်းဆွယ် အနောက်တောင်ထောင့်သည် ယေမင်နိုင်ငံဖြစ်သည်။ အကျယ်အဝန်းအားဖြင့် ၇၅၂၉၁ စတုရန်း မိုင်ရှိ၍ ၁၉၇၂ ခုနှစ် ခန့်မှန်းခြေ သန်းခေါင်စာရင်း အရ လူဦးရေ ၆ဝ၆ဝဝဝဝ ရှိသည်။ များသောအားဖြင့် အာရပ်လူမျိုးများ ဖြစ်ကြသည်။ ပထမကမ္ဘာစစ် ပြီးသည်မှစ၍ တူရကီလက်အောက်ခံဘဝမှ လွတ်မြောက်ခဲ့၍ ဘုရင်အုပ်ချုပ် သော သီးခြားနိုင်ငံငယ်ဖြစ်လာသည်။ ယေမင်ဘုရင်သည် ယေမင်နိုင်ငံ၏ နိုင်ငံရေးခေါင်းဆောင် သာမက အယူဝါဒ ရေးရာ ခေါင်းဆောင်လည်း ဖြစ်သည်။ တမန်တော် မို့ဟမ္မက် ၏ သမက်အလီမှ ဆင်းသက် ဆက်နွယ်သူများဖြစ်သည်ဟု ဆိုသည်။ ယေမင်နိုင်ငံသို့ နိုင်ငံခြားသားများကို ဝင်ခွင့်ပြုသည် မှာ မကြာသေးချေ။ ဦးစွာ၌ နက်ဆာ၏ အီဂျစ်နိုင်ငံခြားရေး ဝါဒကို လိုက်နာခဲ့သော်လည်း နောင်အခါ အမေရိကန်၊ ဗြိတိန် စသော နိုင်ငံများနှင့်လည်း အဆက်အသွယ်ပြုလုပ်ခဲ့သည်။ ၁၉၆၂ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဘုရင် အိမံအာမက် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရ၍ ဗိုလ်မှူးချုပ် အဗ္ဗဒူလာအယ်ဆာလာခေါင်းဆောင်သည့် တော်လှန်ရေးအုပ်စုက နိုင်ငံကို ယေမင်အာရပ်သမ္မတနိုင်ငံဟု ကြေညာခဲ့သည်။ အယ်ဆာလာသည် သမ္မတဖြစ်လာခဲ့၏။ အီမံအာမက်၏ သားတော် အီမံမို့ဟမ္မဒ်ဆယ်ဗေဒါသည် တောင်တန်းများရှိရာ ထွက်ခွာသွားကာ တောင် ပေါ်သားများ၏ အကူအညီကို ရယူပြီးလျှင် ထီးနန်းကို ပြန်ရရန် တိုက်ခိုက် ခဲ့သည်။ ဤသို့အားဖြင့် ဘုရင့် ဂိုဏ်းသားများနှင့် သမ္မတ ဂိုဏ်းသားတို့အကြား ပြည်တွင်းစစ်ဖြစ်ပွားခဲ့ရာ အီဂျစ် သမ္မတ နက်ဆာက သမ္မတ ဂိုဏ်းသားများဘက်မှ စစ်တပ်အကူအညီ များပေးခဲ့၍ ဆအူးဒီအာရေဗျက ဘုရင့်ဂိုဏ်းသားများဘက်မှ အလားတူ အကူအညီများ ပေးခဲ့လေသည်။ ၁၉၆၇ ခုနှစ် အာရပ်-အဇ္ဇရီယယ်စစ်ပွဲနောက်ပိုင်းတွင် အီဂျစ်တပ်များကို ရုပ်သိမ်းခဲ့၍ ဆအူးဒီအာရေဗျ ကလည်း ဘုရင့်ဂိုဏ်းသားများအား ကူညီနေခြင်း ရပ်ဆိုင်းမည်ဟု ကြေညာခဲ့၏။ ထိုနှစ်နိုဝင်ဘာလတွင် သမ္မတ အယ်ဆာလာ၏ အစိုးရအဖွဲ့ကို သွေးမြေမကျစေပဲ တော်လှန်ဖြုတ်ချလိုက်သည်။ အဗ္ဗဒူရာမန် အယ်အီရီယာနီ ခေါင်းဆောင်သည့် သမ္မတ ကောင်စီက တိုင်းပြည်ကို ဦးဆောင်၍ နောင်အခါ အယ်အီရီ ယာနီသည် သမ္မတဖြစ်လာခဲ့လေသည်။ သမ္မတဂိုဏ်းသားများနှင့် ဘုရင့်ဂိုဏ်းသားများအကြား တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားခဲ့ရာ တောင်ပိုင်း ယေမင်နိုင်ငံက သမ္မတဂိုဏ်းသားများကို ကူညီခဲ့၍ ဆအူးဒီ အာရေဗျနိုင်ငံကလည်း ဘုရင့်ဂိုဏ်းသားများကို ပြန်လည်ကူညီ လာခဲ့လေသည်။ ၁၉၇ဝ ပြည့်နှစ် ဧပြီလတွင် ယေမင်နိုင်ငံနှင့် ဆအူးဒီအာရေဗျနိုင်ငံတို့ အကြား သဘောတူညီမှုများ ရရှိခဲ့၍ လည်းကောင်း၊ အစိုးရအဖွဲ့တွင် ဘုရင့်ဂိုဏ်းသား အမြောက် အမြား ခန့်ထားခဲ့၍လည်းကောင်း တိုက်ခိုက်မှုများပြီးဆုံးသွားခဲ့ လေသည်။ ၁၉၆၇ ခုနှစ် အာရပ်-အဇ္ဇရီယယ်စစ်ပွဲကြောင့် အမေရိကန် ပြည်ထောင်စုနှင့် ယေမင်နိုင်ငံတို့အကြား သံတမန် အဆက် အသွယ်များ ပြတ်နေခဲ့ရာမှ ၁၉၇၂ ခုနှစ်တွင် ပြန်လည် ဆက်သွယ်ခဲ့၏။ ယေမင်နိုင်ငံသည် အာရေဗျကျွန်းဆွယ်တွင် စိုက်ပျိုးရေး အကောင်းဆုံးဒေသဖြစ်သည်။ မိုချာကာဖီအတွက် ကျော်ကြား သည်။ မိုချာကာဖီ၊ သားရေစိမ်းများ၊ စွန်ပလွံသီးများ၊ ဝါဂွမ်း၊ သစ်ဥများ၊ သစ်သီးများနှင့် အဖိုး တန်ကျောက်မျက်များ တင်ပို့ ရောင်းချသည်။ ၁၉၇၂ ခုနှစ်တွင် ရေနံကို စတင်တွေ့ရှိခဲ့သည်။ ယေမင်၏ မြို့တော်သည် ဆန်နာမြို့ဖြစ်၍ အိုဒီအီဒါမြို့၊ မိုချာ မြို့နှင့် လိုဟီအီယာမြို့တို့သည် ဆိပ်ကမ်းမြို့ကြီးများ ဖြစ်လေ သည်။

အိုမန်နိုင်ငံ။ ။ယေမင်ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၏ အရှေ့ဘက်တွင်မူ အိုမန်နိုင်ငံရှိသည်။ ယခင်က အိုမန်နှင့် မက်စကက်နိုင်ငံဟုခေါ်သည်။ ယခုလက်ရှိ စူလတန်စော်ဘွား ကာဗတ်ဗင် ဆာအိက အိုမန်နိုင်ငံ အမည်ပြောင်းခဲ့ခြင်း ဖြစ်သည်။ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၈၂ဝဝဝ ရှိ၍ ၁၉၇၂ ခုနှစ် ခန့်မှန်းခြေ အရ လူဦးရေ ၇ဝဝဝဝဝ ယောက် ရှိသည်။ အများစုမှာ အာရပ်လူမျိုးများဖြစ်၏။ မြို့ကြီးများနှင့် ကမ်းရိုးတန်း တစ်လျှောက်တွင် ဗလူချီလူမျိုး၊ ပါကစ္စတန် လူမျိုးနှင့် နီးဂရိုးလူမျိုးများကို တွေ့ရသည်။ စူလတန်စော်ဘွား အုပ်ချုပ်သော လွတ်လပ်သည့်နိုင်ငံဖြစ်သည်။ သို့ရာတွင် တစ်ဆဲ့ကိုးရာစုနှစ် အစောပိုင်းမှစတင်၍ ဗြိတိန် နိုင်ငံ၏ အစောင့်အရှောက်ကို ခံယူခဲ့လေသည်။ ဗြိတိန်နိုင်ငံနှင့် မဟာမိတ်စာချုပ်၊ ကူးသန်းရောင်းဝယ်ရေး စာချုပ်များ ချုပ်ဆိုထားခဲ့သည်။ အိုမန်နိုင်ငံသည် စိုက်ပျိုးရေးထွက်ကုန်နှင့် ဓာတ်သတ္တု ကြွယ်ဝသောနိုင်ငံဖြစ်သည်။ စွန်ပလွံသီး၊ ရှောက်သီး၊ တလည်း သီးနှင့် ငါးခြောက်များကို နိုင်ငံခြားသို့ တင်ပို့ရောင်းချသည်။ ရေနံလည်း အကြီးအကျယ် ထွက်သည်။ ၁၉၄၆ ခုနှစ်တွင် စတင်တွေ့ရှိ၍ ၁၉၆၇ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ရာ ၁၉၇၂ ခုနှစ်တွင် ကမ္ဘာ့ရေနံထွက်နိုင်ငံများတွင် ၁၆ ဆင့်မှလိုက်၏။ နာမည်ကျော် ကုလားအုပ်များကိုလည်း အကြီးအကျယ် မွေးမြူ ကြသည်။ မတ်စကက်မြို့သည် မြို့တော်ဖြစ်ရုံသာမက သင်္ဘောဆိပ် မြို့ကြီးလည်းဖြစ်သည်။ အခြားထင်ရှားသော မြို့မှာ မတြာမြို့ ဖြစ်သည်။ မတ်စကတ်မြို့မှ မိုင် ၂၁ဝ ဝေးသော ကာလဗာ မြို့သို့ မော်တော်ကားလမ်းတစ်ခု ရှိသည်။ အခြားလမ်းများမှာ မြေဖို့လမ်းများသာ ဖြစ်သည်။ အိုမန်နိုင်ငံသည် ကုလမသဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။

အာရပ်စောဘွားနယ်ပေါင်းစုနိုင်ငံ။ ။ အိုမန်နိုင်ငံ၏ အရှေ့ဘက်တွင် နယ်နိမိတ်ချင်း ဆက်စပ်လျက် ရှိသော အာရပ်စော်ဘွားနယ်ပေါင်းစုနိုင်ငံတွင်လည်း ၁၈၅၃ ခုနှစ်နှင့် ၁၈၉၂ ခုနှစ်စာချုပ်များအရ ဗြိတိသျှ အစောင့် အရှောက်ခံ ရှိတ်စော်ဘွားများ အုပ်ချုပ်သော နယ်ခုနစ်နယ် ပါဝင်သည်။ ယင်းတို့မှာ အဗူဓာဗီ၊ အပ်ဇမန် ဒူးဗေ၊ ဖူဂျေရာ၊ ရပ်စအယ်ခိုင်မာ၊ ရှာဂျာ၊ အပ်ဂျမန်နှင့် အမ်အယ် ခိုင်ဝန်နယ်များ ဖြစ်ကြသည်။ အကျယ်အဝန်းအားဖြင့် ၃၂၂၇၉ စတုရန်းမိုင်ရှိ၍ ၁၉၇၂ ခုနှစ် ခန့်မှန်းခြေအရ လူဦးရေ ၂ဝဝဝဝဝ ယောက်ရှိသည်။ မြို့တော် အဗူဓာဗီမြို့သည် သဘေ‡ာဆိပ်မြို့ကြီးလည်း ဖြစ်သည်။ အခြားထင်ရှားသော မြို့ကြီးများမှာ ရှာဂျာမြို့၊ ဒူဗေဖီမြို့တို့ ဖြစ်ကြသည်။ အထက်တွင် ဖော်ပြထားသော စော်ဘွားနယ်များသည် ဗြိတိသျှတို့က မိမိတို့နှင့် ချုပ်ဆိုထားသော စာချုပ်များ ၁၉၇၁ ခုနှစ်တွင် ပျက်ပြယ်သွားစေမည်ဟု ကြေညာပြီးနောက် ဗြိတိသျှ အစောင့်အရှောက်ခံ နယ်များ ဖြစ်သည့် ဗာရိန်းကျွန်း၊ ကော့ တာနယ်တို့နှင့် ပူးပေါင်း၍ ပြည်ထောင်စုဖွဲ့ရန် ကြိုးပမ်းခဲ့၏။ မအောင်မြင်ခဲ့ပေ။ သို့သော် မိမိတို့ စော်ဘွားနယ်များ အချင်း ချင်း စုပေါင်း၍ ပြည်ထောင်စုဖွဲ့ခဲ့ရာတွင်လည်း ဦးစွာ၌ အဗူဓာဗီ၊ ဒူဗေ၊ ရှာဂျာ၊ အပ်ဂျမန်၊ ဖူဂျေရာနှင့် အမ်အယ်ခိုင် ဝန်တို့ ပါဝင်ခဲ့၍ နောက်မှရပ်စအယ်ခိုင်မာ ပါဝင်လာခဲ့၏။ ဤသို့ဖြင့် ၁၉၇၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ထရူးရှဲ နိုင်ငံဟု ပေါ်ပေါက် လာခဲ့သည်။ သို့သော် နောင်အခါတွင်မူ အာရပ်စောဘွား နယ်ပေါင်းစုံနိုင်ငံဟု အမည်ပြောင်းလိုက် လေသည်။ အဗူဓာဗီ၊ ဒူဗေနှင့် ရှာဂျာနယ်များတွင် ရေနံအမြောက် အမြား တိုးတက်ထွက်ရှိနေခဲ့ရာ ကမ္ဘာ့ရေနံထွက် နိုင်ငံများတွင် ၁၄ အဆင့်မှလိုက်သည်။ အာရပ်စောဘွား နယ်ပေါင်းစုနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်ခု ဖြစ်၏။ ကော့တာနိုင်ငံ။ ။ အာရပ်စော်ဘွားနယ်ပေါင်းစုနိုင်ငံ၏ အနောက်မြောက်ဘက် ပါးရှင်းပင်လယ်ကွေ့အတွင်း ထိုးထွက်နေသော ကော့တာ ကျွန်းဆွယ် တစ်ခုလုံးသည် ကော့တာနိုင်ငံဖြစ်သည်။ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၆ဝဝဝ ရှိ၍ ၁၉၇၂ ခုနှစ် ခန့်မှန်းခြေအရ လူဦးရေ ၁၁၅ဝဝဝ ရှိသည်။ ဗြိတိသျှအစောင့် အရှောက်ခံ ရှိတ်စော်ဘွားနယ်တစ်ခု ဖြစ်ခဲ့၍ ၁၉၇၁ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့မှစ၍ လွတ်လပ် သောနိုင်ငံ ဖြစ်လာ ခဲ့သည်။ ရေနံအကြီးအကျယ် ထွက်သည်။ ကမ္ဘာ့ရေနံထွက် နိုင်ငံများတွင် ၁၅ အဆင့်မှ လိုက်၏။ ၁၉၄၉ ခုနှစ်မှစ၍ ရေနံထုတ်လုပ်လာခဲ့ရာ နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၁၅ဝဝဝဝဝဝဝ ရရှိလေသည်။ စီးပွားဖြစ် ငါးဖမ်းခြင်း အစိုးရအထောက်အပံ့ဖြင့် စိုက်ပျိုးလုပ်ကိုင်ခြင်း၊ သိုး၊ ဆိတ်၊ ကုလားအုပ် မွေးမြူခြင်း တို့မှာ အရေးပါသော လုပ်ငန်းများ ဖြစ်၏။ မြို့တော်မှာ ဒိုဟာမြို့ဖြစ်သည်။ ကော့တာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံလည်းဖြစ်၍ အာရပ်အမျိုးသား အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်၏။

ဗားရိန်းကျွန်း။ ။ကော့တာနိုင်ငံ၏ အရှေ့ဘက် ပါးရှင်း ပင်လယ်ကွေ့ထဲရှိ ဗာရိန်းကျွန်းစုသည်လည်း ဗြိတိသျှ အစောင့်အရှောက်ခံ ရှိတ်စော်ဘွားအုပ်ချုပ်သော နယ်ဖြစ်ခဲ့၍ ၁၉၇၁ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့တွင် လွပ်လပ်သော နိုင်ငံဖြစ်လာခဲ့သည်။ ဆအူးဒီ အာရေဗျကမ်းခြေမှ ၂၁ မိုင် ဝေးသည်။ အကျယ်အဝန်း အားဖြင့် ၂၃၁ စတုရန်းမိုင်ရှိ၍ ၁၉၇၂ ခုနှစ် ခန့်မှန်းသန်းခေါင်စာရင်းအရ လူဦးရေ ၂၂ဝဝဝဝ ယောက် ရှိသည်။ မြို့တော်သည် မနာမာမြို့ ဖြစ်သည်။ ပါးရှင်းပင်လယ်ကွေ့အတွင်း ပုလဲရှာဖွေရေးလုပ်ငန်း၏ ဗဟို ဌာနဖြစ်၍ ပုဇွန်၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကား ရေနံမထွက်သေးမီက နိုင်ငံစီးပွားရေး၏ ကျောထောက်နောက်ခံ များ ဖြစ်သည်။ ဆအူးဒီ အာရေဗျနိုင်ငံ နက်ဂျက်နှင့်ဟာဆာ နယ်များမှ ထွက်ကုန်များကို လည်း ဗာရိန်းနိုင်ငံဘက်မှ တစ်ဆင့် တင်ပို့ကြသည်။ ထိုကျွန်း၌ ၁၉၃၂ ခုနှစ်မှစ၍ ရေနံအမြောက်အမြား ထွက်ခဲ့၍ ယခုအခါ လျော့နယ်သွားရာ ပြည်တွင်းထွက်ရေနံနှင့် ဆအူးဒီအာရေဗျမှရေနံများကို ချက်လုပ်ခြင်း၊ အလျူမီနီယမ်သတ္တုချက်ရုံကြီးတစ်ခု တည်ဆောက်လုပ်ကိုင်ခြင်း၊ ကုန်စည်ဖလှယ်တင်ပို့ရာဌာန ဖြစ်လာခြင်းတို့ကြောင့် စီးပွားရေးအခြေကောင်းလာခဲ့လေသည်။ ဗာရိန်းနိုင်ငံသည် ကုလသမဂ္ဂဝင် နိုင်ငံဖြစ်၍ အာရပ်အမျိုး သား အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်၏။

ကူဝိတ်နိုင်ငံ။ ။ ဆအူးဒီအာရေဗျနိုင်ငံ၏ အရှေ့မြောက်ဘက် ပါးရှင်းပင်လယ် ကွေ့ အနောက်မြောက်ထောင့်တွင် ကူဝိတ်နိုင်ငံ တည်ရှိသည်။ အကျယ်အဝန်းအားဖြင့် ၆၁၇၈ စတုရန်းမိုင် ရှိ၍ လူဦးရေ ၉၁ဝဝဝဝ (၁၉၇၂) ရှိသည်။ ယခင်က ဗြိတိသျှ အစောင့် အရှောက်ခံ ရှိတ်စော်ဘွားပိုင်နက် ဖြစ်ခဲ့သော်လည်း ၁၉၆၁ ခုနှစ် ဇွန်လ ၁ဝ ရက်နေ့မှ စ၍ လွတ်လပ်ရေးရခဲ့သည်။ လွတ်လပ်ရေးရသည်နှင့် အီရက်နိုင်ငံက သူပိုင် သည်ဟုဆိုကာ တိုက်ခိုက်သဖြင့် ဗြိတိသျှတပ်များအကူအညီဖြင့် တွန်းလှန် တိုက်ခိုက်ခဲ့ရသည်။ ကူဝိတ်နိုင်ငံသည် ငယ်ပင်ငယ်သော်လည်း ကမ္ဘာပေါ်တွင် ရေနံအထွက်ဆုံး နိုင်ငံတစ်ခုအဖြစ် ကမ္ဘာ့ ရေနံထွက်နိုင်ငံများ တွင် ခြောက်အဆင့်မှလိုက်သဖြင့် ကမ္ဘာ့နိုင်ငံများက အထူး အာရုံစိုက်ကြခြင်း ဖြစ်သည်။ ကူဝိတ်အစိုးရ နှစ်စဉ်ရရှိသော အခွန်တော်၏ ၉၈ ရာခိုင်နှုန်းသည် ရေနံမှရသော အခွန်တော် ဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံသား တစ်ဦးချင်းအလိုက် ဝင်ငွေ သည် ဒေါ်လာ ၃ဝဝဝ ဖြစ်ရာ ကမ္ဘာပေါ်ရှိ အကြီးဆုံးသော ဝင်ငွေများတွင် အပါအဝင် ဖြစ်၏။ ကူဝိတ်တစ်နိုင်ငံလုံးသည် များသောအားဖြင့် သဲကန္တာရဖြစ်သည်။ ကူဝိတ်အစိုးရသည် တိုင်းသူပြည်သားတို့အား အခမဲ့ ဆေးဝါးကုသခွင့်၊ အခမဲ့ ပညာသင်ခွင့်ပေးလျက် လူမှုရေး ဖူလုံမှုရှိစေမည့် ပြည်တော် သာနိုင်ငံ ဖန်တီးပေးရန်အတွက် ရေနံမှရရှိသော ကြီးမားလှ သည့် အမျိုးသား ဝင်ငွေကို အသုံးပြုလျက်ရှိသည်။ ကူဝိတ် နိုင်ငံတွင် အကောက်အခွန်ကလွဲ၍ အခြားအခွန်တော်များ မရှိပေ။ မြို့တော်မှာ ကူဝိတ်ဖြစ်သည်။ အာရေဗျကျွန်းဆွယ်နှင့် ပတ်ဝန်းကျင်တွင်ရှိကြသော အာရပ်နိုင်ငံများသည် မိမိတို့အချင်းချင်း စီးပွားရေး၊ ယဉ်ကျေးမှုနှင့်နိုင်ငံရေးတို့ဘက်တွင် ပူးပေါင်းဆောင်ရွက် နိုင်ရေးအတွက် ၁၉၄၅ ခုနှစ်တွင် အာရပ်လိဂ်ခေါ် အာရပ် အမျိုးသားအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့၏ လောလော ဆယ်ဆယ် ရည်မှန်းချက်များမှာ အာရပ် တိုင်းပြည်များတွင် တိုင်းတစ်ပါးသားတို့ စိုးမိုးမှုကို စခန်းသိမ်းပစ်ရန်နှင့် ပယ်လက် စတိုင်ရှိ ယဟူဒီတို့၏ အန္တရာယ်ကို စုပေါင်းတွန်းလှန်ပစ်ရန် ဖြစ်လေသည်။ စာချုပ်လက်မှတ်ရေးထိုးခဲ့သည့် အဖွဲ့ဝင်များမှာ အီဂျစ်၊ အီရတ်၊ ဆီးရီးယား၊ လက်ဗနွန်၊ ထရန်စဂျော်ဒန် (ဂျော်ဒန်)၊ ဆအူးဒီ အာရေဗျနှင့် ယေမင်နိုင်ငံတို့ဖြစ်သည်။ အမြဲတမ်းဌာနချုပ်ကို အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ဖွင့်လှစ် ထားသည်။ ဤအာရပ်အမျိုးသားအဖွဲ့မှာ အကြွင်းမဲ့ပူးပေါင်းထားသော အဖွဲ့မျိုးမဟုတ်၊ ပြည်ထောင်စု အနေဖြင့်လည်း ဖွဲ့စည်းထား သောအဖွဲ့မျိုးလည်း မဟုတ်ပဲ၊ အချုပ်အချာ အာဏာပိုင် နိုင်ငံ အချင်းချင်း အကျိုးတူ ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ကြရန် ဖွဲ့စည်းထားသော အဖွဲ့အစည်းသာ ဖြစ်လေသည်။ သို့ဖြစ်၍ ၁၉၄၉ ခုနှစ် ရောက်လျှင်ပင် အဖွဲ့ဝင်များသည် မိမိတို့ အချင်းချင်း အတူတကွ လုပ်ဆောင်သွားရန် ခက်ခဲသည်ကို တွေ့လာ ရသည်။ မိမိတို့အားလုံး၏ရန်သူ အဇ္ဇရီယယ်နှင့် စပ်လျဉ်း၍ပင် အကြွင်းမဲ့ သဘောတူညီမှု မရနိုင် ဖြစ်ခဲ့ရလေ သည်။ ထရန်စဂျော်ဒန်ဘုရင် အဗ္ဗဒူလာသည် ဂျော်ဒန်မြစ်၏ မြောက်ဘက်ရှိ အာရပ်ပယ်လက်စိုင် ဒေသကို သိမ်းပိုက်ခဲ့ရာ တွင် အဖွဲ့ဝင် အခြားနိုင်ငံများက တရားမဝင်ဟု ယူဆပြီးလျှင် အဗ္ဗဒူလာကို အဖွဲ့မှ ထုတ်ပစ် မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ၁၉၅ဝ ပြည့်နှစ်တွင် အဖွဲ့ဝင် ငါးနိုင်ငံတို့သည် လုံခြုံရေး အဖွဲ့တစ်ခုကို ဖွဲ့စည်း ခဲ့ရာ ၁၉၅၂ နှစ်တွင် ဂျော်ဒန်နိုင်ငံသည် ထိုအဖွဲ့သို့ ပါဝင်ခဲ့သော်လည်း အီရက်နိုင်ငံသည် အဖွဲ့ဝင် အဖြစ်မှ နှုတ်ထွက်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် လစ်ဗျနိုင်ငံသည် အာရပ်အမျိုးသား အဖွဲ့တွင် အဖွဲ့ဝင် ဖြစ်လာခဲ့သည်။ ဆူဒန် နိုင်ငံသည် ၁၉၅၆ ခုနှစ်တွင်လည်းကောင်း၊ တျူနစ်ဇီးယားနှင့် မိုရော့ကိုနိုင်ငံတို့သည် ၁၉၅၈ ခုနှစ်တွင်လည်းကောင်း၊ ကူဝိတ် နိုင်ငံသည် ၁၉၆၁ ခုနှစ်တွင်လည်းကောင်း၊ အယ်လ်ဂျီးရီးယား နိုင်ငံသည် ၁၉၆၂ ခုနှစ်တွင်လည်းကောင်း အသီးအသီး အဖွဲ့ ဝင် ဖြစ်လာခဲ့လေသည်။ ယေမင်ပြည်သူ့ဒီမိုကရက်တစ် နိုင်ငံ၊ ကော့တာနိုင်ငံနှင့် ဗာရိန်းနိုင်ငံတို့သည်လည်း အာရပ်အမျိုးသား အဖွဲ့ဝင်နိုင်ငံများ ဖြစ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)