ဂျိမ်းစ် ကွတ်
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။(24 Jul 2021) |
James Cook | |
---|---|
နသန်နီယယ်ဒန့်စ် ဆွဲထားသော ဂျိမ်းစ်ကွတ်၏ ပုံတူ၊အမျိုးသား ရေကြောင်းပြတိုင်း၊ ဂရင်းဝစ်ချ် |
|
မွေးသက္ကရာဇ် | နိုဝင်ဘာလ ၇ ၁၇၂၈ [၁] မာတန် ၊ ယော့ခ် ရှိုင်းယား၊ အင်္ဂလန်၊ ဂရိတ်ဗြိတိန် |
ကွယ်လွန် | ၁၄ ဖေဖော်ဝါရီ၊ ၁၇၇၉ | (အသက် ၅၀)
နိုင်ငံသား | ဗြိတိသျှ |
ပညာရေး | ပို့စ်ဂိတ် ကျောင်း၊ ဂရိတ် အေတွန် |
အလုပ်အကိုင် | စူးစမ်းရှာဖွေသူ၊ ရေကြောင်းပြသူ၊ မြေပုံဆွဲသူ |
ကြင်ဖော် | အဲလိဇဘက် ဘတ် |
သားသမီး | ဂျိမ်းစ်ကွတ်၊ နသန်နီယယ်ကွတ်၊ အဲလီဇဘက်ကွတ်၊ ဂျိုးဆက်ကွတ်၊ ဂျော့ရှ်ကွတ်၊ ဟတ်ချ်ကွတ် |
မိဘ | ဂျိမ်းစ်ကွတ်၊ ဂရေ့စ်ပေ့စ် |
လက်မှတ် |
ဗြိတိန်အတွက်ဩစတေးလျတိုက်တွင် နယ်သစ်ရှာပေးသူ ဂျိမ်းစ် ကွတ်(ကက်ပတိန်ကွတ်)ကို ထင်ရှားသော ဗြိတိသျှရေကြောင်းခရီးသည်ဟု လူသိများလေသည်။ သို့သော် ထိုသို့ ဖြစ်လာနိုင်ရန် မည်မျှကြိုးစားလုပ်ကိုင်လာရကြောင်းကိုမူ သိကြမည် မဟုတ်ပေ။ သာမန်သင်္ဘောသားဘဝမှ လေ့လာသင်ယူမှု၊ စူးစမ်းရှာဖွေမှု၊ အမြော်အမြင်ရှိတတ်မှုတို့ကို လက်ကိုင်ပြုကာ ဆောင်ရွက်လာခဲ့ခြင်းကြောင့် ဗြိတိသျှသမိုင်းတွင် ဥဒါန်းတွင်ရစ်သူ ဖြစ်လာရကြောင်းများကို အောက်တွင် ဖော်ပြထားပေသည်။
ကက်ပတိန်ဂျမ်းကွတ်သည် နာမည်ထင်ရှားသော ဗြိတိသျှရေကြောင်းခရီးသည်တစ်ဦး ဖြစ်သည်။ ယော့ရှိုင်ယာခရိုင်၌ ၁၇၂၈ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ဆင်းရဲသော မိဖများမှ ဖွားမြင်ခဲ့သည်။ ငယ်စဉ်က ပညာလုံလောက်စွာ မသင်ခဲ့ရဘဲ ဆယ့်သုံးနှစ်အရွယ်ကပင် ကမ်းရိုးတန်းမြို့ကလေး တစ်မြို့ရှိ ဆိုင်တစ်ဆိုင်တွင် အကူဝင်၍ လုပ်ခဲ့ရ၏။ ပင်လယ်နှင့် နီးနီးကပ်ကပ် နေရသောအခါ ကွတ်သည် သင်္ဘောသား အလုပ်ကို သဘောကျလာ၍ သင်္ဘောသားအဖြစ် လုပ်ကိုင်ခဲ့ရာ အသက် ၂၇ နှစ်အရွယ်တွင် သင်္ဘောငယ်တစ်စင်း၏ မာလိန် ဖြစ်လာခဲ့သည်။ ၁၇၅၅ ခုနှစ်တွင် ဘုရင့်ရေတပ်မတော်၌ ဝင်ရောက်အမှုထမ်းခဲ့၏။
လေးနှစ်မျှ ကြာသောအခါ ကွတ်၏ အရည်အချင်းကို သဘောကျကြသဖြင့် ရာထူးတိုးမြှင့်ပေးလေသည်။ ထိုနောက် မြောက်အမေရိကတိုက်ရှိ ကွီဗက်မြို့ကို တိုက်ခိုက်မည့် ဗိုလ်ချုပ်မှူးဝုအား ကူညီရန် စစ်ကူပို့သော မာကျူရီအမည်ရှိ သင်္ဘောတွင် ရေကြောင်းပြအဖြစ် လိုက်ပါသွားခဲ့လေသည်။ စစ်ဆင်ရေးအတွက် လိုအပ် သည့်အတိုင်း ကွတ်သည် စိန်လောရင့်မြစ်၏ အတိမ်အနက်ကို ဘေးအန္တရာယ်များအကြားတွင် အသက်ကို စွန့်၍ တိကျမှန်ကန်စွာ စူးစမ်းတိုင်းထွာပြီးလျှင် မြေပုံဆွဲပေးခဲ့သည်။ သို့ဖြစ်၍ ကွီဗက်မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်မှာ တစ်စိတ်တစ်ဒေသအားဖြင့် သူ၏ကြိုးပမ်းချက်ကြောင့် ဖြစ်သည်ဟု ဆိုရပေမည်။ ထို့ပြင် သူသည် နယူးဖောင်း လန်းကျွန်းနှင့် လားဗရာဒေါကမ်းရိုးတန်းတဝိုက်ကို စူးစမ်းတိုင်းထွာ၍ မြေပုံများ ရေးဆွဲပေးခဲ့၏။ ဤသို့ဖြင့် ကွတ်သည် တိကျသေချာစွာ စူးစမ်းတိုင်းထွာတတ်သော မြေပုံဆွဲကောင်းအဖြစ် ကျော်ကြားလာလေသည်။ မကြာမီ ဗြိတိသျှတော်ဝင် အသင်းကြီးက ကွတ်အား ဂရုပြုလာလေသည်။ ထိုအတောအတွင်း ကွတ်သည် ပညာဗဟုသုတ ပြည့်စုံသူတစ်ဦး ဖြစ်မြောက်လာရန်အတွက် ရနိုင်သမျှသော စာအုပ်စာတမ်းများကို လေ့လာမှတ်သား ဆည်းပူးခဲ့လေသည်။
၁၇၆၈ ခုနှစ်တွင် ဗြိတိသျှတော်ဝင်အသင်းကြီး၏ တိုက်တွန်းချက်အရ သောကြာဂြိုဟ် ဖြတ်ကျော်မည့် လမ်းကို သေချာစွာ စောင့်ကြည့်မှတ်သားရန် ကွတ်အား စေလွှတ်၏။ ထို့ပြင် ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်း၌ ရှိသည်ဆိုသော တိုက်သစ်ကို ရှာဖွေရန်နှင့် ဤသို့ စူးစမ်းရှာဖွေ တွေ့ရှိသမျှကို ဗြိတိန်နိုင်ငံအတွက် သိမ်းယူ ရန် တာဝန်များကို ပေးအပ်လိုက်သည်။ သို့ဖြင့် သိပ္ပံကဝိများပါဝင်သော အဖွဲ့ကို ကွတ်သည် ခေါင်းဆောင်၍ ခရီးထွက်ခဲလေသည်။ သောကြာဂြိုဟ်ကျော်ဖြတ်မည်ကို မြင်နိုင်မည့်ဒေသမှာ ယခု တဟီးတီးဟု ခေါ်သော ကျွန်းဖြစ်သည်။ ထိုကျွန်းသို့ ချောမောစွာရောက်ခဲ့ပြီးနောက်၊ ၁၇၆၉ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် သောကြာဂြိုဟ် ဖြတ်ကျော်သည်ကို ကောင်းမွန်စွာ မြင်ကြရသည်။ ထို့နောက် တောင်ပိုင်းတိုက်သစ်ကို ရှာဖွေရန် ထွက်ခဲ့ရာတွင် တောင်လတ္တီတွဒ် ၄ဝ အထိ ရောက်ရှိပြီးမှ နယူးဇီလန်ကျွန်းများရှိရာ အနောက်ဘက်သို့ ခရီးလွှင့်ခဲ့သည်။ နယူးဇီလန်ကျွန်းကမ်းခြေတစ်လျှောက်ကို လှည့်ပတ်စူးစမ်း တိုင်းထွာပြီးနောက်၊ ဩစတေးလျတိုက် အရှေ့ဘက်ကမ်းကို ရောက်၍၊ ထိုဒေသကို ဗြိတိန်နိုင်ငံအတွက် သိမ်းယူခဲ့လေသည်။ ထိုစဉ်က ဩစတေးလျတိုက်ကို နယူးဟော်လန်ဟု ခေါ်ကြသည်။ ကွတ်သည် ဩစတေးလျတိုက်နှင့် နယူးဂင်းနီကျွန်းတို့အကြားရှိ၊ ရေလက်ကြားတလျှောက် သင်္ဘောလွှင့်ခဲ့ပြီးသော် ဗတေးဗီးယားတွင် ခရီးတစ်ထောက်နားကာ၊ ဂွတ်ဒ်ဟုပ်အငူကို ပတ်၍ ပြန်ခဲ့ ၏။ ၁၇၇၁ ခုနှစ် ဇူလိုင်လတွင် အင်္ဂလန်ပြည်သို့ ပြန်ရောက်၍၊ ကွတ်မှာ သင်္ဘောသူကြီး (ကွန်မန်ဒါ) ရာထူးသို့ တိုးမြှင့်ခန့်ထားခြင်းခံရသည်။
ကွတ်သည် ၁၇၇၂ ခုနှစ်မှ ၁၇၇၅ ခုနှစ်အထိ လေးနှစ်အတွင်း ဒုတိယအကြိမ် ခရီးထွက်ပြန်ရာ၊ အများ ယုံကြည်ခန့်မှန်းကြသော တောင်ပိုင်းတိုက်သစ် မရှိကြောင်းကို ထုတ် ဖော် ပြောဆိုနိုင်ခဲ့သည်။ သို့ရာတွင် အန္တာတိတ်ဒေသ၏ တောင်ဘက်ဆီတွင်ကား အပြောကျယ်လှသော ရေခဲလွှမ်းသည့် ဒေသများရှိလိမ့်မည်ဟု ကွတ်က ခန့်မှန်းခဲ့၏။ ထိုအကြိမ် ခရီးထွက်ခဲ့ရာတွင် မိုင်ပေါင်း ၆ဝဝဝဝ ခန့်မျှ ခရီးပေါက် ခဲ့ပြီးလျှင် တောင်ပစိဖိတ် သမုဒ္ဒရာအတွင်းရှိ ကျွန်းကလေး မြောက်မြားစွာကို တွေ့ရှိခဲ့လေသည်။
အပြန်တွင် ကွတ်သည် ကပ္ပတိန်ရာထူးသို့ တိုးမြှင့်ခန့်ထား ခြင်းခံရ၏။ ထို့ပြင် သူ၏ခရီးသွားမှတ်တမ်းများကို ပုံနှိပ်ထုတ်ဝေခဲ့လေသည်။ ၁၇၇၆ ခုနှစ်တွင် တတိယအကြိမ်မြောက် ခရီးထွက်ပြန်ရာ ထိုအချိန်တွင် ကွတ်သည် အသက်လေးဆယ့် ရှစ်နှစ်အရွယ်မျှ ရှိနေလေပြီ။ ထိုအကြိမ်တွင် ကွတ်သည် ပစိဖိတ်သမုဒ္ဒရာမှ ဟဒ်ဆန်ပင်လယ်အော်သို့ ပေါက်သော အနောက်မြောက်ပင်လယ်ခရီးလမ်း ရှာဖွေရန်အတွက် ခရီးထွက်ခဲ့လေသည်။ ကွတ်သည် ၁၇၇၆ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် သင်္ဘော ၂ စင်းဖြင့် ခရီးစတင်ထွက်ခဲ့ရာ ဂွတ်ဒ်ဟုပ်အငူ၊ တက်စမေးနီးယားကျွန်း၊ နယူးဇီလန်ကျွန်းများကို ကျော်လွန်ခဲ့ပြီးနောက် ၁၇၇၇ ခုနှစ် ဩဂုတ်လတွင် တဟီးတီးကျွန်းသို့ ရောက်လေသည်။ ထိုမှတစ်ဖန် မြောက်အမေရိကတိုက်ဖက်သို့ သင်္ဘောလွှင့်ခဲ့သောအခါ ဟာဝိုင်းယန်းကျွန်းများကို ၁၇၇၈ ခု နှစ်ဦးတွင် တွေ့ရှိလေသည်။ ထို့နောက်လာခဲ့ရင်း ကိစ္စအတွက် မြောက်အမေရိကတိုက် အနောက်ဘက်ကမ်းရိုးတန်းတလျှောက် ခရီးဆက်လက်ထွက်ခဲ့ရာ ဗဲရင်းရေလက်ကြားသို့ အရောက်တွင် ခရီးမဆက်နိုင်တော့သဖြင့် လက်လျှော့၍ ပြန်ခဲ့ရလေသည်။ ၁၇၇၉ ခုနှစ် ဇန္နဝါရီလထဲတွင် ဟာဝိုင်ယန်းကျွန်းစုသို့ ပြန်လည်ရောက်ခဲ့လေသည်။
ကွတ်သည် နယ်မြေသစ်များ ရှာဖွေရာ၌ တိုင်းရင်းသားလူရိုင်းများနှင့် တွေ့ကြုံရသည့်အခါ ယဉ်ကျေးလိမ်မာစွာ ဆက်ဆံတတ်သဖြင့် ကွတ်နှင့် တိုင်းရင်းသားတို့၏ ဆက်ဆံမှုမှာ အများအားဖြင့် ချောမော ပြေပြစ်ခဲ့သည်။ ကွတ်၏ ရည်မှန်းချက်နှင့် လုပ်ငန်းများမှာလည်း လွယ်ကူချောမောစွာအောင်မြင်သည်သာ များခဲ့သည်။ သို့သော် တတိယအကြိမ် ခရီးထွက်၍အပြန်၊ ဟာဝိုင်းယန်းကျွန်းသို့ ရောက်သည့်အခါတွင် ကား၊ မမြှော်လင့်သော ကိစ္စတစ်ရပ်နှင့် ကြုံခဲ့ရ၏။ ထိုကိစ္စမှာ ကွတ်တို့၏ သင်္ဘောမှ လှေငယ်တစင်း ပျောက်ဆုံးသွားခြင်းပင် ဖြစ်လေသည်။ လှေငယ်ပျောက်ဆုံးသည့်အတွက် ကွတ်က တိုင်းရင်းသားတို့၏ အကြီးအကဲကို ဖမ်းမည်အပြုတွင် ရုန်းရင်းဆန်ခတ် ဖြစ်ပွားရာမှ တိုင်းရင်းသားတစ်ဦး၏ လက်ချက်ဖြင့် ကွတ်မှာ အသက်ဆုံးရှုံးရသည်။ ကွတ်သည် ဩစတြေးလီးယားနှင့် နယူးဇီလန်ကျွန်းဒေသများကို ဗြိတိသျှအင်ပိုင်ယာအတွင်းသို့ သိမ်းသွင်းနိုင်ရန်အတွက် လမ်းခင်းပေးခဲ့သူ ဖြစ်သည်ဟု ဆိုနိုင်သည်။ ကွတ်၏ ကြိုးပမ်းမှုကြောင့်သာလျှင် ပစိဖိတ်သမုဒ္ဒရာ၏ တိကျသောမြေပုံကို နောင်လာနောက်သားများ ရရှိခဲ့ပေသည်။ ကွတ်ရေးဆွဲခဲ့သော မြေပုံများမှာ တိကျမှန်ကန်သဖြင့် ယခုထက်တိုင် အပြောင်းအလဲ မပြုလုပ်ရသေးဘဲ ဆက်လက်သုံးစွဲလျက် နေကြရပေသေးသည်။ နယ်မြေသစ် ရှာဖွေခဲ့ကြသူများထဲတွင် ကွတ်သည် နောင်အခါတွင် ရရှိမည့် ဂုဏ်ထူးဘွဲ့ထူးဆု စသည်တို့ကို မမျှော်လင့်လှဘဲ စွန့်စားကာ ဝေးရပ်နယ်မြေများကို သွားရောက်ကြည့်ရှုလိုသောဆန္ဒနှင့်သာ ခရီး ထွက်ခဲ့သူ ဖြစ်သည့်ပြင် ခရီးအရှည်ဆုံး စူးစမ်းလှည့်လည် ခဲ့သူလည်း ဖြစ်သည်။ ကွတ်သည် ရိုးသားတော်တည့်ဖြောင့်မှန် ၍ ရဲစွမ်းသတ္တိနှင့် ပြည့်စုံ၏။ လက်အောက်ငယ်သားများအား သက်ညှာစွာ ပြုမူဆက်ဆံတတ်သဖြင့် လူချစ်လူခင်လည်း ပေါများပေသည်။ သို့သော် မဖြစ်လောက်သော အရေးကိစ္စ အတွက်ကြောင့် လူအဖိုးတန်တစ်ယောက်မှာ မမျှော်လင့်ဘဲ ရုတ်တရက် ရန်သူ၏လက်ချက်ဖြင့် ဝမ်းနည်းဖွယ် အသက် ဆုံးရှုံးခဲ့ရရှာလေသည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Old Style date27 October 1728
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)