မာတိကာသို့ ခုန်သွားရန်

သာသနာ ၂၅၀၀ စေတီတော် ရေလယ်ဘုရား

ဝီကီပီးဒီးယား မှ
သာသနာ ၂၅၀၀ စေတီတော် ရေလယ်ဘုရား
ရေလယ်ဘုရား
အချက်အလက်များ
တည်နေရာရန်ကြီးအောင်ရပ်ကွက်၊ ရေးမြို့မွန်ပြည်နယ်
ဗိသုကာ
ပြီးစီး၁၉၅၆; ၆၈ နှစ် အကြာက (၁၉၅၆)

သာသနာ ၂၅၀၀ စေတီတော် ရေလယ်ဘုရားသည် ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်ရှိ ရှေးဟောင်းကျုံးတော်ကြီး၌ သာသနာနှစ် ၂၅၀၀ ပြည့် အထိမ်းအမှတ် တည်ထားခဲ့သော စေတီတစ်ဆူဖြစ်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

သာသနာ ၂၅၀၀ ပြည့် နီးကပ်လာသောအခါ ရေးမြို့ မြို့မိ မြို့ဖများသည် သာသနာ ၂၅၀၀ ပြည့် အထိမ်းအမှတ် စေတီတော်တစ်ဆူ တည်ထားရန် စည်းဝေးတိုင်ပင်ကြသောအခါ ရေးမြို့ဟောင်း၏ ကျုံးအလယ်တွင် ရေလယ်စေတီတော်တဆူတည်ရန် မြို့သူမြို့သားများ၏ လုပ်အားဒါနဖြင့် ကျောက်၊ သဲများ သယ်ဖို့ကာ ကျွန်းငယ်တခုကို တည်ဆောက်ခဲ့​သည်။ မြန်မာသက္ကရာဇ် ၁၃၁၆ ခုနှစ်၊ ကဆုန်လပြည့်နေ့ (တနင်္လာနေ့)၌ သံဃာတော်များ၊ မြို့မိမြို့ဖများက အုတ်မြစ်ချပြီး တည်ထားမည့် စေတီတော်ပုံစံကို ရေးမြို့နေ ငွေတိုက်စာရေးကြီးဦးသောင်းရွှေက ရေးဆွဲ၍ မော်လမြိုင်မြို့မှ ဗိသုကာဆရာကြီးဦးဘငယ်ကို အပ်နှံကာ စေတီတော်ကိုတည်ထားကြသည်။ ၁၃၁၈ ခုနှစ်၊ ကဆုန်လပြည့်နေ့(ကြာသပတေးနေ့) တွင် ဌာပနာတိုက်၌ မြတ်စွာဘုရား၏ သရီရဓာတ်တော်၊ မွေတော်များကို ရွှေသင်္ဘောတွင်တင်၍ ပူဇော်ဌာပနာကာ ထီးတော်တင်သည်။ စေတီတော်သည် မြေပေါက်(ထူပါရုံ)စေတီပုံစံအမျိုးအစားမဟုတ်ဘဲ ကုလားကျောင်းခံ၍ ပစ္စယာအထက်တွင် တည်ထားသည့် အင်းလေးဖော်တော်ဦးစေတီပုံစံဖြစ်ပြီး ရင်ပြင်တော်မှ စိန်ဖူးတော်အထိ ဉာဏ်တော် ပေ ၃၀ အမြင့်ရှိသည်။ စေတီတော်အောက်ခြေ ဂန္ဓကုဋီအတွင်း အလယ်မဏ္ဍိုင်တွင် ကြာပွင့်ခံ ရပ်တော်မူ ရုပ်ပွားတော် လေးဆူ ကိန်းဝပ်စံပယ်ပြီး၊ မိတ္ထီလာမြို့၊ ဝမ်းတော်တိုက်ကျောင်းမှ ပင့်ဆောင်ပူဇော်လာသည့် ဗုဒ္ဓ၏ သရီရဓာတ်တော်များ၊ အဂ္ဂသာဝကနှစ်ပါးနှင့် ရဟန္တာအရှင်သူမြတ်များ၏ ဓာတ်တော်များကိုလည်း အပူဇော်ခံထားရှိသည်။

ဗုဒ္ဓပူဇနိယပွဲတော်များ

[ပြင်ဆင်ရန်]

စေတီတော်ကို အကြောင်းပြု၍ နှစ်စဉ် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် သံဃာများကို ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ တပေါင်းလပြည့်နေ့တွင် ဆီမီးတစ်ထောင်ပူဇော်ခြင်း၊ တော်သလင်းလတွင် ဆွမ်းတော်ကြီးကပ်လှူပူဇော်ခြင်းနှင့် တန်ဆောင်မုန်းလတွင် စေတီတော်၌ အပူဇော်ခံထားရှိသော မြတ်စွာဘုရားနှင့် ဧတဒဂ်ရ ရဟန္တာ ၄၁ ပါးတို့၏ ရုပ်ပွားတော်များကို ရေးမြို့ရှိ ရပ်ကွက်အသီးသီးရှိ မဏ္ဍာပ်စံကျောင်းဆောင်များ၌ အသီးသီးခွဲဝေ ပင့်ဆောင်ပူဆောင်ကာ တန်ဆောင်မုန်းလဆန်း ၁၃ ရက်၊ ၁၄ ရက်နှင့် လပြည့်နေ့ညများတွင် ရေးမြို့အတွင်းသို့ သုံးညတိုင်တိုင် ဒေသစာရီကြွချီပူဇော်ခြင်း အစရှိသော ဗုဒ္ဓပူဇနိယပွဲများကိုလည်း စည်းကားသိုက်မြိုက်စွာ ကျင်းပကြလေ့ရှိသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ရေးမြို့ သာသနပါလ ရန်ကင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇောတိက ရေးသားသော သာသနာ ၂၅၀၀ ရေလယ်ဘုရားသမိုင်း