၂၀၁၉ မြန်မာနိုင်ငံတောင်ပိုင်း ရေကြီးမှု
၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံ တောင်ဘက်ပိုင်းဒေသများဖြစ်သော ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးများရှိ မြို့နယ်များတွင် ရေကြီးရေလျှံမှုများနှင့် မြေပြိုကျမှုများ ဖြစ်ပေါ်ခဲ့သည်။[၁] ရေကြီးရေလျှံမှုများကြောင့် လူဦးရေ အနည်းဆုံး ၁၂၀၀၀ ကျော်ခန့် ဘေးဒုက္ခကြုံတွေ့ခဲ့ရသည်။[၂]
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်သော မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံအနှံအပြားတွင် မိုးရွာသွန်းခဲ့ကာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးများရှိ ဧရာဝတီမြစ်၊ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ ငဝန်မြစ်၊ ဘီးလင်းမြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်များ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ခဲ့ကာ မြစ်ရေကြီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။[၃][၄][၅][၆]
ကရင်ပြည်နယ်
[ပြင်ဆင်ရန်]ရေကြီးရေလျှံမှုများကြောင့် ကရင်ပြည်နယ်အတွင်း လူ ၂၂၀၀၀ ခန့် ရေဘေးကြုံတွေ့နေရသည်။[၇] သံလွင်မြစ်ရေ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ခဲ့သည့်အတွက် ကရင်ပြည်နယ်ရှိ နေရာအတော်များများတွင် ရေကြီးရေလျံမှုများ ဖြစ်ပေါ်ခဲ့သည်။ ဘားအံမြို့နယ်တွင် ရေဘေးစခန်း ၁၂ ခုခန့် ဖွင့်လှစ်ခဲ့ရသည်။[၄]
လှိုင်းဘွဲ့မြို့တွင် ရေကြီးမှုကြောင့် ဩဂုတ်လ ၃ ရက်နေ့က မြို့မဈေးကို အရေးပေါ် ပြောင်းရွှေ့ခဲ့ရသည်။[၅]
ထိုင်းမြန်မာ နယ်စပ် သောင်ရင်းမြစ်ရေကြီးမှုကြောင့် မြဝတီခရိုင်အတွင်း ရေဘေးသင့်သူ ၄၀၀ ခန့် ရှိခဲ့သည်။[၅]
ကြာအင်းဆိပ်ကြီးမြို့တွင် ဩဂုတ် ၇ ရက်နေ့က ကုန်တင်ယာဉ်ငယ်တစ်စီး ရေစီးနှင့် မျောပါသည်အထိ ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှု မရှိခဲ့ပေ။[၈]
မွန်ပြည်နယ်
[ပြင်ဆင်ရန်]မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်တွင် လူဦးရေ ၁၄၀၀၀ ခန့်[၇] ရေဘေးသင့်နေကာ ကယ်ဆယ်ရေးစခန်း ၆၀ ကျော် ဖွင့်လှစ်ထားခဲ့ရသည်။[၉] မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် မြစ်ရေကြီးမှုကြောင့် ရထားလမ်းကို ခေတ္တပိတ်ထားခဲ့ရသည်။ ဘီးလင်းမြို့နယ်အတွင်း ရေဘေးကယ်ဆယ်ရေးစခန်း ၃၇ ခုဖွင့်လှစ်ခဲ့ရပြီး လူဦးရေ ၇၀၀၀ ကျော် လာရောက်ခိုလှုံနေရသည်။[၄]
ဩဂုတ်လ ၉ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မော်လမြိုင်မြို့ပေါ်ရပ်ကွက်များတွင် ရေကြီးခဲ့ကာ နေအိမ်များ နစ်မြုပ်ခဲ့သည်။ ရေကြီးမှုကြောင့် သံလွင်တံတား(မော်လမြိုင်)ကို ခေတ္တပိတ်ထားခဲ့ရသည်။[၁၀] ရေလွှမ်းမိုးမှုကြောင့် မော်လမြိုင်-ရန်ကုန် အဝေးပြေးကားလမ်း အချို့နေရာများတွင် လမ်းပိတ်ခဲ့ပြီး သောကြာနေ့ ညနေပိုင်းတွင် လမ်းတစ်ခြမ်း ပြန်ဖွင့်ပေးခဲ့သည်။[၁၀]
ရေးမြို့နယ် မန်ကျည်းကျေးရွာတွင် ရေကြီး မြေပြိုမှုကြောင့် ကွမ်းခြံတွင် နေထိုင်သူတစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံသတင်းများက ဖော်ပြခဲ့သည်။[၁၀] ရေးမြို့ ရန်ကြီးအောင်၊ ရန်မျိုးအောင်၊အောင်မင်္ဂလာ၊အောင်သုခ၊အောင်မေတ္တာ၊ သီရိနန္ဒာ ရပ်ကွက်များနှင့် ကျောင်းရွာ၊ ချောင်းတောင်ကျေးရွာများ ရေနစ်မြုပ်ခဲ့ပြီ၊ ရေဘေးဒုက္ခသည် ၁၄၀၀ ကျော်ရှိကာ ကယ်ဆယ်ရေးစခန်း ၃ ခု ဖွင့်ထားခဲ့ရသည်။[၁၀]
ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာတွင် ဩဂုတ်လ ၉ ရက်နေ့က မိုးများပြီး မလတ်တောင်ပြိုကျမှုကြောင့် တောင်ခြေရှိ နေအိမ် ၁၁ လုံးနှင့် ဘုန်းကြီးကျောင်း ၁ ကျောင်း မြေပိခဲ့သလို[၁၁]အဝေးပြေးကားလမ်းပေါ်တွင် ရေကျချိန်စောင့်ဆိုင်းနေသော ခရီးသွားကားအချို့လည်း ပါဝင်ခဲ့သည်။[၁၂] အသက်ရှင်လျက် ၄၃ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး[၁၃] ဩဂုတ်လ ၁၉ ရက်နေ့တွင် ရှာဖွေရှင်းလင်းရေး ရပ်နားခဲ့ပြီးနောက် သေဆုံးသူရုပ်အလောင်း ၆၉ ခုကို ရှာဖွေတွေ့ရှိခဲ့ကာ ဆေးရုံတွင် တစ်ဦးကွယ်လွန်ခဲ့သောကြောင့် သေဆုံးသူ စုစုပေါင်း ၇၀ ဦးရှိခဲ့သည်။[၁၄]
ပေါင်မြို့နယ်၊ မုတ္တမ နယ်မြေရဲစခန်းနှင့် တိုက်နယ်ဆေးရုံများတွင် ရေဝင်ခဲ့သောကြောင့် ဆေးရုံမှ လူနာများကို ကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့ရသည်။[၁၁]
သံဖြူဇရပ်နှင့် ရေးမြို့နယ်အကြား ကားလမ်းရေကျော်နေသောကြောင့် လမ်းပိတ်ထားခဲ့ရသည်။[၁၁]
ချောင်းဆုံမြို့နယ် ကလော့ကျေးရွာတွင် ဩဂုတ် ၁၀ ရက် နံနက် ၁၀ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကမ်းပါးယံပြိုကျမှုဖြစ်ပွားခဲ့ကာ နေအိမ် သုံးလုံးပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို အပြိုင်ကျေးရွာတွင်လည်း တောင်နံရံ ထပ်မံပြိုကျမှုကြောင့် နေအိမ်တစ်လုံး၏ အနောက်ဆောင်ပြိုကျခဲ့သည်။[၁၃]
တနင်္သာရီတိုင်းဒေသကြီး
[ပြင်ဆင်ရန်]တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်နယ်စပ်ရှိ မလွှဲတောင်ပေါ်မှ ထားဝယ်-ရေးလမ်းပိုင်း မိုင်တိုင် ၇၉ တွင် မိုးသည်းထန်စွာ ရွာသွန်း၍ ရေတိုက်စားမှုကြောင့် ကားလမ်းပြိုကျကာ ဆက်သွယ်ရေးပြတ်တောက်သွားခဲ့သည်။[၁၅] ယင်းမြေပြိုမှုကြောင့် လူငယ်နှစ်ဦး သေဆုံးခဲ့ပြီး[၁၆] လမ်းပိုင်းတွင် ကုန်တင်ယာဉ်အစီး ၇၀ ခန့်နှင့် လူ ၁၀၀ ကျော် ပိတ်မိနေခဲ့သည်။
လောင်းလုံမြို့နယ် ကြက်လွှတ်ရွာရှိ ရှင်ကိုးရှင်သမိုင်းဝင် ရှင်မော်ဘုရားတွင် ဩဂုတ်လ ၁၀ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်နံရံမြေပြိုကျမှုဖြစ်ပွားခဲ့ကာ တောင်ပေါ်ရှိ လူ ၂၁ ဦး ပိတ်မိနေခဲ့ပြီး ဩဂုတ်လ ၁၂ ရက်နေ့တွင် ပိတ်မိနေသူအားလုံးအား ကယ်တင်နိုင်ခဲ့သည်။[၁၇]
တနင်္သာရီမြို့နယ်တွင် မြစ်ရေကြီးမှုကြောင့် လူ ၂၃၀၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး လူ ၇၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရသည်။[၁၈]
ထားဝယ်ဒေသတွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ထားဝယ်၊ လောင်းလုံ၊ ရေဖြူနှင့် သရက်ချောင်းမြို့နယ်များတွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့သည်။[၁၅]
ပုံများ
[ပြင်ဆင်ရန်]-
ကျိုက်မရောမြို့နယ်တွင်းရှိ ကျေးရွာအချို့၏ စိုက်ပျိုးမြေများ ရေလွှမ်းနေပုံ (စက်တင်ဘာ ၂၀၁၉)
-
ကျိုက်မရောမြို့နယ် ကော့ခလောက်ကျေးရွာတွင် ရေလွှမ်းနေစဉ် (စက်တင်ဘာ ၂၀၁၉)
ကိုးကား
[ပြင်ဆင်ရန်]- ↑ Floods Displace Scores Across S. Myanmar။ The Irrawaddy (၈ ဩဂုတ် ၂၀၁၉)။ 10 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၀ ဩဂုတ် ၂၀၁၉ တွင် ပြန်စစ်ပြီး။
- ↑ Sam Aung Moon (၉ ဩဂုတ် ၂၀၁၉)။ 'Everything is gone': Dozens dead, missing after Myanmar landslide။ Reuters။ 10 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၀ ဩဂုတ် ၂၀၁၉ တွင် ပြန်စစ်ပြီး။
- ↑ မဆုမွန် (၈ ဩဂုတ် ၂၀၁၉)။ မုတ်သုံမိုးကြောင့် မြစ်ကမ်းဘေးမြေပြိုမှုနဲ့ရေကြီးမှု အန္တရာယ်များ။ ဗွီအိုအေ မြန်မာပိုင်း။ 9 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၀ ဩဂုတ် ၂၀၁၉ တွင် ပြန်စစ်ပြီး။
- ↑ ၄.၀ ၄.၁ ၄.၂ ထက်အောင်ခန့် (၇ ဩဂုတ် ၂၀၁၉)။ မွန်-ကရင်နဲ့ ပဲခူးမှာ မြစ်ရေလျှံ။ ဗွီအိုအေ မြန်မာပိုင်း။ 8 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၀ ဩဂုတ် ၂၀၁၉ တွင် ပြန်စစ်ပြီး။
- ↑ ၅.၀ ၅.၁ ၅.၂ မအေးအေးမာ (၃ ဩဂုတ် ၂၀၁၉)။ ကရင်ဒေသတချို့ ရေဘေးရှောင်ပြောင်းရွှေ့။ ဗွီအိုအေ မြန်မာပိုင်း။ 4 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၀ ဩဂုတ် ၂၀၁၉ တွင် ပြန်စစ်ပြီး။
- ↑ လဲ့လဲ့ (၇ ဩဂုတ် ၂၀၁၉)။ ကရင်နှင့် ပဲခူးတွင် ရေကြီးမှုအန္တရာယ် ပိုဆိုးလာနိုင်ဟု ဒေါက်တာ ထွန်းလွင် ပြော။ ဧရာဝတီ သတင်းဌာန။ 8 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၀ ဩဂုတ် ၂၀၁၉ တွင် ပြန်စစ်ပြီး။
- ↑ ၇.၀ ၇.၁ စိုးမင်းထိုက်၊ စည်သူ (၁၃ ဩဂုတ် ၂၀၁၉)။ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် မွန်၊ ကရင်၊ တနင်္သာရီဒေသတို့တွင် စာသင်ကြားမှုရပ်နားထားသည့် စာသင်ကျောင်းပေါင်း ၇၀ ကျော်ရှိပြီး သေဆုံးသူစာရင်း၌ ကျောင်းသားကျောင်းသူ ၁၆ ဦးပါဝင်။ Eleven Media။ ၁၄ ဩဂုတ် ၂၀၁၉ တွင် ပြန်စစ်ပြီး။
- ↑ ထွန်းထွန်းမင်း (၁၀ ဩဂုတ် ၂၀၁၉)။ ကရင်နှင့် မွန်ပြည်နယ် ရေကြီးမှုကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်နေ။ ၇ ရက် နေ့စဉ်သတင်းစာ။ 10 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၀ ဩဂုတ် ၂၀၁၉ တွင် ပြန်စစ်ပြီး။
- ↑ သဇင်လှိုင် (၉ ဩဂုတ် ၂၀၁၉)။ မွန်၊ ကရင်နှင့် တနင်္သာရီ တို့တွင် မိုးပိုဦးမည်။ ဧရာဝတီ သတင်းဌာန။ 10 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၀ ဩဂုတ် ၂၀၁၉ တွင် ပြန်စစ်ပြီး။
- ↑ ၁၀.၀ ၁၀.၁ ၁၀.၂ ၁၀.၃ ကိုဉာဏ်ဝင်းအောင် (၁၀ ဩဂုတ် ၂၀၁၉)။ မွန်ပြည်နယ်ရေဘေး စိတ်မချရသေး။ ဗွီအိုအေ မြန်မာပိုင်း။ 10 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၀ ဩဂုတ် ၂၀၁၉ တွင် ပြန်စစ်ပြီး။
- ↑ ၁၁.၀ ၁၁.၁ ၁၁.၂ မလတ်တောင်မြေပြိုမှု- ရှာတွေ့တာ အနည်းဆုံး ၁၉ လောင်း ရှိနေပြီ။ ဘီဘီစီ မြန်မာပိုင်း (၉ ဩဂုတ် ၂၀၁၉)။ 18 November 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၀ ဩဂုတ် ၂၀၁၉ တွင် ပြန်စစ်ပြီး။
- ↑ ဉာဏ်စိုးဝင်း (၁၀ ဩဂုတ် ၂၀၁၉)။ မလတ်တောင်ပြိုကျမှု သေဆုံးသူ ၃၀ ၏ ရုပ်အလောင်းများရှာဖွေတွေ့ရှိ။ ဧရာဝတီ သတင်းဌာန။ 11 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၀ ဩဂုတ် ၂၀၁၉ တွင် ပြန်စစ်ပြီး။
- ↑ ၁၃.၀ ၁၃.၁ ဘိုဘိုမြင့်၊ နေမျိုးဝင်း (၁၀ ဩဂုတ် ၂၀၁၉)။ မွန်ပြည်နယ်တွင် အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ခဲ့သည့် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာရှိ မလတ်တောင်ပြိုကျမှုတွင် သေဆုံးသူ ၃၇ ဦးအထိ ရှိလာပြီး ရာသီဥတုဆိုးရွားပါက ဆက်ပြိုနိုင်ဟု သိရ။ Eleven Media။ 28 September 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၀ ဩဂုတ် ၂၀၁၉ တွင် ပြန်စစ်ပြီး။
- ↑ သန္တာလှိုင် (၂၀ ဩဂုတ် ၂၀၁၉)။ သဲဖြူကုန်းကျေးရွာ မြေပြိုနေရာတွင် ရှာဖွေရှင်းလင်းရေးလုပ်ငန်းများပြီးစီး စုစုပေါင်းသေဆုံးသူ ၇၀ ဦးတွေ့ရှိ။ ၇ ရက်နေ့စဉ်သတင်းစာ။ 20 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀ ဩဂုတ် ၂၀၁၉ တွင် ပြန်စစ်ပြီး။
- ↑ ၁၅.၀ ၁၅.၁ ဖြိုးဇင်(ထားဝယ်) (၁၀ ဩဂုတ် ၂၀၁၉)။ ထားဝယ်-ရေးလမ်းပိုင်းရှိ မလွှဲတောင်ပေါ်တွင် မိုးသည်းထန်စွာရွာသွန်း၍ ရေတိုက်စာမှုကြောင့် ပေ ၁၀၀ အရှည်၊ ၃၅ ပေအကျယ် အောက်မြေကြီးက ပေ ၅၀ အနက် ပြတ်ကျသွားခဲ့ပြီး ဆက်သွယ်မှုပြတ်တောက်။ Eleven Media။ ၁၀ ဩဂုတ် ၂၀၁၉ တွင် ပြန်စစ်ပြီး။
- ↑ ဖြိုးဇင်(ထားဝယ်) (၁၃ ဩဂုတ် ၂၀၁၉)။ မလွှဲတောင်ပေါ်မှ ထားဝယ်-ရေးလမ်းပိုင်းပြတ်ကျသွားခဲ့၍ သေဆုံးခဲ့သူနှစ်ဦး၏ ရုပ်အလောင်းများ ရှာဖွေတွေ့ရှိခဲ့ပြီး ပြတ်ကျခဲ့သည့်လမ်းပိုင်းတွင် ကုန်တင်ယာဉ်အစီး ၇၀ ခန့်နှင့် လူတစ်ရာကျော် ပိတ်မိနေ။ Eleven Media။ 14 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၄ ဩဂုတ် ၂၀၁၉ တွင် ပြန်စစ်ပြီး။
- ↑ စိုင်းကိုကိုထွန်း (၁၃ ဩဂုတ် ၂၀၁၉)။ ရှင်မော်တောင်ပြိုကျမှုတွင် ပိတ်မိနေသူအားလုံးကို ကယ်တင်နိုင်။ ၇ ရက် နေ့စဉ်သတင်းစာ။ 14 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၄ ဩဂုတ် ၂၀၁၉ တွင် ပြန်စစ်ပြီး။
- ↑ စိုင်းကိုကိုထွန်း (၁၄ ဩဂုတ် ၂၀၁၉)။ တနင်္သာရီမြို့နယ်တွင် လူနှစ်သောင်းကျော် ရေဘေးသင့်။ ၇ ရက် နေ့စဉ်သတင်းစာ။ 14 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၄ ဩဂုတ် ၂၀၁၉ တွင် ပြန်စစ်ပြီး။