မြို့တော်ဦးစေတီတော်

ဝီကီပီးဒီးယား မှ

မြို့တော်ဦးစေတီသည် မွန်ပြည်နယ်၊ ရေးမြို့၊ သီရိဇေယျာရပ်ကွက်တွင် တည်ရှိသည်။

မူလက ဥယျာဉ်ခြံမြေအတွင်းရှိ ထုထည်ကြီးမားသော စေတီငုတ်တိုဖြစ်ပြီး ၁၉၆၉ ခုနှစ်၊ ရေးမြို့ မြို့လုံးကျွတ်မီးလောင်မှုအပြီးတွင် မြို့မြေကွက်များ ပြန်လည်သတ်မှတ်ရာမှ စေတီငုတ်တိုပြန်လည်ဖော်ထုတ်၍ တည်ထားကိုးကွယ်ခဲ့ကြသည်။ ဉာဏ်တော်အမြင့်မှာ အတောင် ၈၀ (ပေ ၁၂၀) ရှိသည်။ မူလထီးတော်ဒါယိကာမှာ ဦးဟုတ်တိန်ဖြစ်သည်။ ဆရာတော်သံဃာတော်များနှင့် စာပေပညာရှင်များ၊ တာဝန်ရှိသူများက ရှေးဟောင်းမွန်စာပေများနှင့် စေတီတည်နေရာကို တိုက်ဆိုင်စစ်ဆေး၍ သမိုင်းကြောင်းကို ဖော်ထုတ်ရာမှ ဗုဒ္ဓဆံတော် တစ်ဆူကို ဌာပနာပြုကိုးကွယ်သော စေတီဖြစ်ကြောင်း သိရှိရသည်။ စေတီတော်၏ ပရဝုဏ်တွင် သာသနိက အဆောက်အဦများစွာ မရှိသော်လည်း စေတီတော်တည်ရှိရာ ဝန်းကျင်နယ်မြေတွင် ရှေးက စေတီပုထိုးများစွာ တည်ရှိခဲ့ပြီး ယခုအခါ တိမ်မြုတ်ပျောက်ကွယ်နေကြောင်း သိရှိရသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ရေးမြို့ ရှေးဟောင်းမှတ်တမ်းစာအုပ်မှ ကောက်နုတ်ချက်