အုတ်ဖိုဆရာတော်

ဝီကီပီးဒီးယား မှ

အုတ်ဖိုဆရာတော် (မြန်မာ ၁၁၇၉-၁၂၆၇)[ပြင်ဆင်ရန်]

အုတ်ဖိုဆရာတော် ဦးဥက္ကံဝံသမာလာသည် ဒွါရဂိုဏ်း(ဝါ) ဒွါရသာသနာကို စတင်ခဲ့သော သာသနာပြုပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တစ်ပါးဖြစ်ပေ သည်။ ဆရာတော်သည် သက္ကရာဇ် ၁၁၇၉ ခုနှစ် တပေါင်းလ ဆန်း ၅ရက်တနင်္ဂနွေနေ့၌ ဟင်္သာတခရိုင် သာရဝေါမြို့ကလေးမှ နှစ်မိုင်ကွာသော ရွာကလေးရွာ၌ ဖွားမြင်တော်မူသည်။ ခမည်း တော်နှင့် မယ်တော်တို့သည် ဦးရွှေပန်းနှင့် ဒေါ်လေးတို့ဖြစ်ကြ၍ ဆရာတော်၏ငယ်မည်မှာ မောင်ည|င်းတည်း။

အရွယ်သို့ရောက်လျှင် ကုလားချောင်းရွာအနီး နန်းဦး ကျောင်းမှ ဆရာတော်ဦးဇော်ဂျီ (ဆင်ဖြူကျွန်းဆရာတော်) ထံ၌ မိဘများကအပ်နှံ၍ ကျောင်းသားဘဝမှ ရှင်သာမဏေဝတ်သည့် တိုင်အောင် ပညာသင်ကြားခဲ့ရသည်။ အုတ်ဖိုဆရာတော်လောင်း မောင်ညှင်း၏ သာမဏေဘွဲ့အမည်မှာ ရှင်ဥက္ကံဝံသမာလာ ဖြစ် သည်။ သာမဏေဝတ်နှင့်ပင် အင်းဝမြို့မှကြွလာသော မြသိန်း တန်ဆရာတော်ထံတွင်လည်းကောင်း ဟင်္သာတအဝအုတ်ကျောင်း ဆရာတော် ဦးမဏိဇောတထံတွင်လည်းကောင်း ဟင်္သာတမြို့ သရက်တော ဆရာတော်ဦးကဝိထံတွင်လည်းကောင်း၊ ရန်ကုန်မြို့ ပုဇွန်တောင်ဆရာတော် ဦးမတိမထံတွင်လည်းကောင်း စာပေ ကျမ်းဂန်သင်ကြားတော်မူသည်။ ထိုစဉ်ကပင် အုတ်ဖိုဆရာတော် လောင်း ရှင်ဥက္ကံဝံသမာလာသည် မေတ္တာစာအရေးအဖွဲ့တို့ကို သီကုံးပြုစုခဲ့လေသည်။ ထို့နောက် မန်ကျည်းတောဆရာတော်ကို ဥပဇ္ဈယ်ပြု၍ ရဟန်းအဖြစ်ခံယူရာ ရဟန်းဘွဲ့သည်လည်း ဦးဥက္ကံ ဝံသမာလာပင်ဖြစ်လေသည်။

မန်ကျည်းတောဆရာတော်ကြီးထံ၌ ပရိယတ္တိဓမ္မတို့ကို သင်ကြားဆည်းပူး၍ ဆရာတော်ကြီး အထက်သို့ပြန်ကြွသွား သောအခါ ဓနုဖြူမြို့ ရွှေဂူကျောင်းတိုက်ဆရာတော် ဦးဇောတ (ယခင် ဟင်္သာတ သရက်တောကျောင်းတိုက်၊ တိုက်အုပ်)ထံ၌ ခိုလှုံ၍ ပရိယတ္တိဓမ္မတို့အပြင် ပျို့၊ လင်္ကာ၊ ကဗျာ စသောစာပေ အနုပညာတို့ကိုလည်း လေ့လာဆည်းပူးလေသည်။

ဆရာတော်ဦးဇောတသည် ဦးဥက္ကံဝံသမာလာ၏ ဉာဏ် ပညာပါရမီ ထူးခြားထက်မြက်ပုံကို တွေ့သိရသဖြင့် ပညာအရာ ၌ ပိုမိုထွန်းကားစေရန် အမရပူရမြို့တော်သို့ ခေါ်ဆောင်ခဲ့ပြီး လျှင် ဗားကရာဆရာတော်ကြီးထံ ကိုယ်တော်တိုင် အပ်နှံပေးခဲ့ သည်။ ဗားကရာဆရာတော်ကြီးထံ၌ ခုနစ်နှစ်ကြာမျှ ပရိယတ္တိ များကို ဆည်းပူးအားထုတ်ခဲ့ရာ စာသင်သားများအနက် ဉာဏ် အထက်မြက်ဆုံးအဖြစ် ထင်ပေါ်ခဲ့လေသည်။

ထိုစဉ်အတွင်း သက္ကတကျမ်းများကိုလည်း သမ္မာရသျှံ အမည်ရှိ ဗြဟ္မဏပုဏ္ဏား ဆရာကြီးထံသင်ကြားလေ့လာခဲ့လေ သည်။

ဗားကရာကျောင်းတိုက်၌ စာပေဆည်းပူး၍ လေးနှစ် ငါးနှစ်ခန့် ကြာသောအချိန်ကာလမှစ၍ မိမိကိုယ်တိုင် စာပေ ဆည်းပူး၍ သူတစ်ပါးတို့ကိုလည်း စာပေပို့ချပေးခဲ့လေသည်။ ဗားကရာဆရာတော်ဘုရားကြီးသည် သာသနာပိုင်ဖြစ် တော်မူပြီးနောက် သာသနာအရေးဆွေးနွေးစီမံနေရသဖြင့် ဆရာ တော်ကြီးကိုယ်တော်တိုင် စာပေမပို့ချနိုင်သောအခါ ဆရာတော် ဘုရားကြီး၏ အမိန့်အရ ဗန်းမော်ဆရာတော်ထံမှ ကြွင်းကျန် သေးသော ဝိနည်းပါဠိတော် အဋ္ဌကထာတို့ကို ဆက်လက်သင် ကြားရပေသည်။

ဗားကရာဆရာတော်ထံ၌ ခုနစ်နှစ်ခန့် စာပေသင်ကြား ပြီးနောက် မြသိန်းတန်ဆရာတော်၊ စစ်ကိုင်းဘက်ထူပါရုံ ဆရာ တော်တို့ထံ၌လည်း စာပေသင်ကြားခဲ့လေသည်။ မြသိန်းတန် ဆရာတော်ထံ၌ စာပေသင်ကြားနေစဉ် ဆရာတော်ဘုရား တိုက် တွန်းသဖြင့် အာချာတ်သာမိနိယာမ်၏ အဖြေဋီကာကျမ်းဖြစ် သော နိယာမသာရဒီပနီကို ရေးသားတော်မူသည်။ ထူပါရုံဆရာ တော်ထံတွင် ကလာပ်ကျမ်း၊ ဝိဒဂ်ကျမ်း၊ ဘင်္ဂလီနာဂရီ အစရှိ သော ဘာသန္တရကျမ်းဂန်များကို သင်ကြားဆည်းပူးသည်။ ထို့ နောက် ပဋိပတ္တိအရာ၌ အလွန်ထင်ရှားတော်မူသော အလယ် တောရဆရာတော်ကြီး အရှင်ဥတ္တမမထေရ်ထံတွင် ပဋိပတ်နည်း များကို သင်ကြားဆည်းပူးပြန်လေသည်။

ယင်းသို့နှစ်ပေါင်းအတန်ကြာ စာပေပရိယတ္တိတို့ကို ဆည်းပူးပြီးနောက် ၁၂၁၃ ခုနှစ်၌ တပည့် သံဃာနှစ်ကျိပ်ခန့် နှင့်အတူ သာရဝေါမြို့အနီး ဇာတိချက်မြှုပ်ဖြစ်သော ရွာကလေး ရွာတွင် ဆွေမျိုးဉာတကာများက ဆောက်လုပ်လှူဒါန်းသည့် ကျောင်း၌သီတင်းသုံးပြီးလျှင် စာပေပရိယတ်မပြတ်ပို့ချတော်မူ သည်။ တစ်နှစ်တစ်ဝါမျှကြာသောအခါ ၁၂၁၄ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာစစ် ဒုတိယအကြိမ်ဖြစ်၍ သာရဝေါမြို့ပျက်သော ကြောင့် ဆွေမျိုးဉာတိ တပည့်သံဃာများနှင့်တကွ အုတ်ဖိုမြို့(ယခုအင်္ဂပူမြို့)သို့ ပြောင်းရွှေ့သီတင်းသုံးသည်။ ထိုအခါမှစ၍ အုတ်ဖိုဆရာတော်ဟု ထင်ရှားခဲ့လေသည်။

အုတ်ဖိုမြို့၌ သီတင်းသုံးနေစဉ် ဇာတဿရအိုင် ဥဒကုက္ခေပ သိမ်၌ ဝိနည်းကံပြုခြင်းကိုအကြောင်းပြု၍ ဝိနည်းကံ မြောက် မမြောက် အငြင်းအခုန်ဖြစ်ပွားရာမှ အုတ်ဖိုဆရာတော်နှင့် မူလ ရှိရင်းသံဃာများ သဘောကွဲလွဲကာ ဂိုဏ်းကွဲသွားသည်။ ထိုအခြင်းကိစ္စဖြစ်ပွားပြီးနောက် ၁၂၁၇ ခုနှစ်ခန့်တွင် တစ်ဖန် မိရိုးဖလာအစဉ်အဆက် ကျင့်သုံးခဲ့သော ကာယကံ၊ ဝစီကံ၊ မနောကံဖြင့် ဘုရားရှင်အားရှိခိုးခြင်း ဝိန္ဒနာပြုနည်းကို ပစ်ပယ်၍ကာယဒွါရ၊ ဝစီဒွါယ၊ မနောဒွါယဖြင့်သာ ရှိခိုးခြင်း သည် နည်းမှန်လမ်းမှန်ဖြစ်သည်ဟူသော ဝါဒကို အုတ်ဖိုဆရာ တော်က ဖော်ထုတ်လိုက်ရာ အုတ်ဖိုဆရာတော်၏ဂိုဏ်းကို ဒွါရ ဂိုဏ်းဟုအမည်ပေးကြသည်။ အုတ်ဖိုဆရာတော်သည်လည်း ဒွါရ ဆရာတော်ဟု ကျော်စောတော်မူသည်။

ဆရာတော်သည် ရဟန်းတို့၏ စည်းကမ်းဖြစ်သော ဝိနည်းသိက္ခာပုဒ်တော်များကို တင်းတင်းကြပ်ကြပ် လိုက်နာ၍ အသက်နှင့်ထပ်တူ စောင့်စည်းတော်မူသည်။ ဆရာတော်သည် ဝိနည်းတော်ကိုသာကြည့်၍ အခြားမည်သူ့မျက်နှာကိုမျှ မထောက်ထားချေ။

ဆရာတော်သည် အမြို့မြို့အနယ်နယ်မှ လာရောက်ပင့် ဖိတ်သည့်အခါ ကိုယ်ကာယပင်ပန်းနွမ်း နယ်မှုကိုပဓာနမထားပဲ ကြွရောက်တရားဟောပြဆုံးမသည်။ မြို့ရွာအများအပြားတွင် သာသနာရေးပြဿနာများကို အဆုံးအဖြတ်ပေးရသည်။ အဆုံး အဖြတ်ပေးရသော သာသနာရေးပြဿနာများကား များမြောင်လှ ပေသည်။ ဆရာတော်သည် ၁၂၄၂ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာသို့လည်းကောင်း၊ ၁၂၄၉ ခုနှစ်တွင် ဘုရားရှင်၏ စွယ်တော်မြတ်အား ဖူးမြော်ရန် သီဟိုဠ်ကျွန်းသို့လည်းကောင်း ကြွရောက်တော်မူသည်။ ခရီးသွားသည့်အခါ ဝိနည်းတော်နှင့် အညီ ကျင့်သုံးနေထိုင်တော်မူသဖြင့် ခရီးဝေးဝေးလံလံသွားသည့် အခါ ကိုယ်ကာယပင်ပန်းနွမ်းနယ်ခြင်း အလွန်ဖြစ်ရသည်ကို လည်း အလွန်သည်းခံနိုင်တော်မူသည်။ အခါမဟုတ်ဘဲ ထီး မဆောင်း၊ ဖိနပ်မစီး၊ လူယာဉ် နွားယာဉ်စီးလေ့မရှိ။ နေလွဲလျှင် ဒကာကာမတို့က စေတနာထက်သန်စွာဖြင့် လှူဒါန်းဆက်ကပ်ပါ သော်လည်း ရုတ်တရက်ဘုဉ်းမပေး၊ ဝိနည်းတော်အရ အလွန် ဆာလောင်မှ ဘုဉ်းပေးသည်။ မဇ္ဈိမဒေသသို့ကြွတော်မူရန် စီစဉ် ပြင်ဆင်သောအခါ လိုရမယ်ရယူသွားမည့် ဖိနပ်ကောင်းကို ကိုယ်တော်တိုင် အောက်အထပ်လွှာကို ဖျက်ထုတ်ပြင်ဆင်သည်။ ထိုသို့ပြုခြင်းမှာ ဘုရားရှင်က မဇ္ဈိမဒေသ၌ "ဧကင်္ဂုဏုပါဟန" တစ်လွှာတည်းသောဖိနပ်ကိုသာ စီးခွင့်ပြုတော်မူသောကြောင့်ဖြစ် သည်ဟု မိန့်ကြားလေသည်။

အောက်ပြည်အောက်ရွာ၌ သာမန်လူတန်းစားတို့က ပင့် လျှောက်လာလျှင် အခါနေရာမရွေးကြွရောက်၍ တရားဓမ္မတို့ကို ဟောကြားချီးမြှင့်လေ့ရှိသော်လည်း မင်းစိုးရာဇာတို့နှင့် အကျွမ်း တဝင် ဆက်ဆံရန် အလွန်ဝန်လေးတော်မူလေသည်။ ဆရာ တော်ကြီး ထင်ရှားကျော်ကြားသည့်အချိန်သည် သာသနာကို အလွန်ချီးမြှင့်သော မင်းတုန်းမင်းတရားကြီး၏ လက်ထက်ဖြစ် သည်။ ထိုစဉ်က အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်မင်းတို့ သိမ်းပိုက်စိုးမိုးထားလေရာ ဆရာတော်ကြီးသည် သာသနာရောင် မှေးမှိန်သော အောက်ပြည်အောက်ရွာ၌ ကြိုးစားပမ်းစားပင် သာသနာကိုပြုစုလေသည်။ ပဉ္စင်းငယ်ဘဝကပင် ဦးဥက္ကံဝံသ မာလာ၏ သီလ၊ သမာဓိ၊ ပညာဂုဏ်သတင်းသည် နန်းတော် တိုင်အောင် ပျံ့မွှေးခဲ့၍ သက်တော်ရွယ်တော်ကြီးရင့်သည့်အခါ ပို၍အကျော်တစောရှိခဲ့သည်။ မင်းတုန်းမင်း အထွတ်အထိပ်သို့ ရောက်လျှင် မိမိမင်းသားဘဝက အိမ်တော်သို့ပင့်လျှောက်၍ မရသောရဟန်းတော်သည် ဗြိတိသျှတို့၏နယ်ပယ် အောက်ပြည် အောက်ရွာ၌ သာသနာပြုလျက် ဂုဏ်သတင်းထွန်းလင်းကြောင်း ကြားသိတော်မူလျှင် ထိုဆရာတော်အားဖူးတွေ့လိုသည်။ သို့သော် ပင့်လျှောက်၍ ရမရသိလိုသဖြင့် အုတ်ဖိုဆရာတော်နှင့် အကျွမ်း တဝင်ရှိလှသော ရွှေကျင်ဆရာတော်မှတစ်ဆင့် စုံစမ်းတော်မူစေ သည်။ ထိုအခါ အုတ်ဖိုဆရာတော်ကြီးက ငယ်စဉ်ကပင် မင်းပါးစိုးခွင် မဝင်ခဲ့သဖြင့် ယခုမှမင်းနှင့်အကျွမ်းတဝင်ပြုရန် မဖြစ်တော့ မဖြစ်လိုဟု အကြောင်းပြန်မိန့်ကြားလိုက်သည်။ ထိုအခါ မင်းတုန်းမင်းတရားသည် ဆရာတော်အား မဖူးမတွေ့ရ ပါလျှင် ဆရာတော်အတွက် အသုံးဝင်မည့် လှူဖွယ်ပစ္စည်းများ လှူဒါန်း၍ ကုသိုလ်ပြုလိုသဖြင့်စုံစမ်းပြန်ရာ ဆရာတော်သည် သိမ်တစ်ခုကိုသမုတ်ရန် စီမံခင်းကျင်းနေကြောင်းသိရလေသည်။ ထို့ကြောင့် ထိုသိမ်အတွက် သိမ်နိမိတ်ကျောက်တိုင်များကို နေပြည်တော်မှ ဆရာတော်သိမ်သမုတ်နေသည့်အရပ်သို့အရောက် တကူးတကန့်ပို့ဆောင်၍ ကုသိုလ်ပါဝင်တော်မူခဲ့လေသည်။ ဆရာတော်ဘုရားကြီးသည် ပျံလွန်တော်မမူမီကလေး တွင် သီတင်းသုံးရာ အုတ်ဖိုမြို့ ကန်ကုန်းကျောင်းတိုက်မှ ဇာတိချက်ကြွေဖြစ်သော ရွာကလေးရွာ ဗဟုဒေဝနိမ္မိတကျောင်း တိုက်သို့ ပြောင်းရွှေ့ သီတင်းသုံးပြီးလျှင် သာရဝေါမြို့စား မဟာသမိန်ထော၏ ကုသိုလ်တော်ဖြစ်သောစေတီတော်တစ်ဆူ ပျက်စီးယိုယွင်းနေသည်ကို ၁၂၆၆ ခုနှစ်မှစ၍ ကြီးကြပ်ပြင်ဆင် သည်။ ထိုအခိုက် လက်ပံတန်းမြို့ ဘုရားငါးဆူ ကျောင်းတိုက်၌ သီမသမ္မုတိကံကို ရွက်ဆောင်တော်မူ၍ ပြန်ကြွလာရာ ဇရာဖိစီး သက်တော်ကလည်းကြီး ခရီးကလည်းပန်းသဖြင့် အဖျားရောဂါ ကပ်ရောက်ခဲ့၍ တတ်မြောက်လိမ္မာကုန်သော ဆေးဆရာအများ အပြားဖြင့် သောင်းသောင်းဖြဖြ ဝိုင်းအုံကုသကြပါသော်လည်း ဘုရားရန္တာတို့ပင်မလွန်ဆန်နိုင်သော ဓမ္မတာအတိုင်း ၁၂၆၇ ခု နှစ် တပေါင်းလဆုတ် ၂ ရက်နေ့တွင်ပျံလွန်တော်မူလေသည်။ ပြုစုခဲ့သော ကျမ်းအစောင်ပေါင်း ၁ဝဝ ကျော်ရှိသည့် အနက် -

  1. နိယာမသာရဒီပနီ၊
  2. စန္ဒမဏ္ဍလသုက္ကနိဗ္ဗာန စာတမ်း၊
  3. ဒွါရသင်္ဂဟစာတမ်း၊
  4. ပါတိမောက္ခပကာသန ပဥ|ာဝိသဇ္ဇနာ၊
  5. စီဝရဝိနိစ္ဆယ၊
  6. သဒ္ဒတ္ထဘေဒစိန္တာနိဿယ၊
  7. က္ကဋနီတိနိဿယ၊
  8. သံဝေဇနိယစာတမ်း၊
  9. တုလတ္ထယောဇနာ၊
  10. ဂီတသရူပတ္ထစာတမ်း စသည်တို့အပြင်

မေတ္တာစာအမျိုးမျိုး ရတုအစောင်စောင်တို့လည်း ပါဝင်လေ သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)