မယ်ဖြူ မယ်ညို

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မယ်ဖြူ မယ်ညို (ရှင်ဖြူ ရှင်ညို ဟုလည်း သိကြသည်။) သည် မြန်မာ့မိရိုးဖလာကိုးကွယ်ယုံကြည်ကြသည့် နတ်ညီအစ်မနှစ်ပါး ဖြစ်သည်။ မယ်ဖြူ မယ်ညို နတ်ညီအစ်မတို့သည် ပျဉ်းမနားမြို့၊ ဆင်ဖြူတောင်နှင့် လှေထွင်းတောင်တွင် ထင်ရှားပြီး ရိုသေကြည်ညိုခြင်း ခံရသည့် နတ်နှစ်ပါး ဖြစ်သည်။[၁]

သမိုင်း[ပြင်ဆင်ရန်]

မယ်ဖြူမယ်ညို ညီအစ်မ[ပြင်ဆင်ရန်]

ပုဂံပြည်တွင် အနော်ရထာမင်းစိုးစံနေချိန်ဖြစ်၏။ မင်းကြီးသည် ရဲသီဟနှင့် ရဲဒိဗ္ဗ စစ်ဗိုလ်ညီအစ်ကိုနှစ်ဦးကို ဆင်ဖြူတော်အရှာထွက်ခိုင်းခဲ့သည်။ ညီအစ်ကိုနှစ်ယောက်တို့သည် ဆင်ဖြူရှာရင်း ပျဉ်းမနား အရှေ့ဘက်ရှိ ပေါင်းလောင်းမြစ်အနီးရှိ ကျဉ်ထောင်ရွာသို့ ရောက်ခဲ့သည်။ ထိုဒေသရှိ တောင်တစ်တောင်သို့ ရောက်သည့်အခါတွင် ဆင်ဖြူတော်သုံးစီးသည် မြေလျှိုးသွားသည်ကို “တွင်း” သာ တွေ့ရကြသည်။ ထိုတောင်ကို “ဆင်ဖြူတောင်” ဟု ခေါ်ခဲ့ကြသည်။

ညီအစ်ကို နှစ်ဦးတို့သည် ဆင်ဖြူတော်ကို ရှာဖွေကြရင်း ကျည်ထောင်ရွာတွင် နေထိုင်ကြသည်။ ထိုရွာရှိ ဦးဖြိုး−ဒေါ်သာတို့သမီးနှစ်ယောက်နှင့် ညီအစ်ကိုနှစ်ယောက်တို့သည် မေတ္တာမျှ ခဲ့ကြသည်။ ထို့နောက်တွင် ဘုရင့်အမိန့်နှင့် နေပြည်တော်သို့ ပြန်ရမည် ဖြစ်ရာ ညီအစ်ကို နှစ်ယောက်တို့သည် သုံးလကြာပါက ပြန်လာပြီး လပ်ထက်မည်ဟု ကတိပြုခဲ့ကြသည်။[၁]

သိုက်တူးခြင်း[ပြင်ဆင်ရန်]

ညီအစ်ကိုနှစ်ယောက် ပြန်သွားပြီး တစ်လအကြာတွင် ဖြစ်၏။ ထိုရွာသို့ ဦးပဉ္ဇင်းတစ်ပါးသည် သိုက်စာနှင့် ရောက်လာ၏။ ထိုဦးပဉ္ဇင်းသည် မောင်ကျောက်ဖားဆိုသူအား တပည့်အဖြစ်နှင့် ခေါ်သွား၏။ ထို့နောက်တွင် ဦးပဉ္ဇင်းသည် ဂါထာမန်းမှုတ်ကာ ဘီလူးမကျောက်ရုပ်၏ လည်ပင်းကို ချည်မန်းကွင်းဖြင့် စွပ်ထားလေသည်။ ရေကန်ပေါင်ပေါ်မှ နေ၍ မန်းမှုတ်သောအခါတွင် ကျွဲရုပ်ကြီး ပေါ်လာလေသည်။ ထို့နောက်တွင် ဦးပဉ္ဇင်းသည် ကျွဲ၏ လည်ပင်းကို ချည်မန်းကွင်းဖြင့် စွပ်လိုက်ပြီး တပည့်ဖြစ်သူ မောင်ကျောက်ဖားအား မည်မျှလှုပ်ပါစေ မရိုက်ပါနှင့်၊ ဆေးကြိမ်လုံးဖြင့် ရွယ်ရုံသာ ရွယ်ထားပါဟု မှာထားလေသည်။[၁]

မယ်ဖြူမယ်ညိုတို့အား မစခြင်း[ပြင်ဆင်ရန်]

ဦးဖြိုး−ဒေါ်သာတို့သည် ယာလုပ်စားသူများ ဖြစ်၏။ ယာလုပ်ရန် လာကြရင်း မိမိတို့၏ စားဦးသောက်ဖွယ်တို့ကို ကျောက်ဘီလူးမအား တင်မြှောက်ပသနေကျ ဖြစ်၏။ ထိုနေ့တွင် ဆက်သနေကျအတိုင်း တင်မြှောက်ရန် လာသည့်အခါတွင် ကျောက်ဘီလူးမသည် သေးငယ်ညောင်နာသောအသံဖြင့် မိမိ၏ လည်ပင်းမှ ချည်မန်းကွင်းကို ဖြုတ်ပေးရန် အကူအညီတောင်း၏။ ထိုအချိန်တွင် ဦးဖြိုး ဒေါ်သာတို့သည် ကြောက်လန့်၍ ထွက်ပြေးမည် ပြုသော်လည်း ကျောက်ဘီလူးမသည် အမျိုးမျိုးတောင်းပန်ကာ အကူအညီတောင်းသဖြင့် နောက်ဆုံးတွင် အရဲစွန့်ကာ ချွတ်ပေးခဲ့လေသည်။

ထို့နောက်တွင် ကျောက်ဘီလူးမသည် ကျေးဇူးရှိသည်ဟုဆိုကာ မိမိထိုင်နေသည့် နေရာအောင်တွင် ရှိသည် ကျောက်သံပတ္တမြားတို့ကို အကုန်လုံး ပေးလေသည်။

ထို့နောက်တွင် နတ်ဘီလူးမသည် ရေကန်ရှိရာသို့ မြန်ဆန်စွာ ထွက်သွားခဲ့လေသည်။ ဤသို့ဖြင့် ဦးဖြိုး ဒေါ်သာတို့သည် သူဌေးဘွဲ့ခံယူကာ ချမ်းသာသွားကြလေသည်။[၁]

သိုက်တူးသူများနှင့် ကျောက်ဘီလူးမ[ပြင်ဆင်ရန်]

တပည့်ဖြစ်သူ ကျောက်ဖားသည် တလှုပ်လှုပ်ဖြင့် ရုန်းကန်နေသည့် ကျွဲကို ရိုက်ပစ်ချင်သော်လည်း ဆရာဖြစ်သူက မှာထားသဖြင့် အောင့်အီးသည်းခံကာ နေနေရ၏။ ထိုနောက်တွင် ဦးပဉ္ဇင်း၏ ဂါထာမန်းမှုတ်မှုကြောင့် ရေအောက်တွင် လျှိုးနေသည့် ရွှေလှေကြီး’သည် ရေပေါ်သို့ ပေါ်လာ၏။

ထို့နောက်တွင် ကျောက်ဘီလူးမသည် ရောက်ရှိလာပြီး “ဟဲ့ ကျောက်ဖား လွှတ်လိုက်” ဟု အော်လေ၏။ ထိုအခါ ကျောက်ဖားသည် ဒေါသဖြင့် ကျွဲကို ရိုက်ပြီးနောက်တွင် ကျောက်ဘီလူးမကို ရိုက်မည်ဟု ကြံ၍ ကျွဲရုပ်ကြီးကို ရိုက်လိုက်လေသည်။ ထိုအခါတွင် ဆိုးဆိုးရွားရွား အသံများ ထွက်ပေါ်လာကာ ကျွဲရုပ်ကြီးသည် ရေအောင်သို့ ငုပ်လျှိုးပျောက်ကွယ်သွားလေသည်။ ဦးပဉ္ဇင်း၏ ဂါထာမန်းမှုတ်မှုမှာလည်း ပြီးခါနီးပင် ဖြစ်လေသည်။ သို့သော် ရွှေလှေသည် အရှေ့တောင်ဘက်ဆီသို့ ထွက်သွားပြီး တောင်ကို ခွဲထွက်ကာ သွားလေသည်။ ထိုလှေခွဲထွက်သွားသည့်တောင်ကို “လှေခွင်းတောင်” ဟု ခေါ်လေသည်။

ဦ့းပဉ္ဇင်းနှင့် ကျောက်ဖားလည်း ထိုနေရာတွင်ပင် ကားခနဲ ပျော့ခွေကျသွားကာ ဆုံးပါးသွားကြလေသည်။[၁]

မယ်ဖြူမယ်ညိုတို့၏ ကောင်းမှုကုသိုလ်များ[ပြင်ဆင်ရန်]

ဦးဖြိုးဒေါ်သာတို့ မိသားစုလေးဦးသည် ပစ္စည်းများကို ဝေခြမ်းယူကာ ကောင်းမှုကုသိုလ်များ ပြုကြလေသည်။

ဦးဖြိုး − ဒေါ်သာ လင်မယားနှစ်ဦးသည် ရှင်ပင်တုတ်ဖြိုး ဟူသည့် ဘွဲ့တော်နှင့် ဘုရားတစ်ဆူ တည်ထားကိုးကွယ်ခဲ့သည်။ မယ်ဖြူသည် ဆင်ဖြူတောင်ပေါ်တွင် ဘုရားတစ်ဆူ တည်ထာကိုးကွယ်ခဲ့ပြီး မယ်ညိုသည် လှေထွင်းတောင်တွင် ဘုရားတစ်ဆူ တည်ထားကိုးကွယ်ခဲ့ကြသည်။[၁]

နတ်ဖြစ်ကြခြင်း[ပြင်ဆင်ရန်]

မယ်ဖြူမယ်ညိုတို့သည် ချစ်သူများဖြစ်ကြသည် မင်းရဲဒိဗ္ဗနှင့် ရဲသီဟတို့ကို စောင့်စားလျက် ရှိကြသည်။

ထိုအချိန်တွင် ထိုဒေသတို့ ရှမ်းစော်ဘွားတစ်ဦးသည် လှည့်လည်လာရာ မယ်ဖြူမယ်ညိုတို့ကို လိုချင်မက်မောသဖြင့် အတင်းကြံစည်လေသည်။ ထိုအခါ မယ်ဖြူမယ်ညိုတို့သည် စော်ဘွား၏ အန္တရယ်မှ ကင်းအောင် ထိုရွာတွင် မနေတော့ဘဲ ဆင်းရဲသားအသွင်ဆောင်ပြီး အနီးအနားရှိ ကျေးရွာများတွင် နေထိုင်ခဲ့ကြသည်။

ဤသို့ဖြင့် ရဲသီဟနှင့် ရဲဒိဗ္ဗတို့သည် ကျည်ထောင်ရွာသို့ ပြန်လည်ရောက်ရှိလာကြသည်။ ထိုအခါတွင် ညီအစ်ကိုနှစ်ဦးသည် အကြောင်းမျိုးစုံ သိကြရပြီး စော်ဘွား၏ ဘက်တော်သားများနှင့် တိုက်ပွဲဖြစ်ကြလေသည်။

ထိုတိုက်ပွဲသို့ ဆင်ရဲသားအသွင်ယူထားသည့် မယ်ဖြူမယ်ညိုတို့ ရောက်ရှိလာ၏။ ရဲသီဟနှင့် မင်းဒိဗ္ဗတို့အား ပုဂံသို့ ထွက်ပြေးကြရန် ပြောစဉ် အဆိပ်လူးမြားထိမှန်သဖြင့် ညီအစ်မနှစ်ဦးသည် သေဆုံးခဲ့ကြရသည်။

မယ်ဖြူသည် ဆင်ဖြူတောင်ကို စွဲလမ်းသည့်စိတ်ဖြင့် ဆင်ဖြူတောင်စောင့်နတ်မယ် ဖြစ်ခဲ့သည်။ မယ်ညိုသည် လှေထွင်းတောင်ကို စွဲလမ်းသည့်စိတ်ဖြင့် လှေထွင်းတောင်စောင့် နတ်မယ် ဖြစ်ခဲ့လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ဦးထွေးဟန် (၁၉၉၁ ခုနှစ်၊ ဇူလိုင်လ၊ ၁၇ ရက်). မြန်မာ့မိရိုးဖလာဓလေ့ နတ်သမိုင်း. အမှတ် - ၅၊ တင့်ဆန်းလမ်း၊ ဗဟန်း၊ ရန်ကုန်မြို့: ရွှေပုရပိုက်စာပေ, ၂၀၄၊ ၂၀၅၊ ၂၀၆၊ ၂၀၇။