မြို့မငြိမ်း

ဝီကီပီးဒီးယား မှ
(ငြိမ်း၊ မြို့မ မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search
မြို့မငြိမ်း
MyoMaN.jpg
ကိုယ်ရေး အချက်အလက်များ
အမည်ရင်း ကျော်ငြိမ်း
မွေးဖွား (၁၉၀၉-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။-၂၃)ဖေဖော်ဝါရီ ၂၃၊ ၁၉၀၉
မြန်မာသက္ကရာဇ် ၁၂၇၀ ပြည့်နှစ် ၊ တပေါင်းလဆန်း (၅) ရက်
ကွယ်လွန် စက်တင်ဘာ ၁၅၊ ၁၉၅၅(၁၉၅၅-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၉"။-၁၅) (အသက် ၄၆)
အလုပ်အကိုင် တေးရေးဆရာ၊ ဂီတပညာရှင်
တက်ကြွသည့်နှစ်များ ၁၉၃၁–

မြို့မငြိမ်း (၁၉၀၉- ၁၉၅၅) သည် အလင်္ကာကျော်စွာဘွဲ့ရ ဂီတပညာရှင် တစ်ဦး ဖြစ်ခဲ့သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

မြို့မငြိမ်း၏ အမည်ရင်းမှာ ဦးကျော်ငြိမ်းဖြစ်သည်။ မန္တလေးမြို့ ပန်းယွန်းကုန်သည် ဦးညီ ၊ ဒေါ်ချစ်ဦးတို့၏ သားနှစ်ယောက်အနက် သားကြီးဖြစ်သည်။ ဦးကျော်ငြိမ်းအား ခရစ်နှစ် ၁၉၀၉ ခုနှစ် ၊ မြန်မာသက္ကရာဇ် ၁၂၇၀ ပြည့်နှစ် ၊ တပေါင်းလဆန်း (၅) ရက် ၊ တနင်္လာနေ့တွင် မန္တလေးမြို့၌ ဖွားမြင်ခဲ့သည်။

မြို့မငြိမ်းအသက် ၁၄ နှစ်သားအရွယ်တွင် ဖခင်က သူငယ်ချင်းဖြစ်သူ ဦးဘသက် (ခံစားမှုအနုပညာရှင် ပန်းချီ ဆရာကြီး ဦးဘသက်) ထံ ပညာရပ်များ ဆည်းပူးသင်ကြား ပေးရန် အပ်နှံပေးခဲ့သည်။ ၅ နှစ်ခန့်ကြာသောအခါ ပန်းချီ၊ ပန်းပု နှင့် မယ်ဒလင်၊ ဘင်ဂျို၊ ဗျက်စောင်း ပညာများကို သင်ကြားတတ်မြောက်ခဲ့ သည်။

မြို့မငြိမ်း၏ လက်ဦးဆရာများမှာ လက်ရင်းဆရာကြီး ဦးဘသက်၊ 'မင်းကြီးဦးဆက်' ဆိုသူ၏ ညီ ဦးချက်၊ ဦးလင်းနှင့် စောင်း ဦးမောင်မောင်လတ် (အာဠဝီ) တို့ဖြစ်ကြသည်။ ရွာစားစိန်ဗေဒါကြီးနှင့် ဒေဝဣန္ဒာ ဦးမောင်မောင်ကြီးတို့ထံမှလည်း မြန်မာ့စောင်းပညာကို သင်ကြားခဲ့သည်။

ဦးကျော်ငြိမ်းသည် ငယ်စဉ်ကပင် ပန်းချီနှင့် ဂီတကို ဝါသနာ ပါခဲ့သည်။ စောင်းတီးပညာကို ရွာစားကြီး စိန်ဗေဒါနှင့် စောင်း ဦးမောင်မောင်ကြီး တို့ထံမှ ဆည်းပူး သင်ယူခဲ့သည်။ ခရစ်နှစ် ၁၉၂၈ ခုနှစ်တွင် မန္တလေးမြို့မတူရိယာအသင်း ကို ဦးတော်လုံ ဆိုသူက တည်ထောင်ခဲ့ရာ ဦးကျော်ငြိမ်းလည်း ပါဝင်ခဲ့သည်။ ဦးကျော်ငြိမ်းသည် မြို့မ အဖွဲ့သားအဖြစ် အနောက်တိုင်း တူရိယာ တီးနည်းနှင့် တူရိယာ သင်္ကေတ ပညာတို့ကို သင်ယူခဲ့သည်။ ၁၉၃၁ မှစ၍ သီချင်းများကို ရေးစပ်ခဲ့ရာ မြို့မငြိမ်း ဟူသော ဂီတစာဆို အမည်ကို ခံယူခဲ့သည်။

ဂီတစာဆိုဘဝ[ပြင်ဆင်ရန်]

မြို့မငြိမ်း ရေးသားခဲ့သော သီချင်းပေါင်း (၂၀၀) ခန့် ရှိသည်ဟု သိရသည်။ မြို့မငြိမ်း၏ သီချင်းများအနက် ပထမဦးဆုံး တစ်တိုင်းပြည်လုံး ကျော်ကြားခဲ့သော သီချင်းမှာ "ချစ်ထာပဓာန" သီချင်း ဖြစ်သည်။ သီချင်းရေး သက်တမ်း (၂၄) နှစ်အတွင်း ကျော်ကြားခဲ့သော သီချင်းများမှာ လူချွန်လူကောင်း၊ ခင့်အိပ်မက် ၊ တစ်ချစ်ထဲ ချစ် ၊ မြင်းခင်းတော် ၊ နတ်သျှင်နောင် ၊ မေ့ပါနိုင် ၊ ပျို့မှာတမ်း ၊ သက်ဝေ ၊ ပါရမီတော် ၊ ချစ်ရဲဘော် ၊ မင်္ဂလာမောင်မယ် ၊ ငွေဇင်ယော် ၊ ပြုံးတဲ့မေ ၊ လေချိုသွေး စသော သီချင်းများ ဖြစ်ကြသည်။ မြို့မငြိမ်း သီချင်း စတင်ရေးသားခဲ့သော အချိန်၌ အနောက်တိုင်း တေးသွားများကို ပုံတူကူး၍ မြန်မာစကားလုံး သွင်းကာ စပ်ဆိုသော အလေ့အကျင့် ခေတ်စားနေသော အချိန်ဖြစ်သည်။ သို့သော် မြို့မငြိမ်းသည် အနောက်တိုင်း ဂီတမှ သီချင်းစပ်နည်းကို မှီငြမ်းသော်လည်း တေးသွားကို ခိုးချခြင်း မပြုပဲ သူ၏ ပင်ကိုယ်ဂီတဉာဏ်ဖြင့်သာ ကိုယ်ပိုင်တေးသွားများ ရေးစပ်ခဲ့သည်။

၁၉၃ဝ ခုနှစ်ခန့်က 'တောမြိုင်ခြေလမ်း' ယိုးဒယား သီချင်းတစ်ပုဒ်ကို မြို့မတူရိယာအသင်းသည် ပထမဦးဆုံး မြူးဇစ်နုတ်သင်္ကေတပြု၍ စတင်စမ်းသပ် တီးမှုတ်ခဲ့ကြပြီး၊ ဒုတိယသီချင်းမှာ 'စံရာတောင်ကျွန်း' ဖြစ်၍၊ ၁၉၂၅ ခုနှစ်က ယဉ်ကျေးမှုဝန်ကြီး ဦးထွန်းဖေ၊ ရွှေပြည် ဆရာကြီးဦးဘတင် (သမိုင်း)၊ ဆရာဘကလေး(မန်းပန်တျာပတ္တလား၊ စန္ဒရားနည်းပြဆရာကြီး) တို့အား မြန်မာသီချင်းကြီး၊ သီချင်းခန့်များကို သင်္ကေတ ပြု၍ ရနိုင်၊ မရနိုင်ကိစ္စနှင့် ပတ်သက်၍ နမူနာတီးပြခဲ့ကြသည်။ ၁၉၅၃-၅၄ ခုနှစ်တွင် မြို့မငြိမ်းသည် ပန်တျာ မူမှန်ပြုရေးသင်္ကေတ တင်မှတ်ရေး အကြံပေးအဖွဲ့တွင် ပါဝင်ခဲ့သူလည်း ဖြစ်သည်။

မြို့မငြိမ်း၏ 'ကသစ်ပန်း' သီချင်းကို အကော်ဒီယံမောင်သန့်၊ ဒါးတန်းဦးသန့် ဦးစီးသော တီးဝိုင်းဖြင့် ဓာတ်ပြားသွင်းခဲ့သည်။ ထိုထဲမှာ ဝန်ကြီး ပဒေသရာဇာ၏ 'ပုဇင်းတောင် သံကြိုး' သီချင်းမှ မြို့မငြိမ်း မှီးယူ အသုံးပြုခဲ့သော 'အုံ့ကာလေ တဖွဲဖွဲ၊ ရွာလေတသဲသဲ' ဟူသော အပိုဒ်ကို ဒါးတန်းဦးသန့်က အနောက်တိုင်း တူရိယာ အကော်ဒီယံ (Accordian) ဖြင့် ဘယ်နှင့်ညာကို မြန်မာအတွဲအဖက်၊ မြန်မာမှု မြန်မာ့ဟန်အနှစ်သာရမပျက်စေဘဲ ကော့ဒ် (chord) များဖြင့် တီးခတ်ခဲ့သည်။ ထိုအပိုဒ်ငယ် (4 bars) ၄ စည်းများရှိသည်ကိုပင် စည်းရှိန်မြှင့်ကာ (8 bars) မျှ ဆန့်ထုတ်၍ မူလပင်ကိုယ် မြန်မာ့ဟန်မှ အခြေခံတေး သွားအယူအဆကို မျိုးပွားဖန်တီးခြင်း၊ (Variations on Theme) နည်းစနစ် ဖြင့် တယောအစွမ်းပြတီးခတ်ပေးခဲ့ပြီး ဖြစ်သဖြင့် ကသစ်ပန်းသီချင်းသည် ဒါးတန်းဦးသန့်နှင့် မြို့မငြိမ်းတို့၏ အနောက်တိုင်း ဝိုင်းဖွဲ့စနစ်နှင့်ပတ်သက်သော စမ်းသပ်မှုမှတ်တိုင် ဖြစ်ခဲ့ပါသည်။

သင်္ကေတစနစ်နှင့်ပတ်သက်ပြီး ဒါးတန်းဦးသန့်နှင့် မြို့မငြိမ်းတို့၏ ဆရာများ၊ နည်းပညာပေးခဲ့သူများမှာ-မစ္စတာရီဂို၊ မစ္စတာဘော်ဘီ၊ မစ္စတာ ဒေးဗစ် စသူတို့ဖြစ်ကြပါသည်။ မစ္စတာ ရီဂိုသည် အယ်ဖင်စတုန်း ရုပ်ရှင်ရုံ (ရွှေတိုက်) ရုံဝင်းအတွင်း နေထိုင်သူဖြစ်ပြီး၊ ဘုရားရှိခိုးကျောင်းနှင့် ရုပ်ရှင်ရုံတွင် စန္ဒရားတီးသည်။ (ရီဂိုဗင်)ဟူသော တီးဝိုင်း Band နှင့် ဂီတသင်တန်းဖွင့် ထားသူဖြစ်ပါသည်။ မစ္စတာဘော်ဘီမှာ ထရမ်းပက်သမားတစ်ဦးဖြစ်၍၊ တူရိယာ ပစ္စည်းမျိုးစုံနှင့် ဂီတနှင့်သက်ဆိုင်သော စာအုပ်စာတမ်းများ ရောင်းသောဆိုင် ဖွင့်ထားသည်။ မစ္စတာဒေးဗစ်မှာ မန္တလေးနန်းတွင်း စစ်ဘင်ခရာတီးဝိုင်းမှ တီးဝိုင်းခေါင်းဆောင်အဖြစ် မှတ်တမ်းတွင် တွေ့ရှိရသည်။

၁၉၃ဝ ခုနှစ်တစ်ဝိုက်က မန္တလေးမြို့ဟိုတယ် ပျော်ပွဲစားရုံနှင့် ကပွဲခန်းလေးများတွင် မစ္စတာရီဂိုက လာခေါ်တတ်၍ မြို့မငြိမ်း၊ ဒါးတန်းဦးသန့်တို့ လိုက်ပါ တီးမှုတ်ခဲ့ဖူးသည်။ ထိုစဉ်က မြို့မငြိမ်းမှာ ဆိုက်ဆိုဖုန်းနှင့် ကလာရီနက် တူရိယာနှစ်မျိုးကို သင်္ကေတဖတ် စနစ်ဖြင့် တီးမှုတ်ခဲ့သည်။

စစ်မဖြစ်မီကာလက မြို့မ တူရိယာအသင်း၏ သင်္ကေတသမားများ ဟု ဆိုနိုင်ကြသူများမှာ ဒါးတန်းဦးသန့်၊ မြို့မငြိမ်း၊ ဦးအေးကျော် (မန်းပန်တျာ ပန်းချီနည်းပြဟောင်း)၊ ဦးသိန်းမောင် (စမောသိန်းမောင်)၊ ချိုကြီး(ဂေါ်ချို)၊ တို့ဖြစ်သည်။ ၁၉၃၅ မှ ၁၉၃၈ အတွင်း ခေတ်ပေါ်တူရိယာများ၊ သင်္ကေ တစနစ်နှင့် ဓာတ်ပြားသွင်းယူခဲ့သော မြို့မငြိမ်း၏ သီချင်းများမှာ ချစ်တာ ပဓာန၊ ခင့်အိပ်မက်၊ ရှုမဝ၊ အလှပြိုင်ပွဲ၊ နန်းတော်ရှေ့ဆရာတင်၏ ဧရာဝတီ၊ အောင်ပင်လယ်၊ ထို့နောက် မြို့မငြိမ်း၏ မန်ဒါလီ၊ နှစ်ပိဿခွဲ၊ ပျိုး၊ ကသစ်ပန်း စသည့် သီချင်းများ ဓာတ်ပြားသွင်းယူခဲ့ရာ အောင်မြင်ခဲ့သည်။

ထိုခေတ် ကမ္ဘာစစ် မီး မြန်မာပြည်သို့ ကူးစက်လောင်ခဲ့စဉ်၊ စစ်ဘေးရှောင်တိမ်းရင်း၊ ကျောက်မဲ ဘက်သို့ ရောက်သွားသည်။ သူငယ် ချင်း ဦးဘဟန် (ကားသင်း ဥက္ကဋ္ဌ) နှင့် တွေ့မှ ပြန်ခေါ်လာပြီး စစ်ကိုင်းဘက် ကူးသွားကြပြန်သည်။ ထိုမှတဆင့် ဂီတ မိတ်ဆွေများ စုစည်းမိကာ ('ကမ္ဘာစစ်မီး လောင်ရာတွင် သူ ငါ ခိုကိုးစစ်ကိုင်း တောင်ရိုးမှပင် မြို့မအသင်းဝင် ရသမျှ စုစည်းလို့ပင် တီးဆိုရေးမပျက်၊ အား ဆေးတစ်ခွက် အသွင်') ဟူသော မြို့မ သမိုင်းသီချင်းများ ပေါ်ထွက်လာခဲ့သည်။

ဤသို့ဖြင့် မြို့မငြိမ်းတို့ ဂီတ မိတ်ဆွေများတစ်စု၊ မန္တလေး ၈၄ လမ်း ရှိ ဘီကျင်ဟော်တယ်တွင် အဖျော်ယာမကာစုပ်ရင်း၊ အနုပညာအကြောင်း စိတ်ကူးဆွေးနွေးမှုလေး လုပ်ဖြစ်ခဲ့သည်။

၁၉၂၈-၂၉ ခုနှစ်တွင် 'ကဆုန်ညောင်ရေနှင့် တဝါတွင်း' သီချင်းများ ရေးဖြစ်ခဲ့ရာ၊ အသင်းသား များက လက်ခံအားပေးခဲ့ကြသည်။ ၁၉၃၅ ခုနှစ်ခန့်တွင် မြို့မ တူရိယာအသင်းသည် ခွေးတံဆိပ် ဓာတ်ပြားကုမ္ပဏီနှင့် သီချင်းများစွာ သွင်းခဲ့သည်။ နန်းတော်ရှေ့ဆရာတင်၏ ဥစ္စာရင်းမှန်၊ အလှူ့ရှင်၊ သော့တွဲ၊ ဧရာဝတီ၊ အောင်ပင်လယ် အပါအဝင် မြို့မငြိမ်း၏ ချစ်တာပဓာန၊ ခင့်အိပ်မက်၊ ရှုမဝ၊ အလှပြိုင်ပွဲများသည် ပထမဦးဆုံး သော ဓာတ်ပြားသီချင်းများဖြစ်ခဲ့သည်။ မြို့မငြိမ်းသည် သီချင်းရေးသက် ၁၈ နှစ်၊ အနှစ် ၂ဝ အတွင်း သီချင်းပုဒ်ရေပေါင်း ၁၅ဝ မှ ၂ဝဝ နီးပါအထိ ရေးသားပြုစုသွား ခဲ့သည်။ ၁၉၃၅ ခုနှစ်ခန့်မှစ၍ စစ် မဖြစ်မီအထိ ဓာတ်ပြားပေါင်း ၄ဝ ကျော် သွင်းခဲ့သည်။

အေဝမ်းနှင့် သွင်းယူခဲ့သော ဓာတ်ပြားများမှာ ပါရမီတော်၊ ရေခင်း တော်၊ နတ်သျှင်နောင်၊ ပျို့မှာတမ်း၊ မေ့ပါနိုင်၊ ဖူးစာပိုင်၊ မင်္ဂလာမောင်မယ်၊ သက်ဝေ၊ ချစ်လွန်းတင်၊ လှမြ ဉ္ဇူ၊ လေထဲက ဖူးစာ၊ ရွှေမင်းဝံ၊ နွဲ့မျိုးစုံ၊ ချစ်ကျိုးတော်ဆောင်တို့ ဖြစ်သည်။ သက်ဝေကို အဆိုတော်ပြည်လှဖေ နှင့် တင်တင်အေးတို့က သီဆိုခဲ့သည်။ ချစ်ကျိုးတော်ဆောင်ကို တင်တင်အေး နှင့် သီဆိုစေခဲ့သည်။ အေဝမ်းနှင့် ဓာတ်ပြားသွင်း၍ မကြာမီ စစ်ဖြစ်ခဲ့ရာ ထို ဓာတ်ပြားများကို အချို့ စစ်မဖြစ်မီ ထုတ်၍၊ အချို့ကို စစ်ပြီးခေတ်မှ ပြန် ထုတ်ခဲ့သည်ဟု သိရှိရသည်။

ဆဋ္ဌသင်္ဂါယနာတင် မဟာနာယက ညောင်ရမ်းဆရာတော်ဘုရာကြီး၏ အန္တိမ ဈာပနသဘင်တွင် မြို့မငြိမ်းမှ မောင်းတစ်ဝိုင်း၊ ကြေးတစ်ဝိုင်းဖြင့် မြန်မာ့ဆိုင်းဝိုင်း နှင့် အနောက်တိုင်း တူရိယာများနှင့် တွဲဖက်တီးမှုအစကို စတင် ခဲ့ပါသည်။

မြို့မငြိမ်းသွင်းယူခဲ့သော ဓာတ်ပြားသီချင်းများမှာ ချစ်တာပဓာန၊ ခင့်အိပ်မက်၊ ရှုမဝ၊ အလှပြိုင်ပွဲ၊ နှစ်ပိဿာခွဲ၊ မန်ဒါလီ၊ တချစ်ထဲချစ်၊ လေချိုသွေး၊ လားတွေ ထပ်၊ ရှင်တခုပဲ၊ ဖရဲသီးနဲ့ ဘဲဥ၊ မောင့် အရည်ချင်း၊ ယောင်းမ၊ မျက်မှန်စိမ်းနှင့် မြက်ခြောက်၊ အူချင်ယောင်ယောင်၊ မေဓာဝီ၊ လက်ဝဲသုန္ဒရ၊ နှစ်ယောက်ထဲ၊ ကသစ်ပန်း၊ စစ်ကိုင်းတောင်၊ ချစ်ကဝေ၊ လင်းအာရုဏ်၊ ဒေါင်းစက်ယာဉ်၊ ခုံးမျက်စ၊ ပျိုး၊ ထီးကလေး၊ မိဖုရားစော၊ ရေပက်မဝင်၊ ငါးဘဝ၊ လောကဇာတ်ခုံ၊ လူ့ဓမ္မတာတို့ ဖြစ်သည်။

မြန်မာ့ရုပ်ရှင်[ပြင်ဆင်ရန်]

မြို့မငြိမ်း၏ သီချင်းများသည် ရုပ်ရှင်နောက်ခံသီချင်းများ ဖြစ်ရုံမက၊ ရုပ်ရှင်ဇာတ်ကားအမည်များ အဖြစ် မှည့်ခေါ်ယူခြင်း ပြုခဲ့ကြသည်။ ရုပ်ရှင်အဖြစ် မှည့်ခေါ်ခဲ့သော သီချင်း များမှာ (၁) တိမ်လွှာမို့မိုလွင်၊ (၂) သခွတ်ပန်း၊ (၃) နှစ်ယောက်ထဲ နေချင်တယ်၊ (၄) လေချိုသွေး၊ (၅) ဓာတ်တူနာမ်တူ၊ (၆) လေထဲက ဖူးစာ၊ (၇) ခိုင်းတော့ သက်ဝေ၊ (၈) ချစ်ကျိုး တော်ဆောင်၊ (၉) ချစ်မြင်းမိုရ်၊ (၁ဝ) ယဉ်ကျေးမှု ရုပ်ရှင်မှ ကားတစ်ကား စသည်တို့ ဖြစ်သည်။

မြို့မငြိမ်း၏ ရုပ်ရှင်သီချင်းများအဖြစ် ထင်ရှားသော သီချင်းနှင့် ဇာတ်ကားများမှာ (၁) သခွတ်ပန်း (သခွတ်ပန်းဇာတ်ကား)၊ (၂) ချစ်ကျိုး တော်ဆောင် (ဆုထူးငယ်ပန်ရွယ်သွန်း ဇာတ်ကား)၊ (၃) တချစ်ထဲချစ် (အပယ် ရတနာရုပ်ရှင်)၊ (၄) တိမ်လွှာမို့မို့လွင် (တိမ်လွှာမို့မိုလွင်ရုပ်ရှင်)၊ (၅) နှစ် ယောက်ထဲ (နှစ်ယောက်ထဲနေချင်တယ် ဇာတ်ကား)၊ (၆) လေထဲက ဖူးစာ (လေထဲကဖူးစာရုပ်ရှင်)၊ (၇) ကစားစရာ အသည်းမွှာ (တခိုင်လုံးရွှေဇာတ်ကားမှ)၊ (၈) မခို့တရို့ (သားရွှေဒေါင်းတောင် ရုပ်ရှင်) (၉) မပြီးသေးသော် ပန်းချီကား (ဆောင်းအိမ်မက်ရုပ်ရှင်)တို့ဖြစ်ကြပြီး၊ ရုပ်ရှင်ထဲပါ၊ မပါ မသိရသော်လည်း မင်းသားဝင်းဦး သီဆိုခဲ့သော တံမွှာပဉ္ဇင်၊ ပြုံးတဲ့မေ၊ မပြီးသေးသော ပန်းချီကားနှင့် သစ္စာ သီချင်းများဖြစ်၍ ရုပ်ရှင်မင်းသမီး နွဲ့နွဲ့စန်း(ပျို့မှာတမ်းသီချင်း)ကို သီဆိုခဲ့ ကြသည်။

အခြားသော သီချင်းများကိုလည်း ခေတ်ဟောင်းရုပ်ရှင်မင်းသား ပြည်လှဖေခင်မောင်ရင်၊ မင်းသမီး မေရှင်တို့ သီဆိုခဲ့ကြသည်။

မြို့မငြိမ်း၏ နောက်ဆုံး မကွယ်လွန်မီ ရေးခဲ့သော သီချင်းမှာ 'တိမ်လွှာမို့မို့လွင်' ဖြစ်သည်။

မိသားစု[ပြင်ဆင်ရန်]

အသက် (၂၂) နှစ်အရွယ်တွင် မသန်းသန်း (ဒေါ်သန်းမေ) ဆိုသူနှင့် အိမ်ထောင်ကျခဲ့၍ သားသမီး (၁၃) ယောက် ထွန်းကားခဲ့သည့်အနက် ကွယ်လွန်ချိန်တွင် (၈) ယောက် ကျန်ရစ်ခဲ့သည်။ ရှေးသီချင်းကြီးများကို မူမှန်သတ်မှတ်ရေး အထက်မြန်မာပြည် ကော်မတီ အဖွဲ့တွင် လူကြီးတစ်ဦးအဖြစ်၎င်း ၊ မန္တလေးရုပ်ရှင် ကုမ္ပဏီတွင် ဂီတဘက်ဆိုင်ရာ ဒါရိုက်တာအဖြစ်၎င်း ဆောင်ရွက်နေခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

မြို့မငြိမ်းသည် မန္တလေးမြို့၊ ခရစ်နှစ် ၁၉၅၅ ခုနှစ် ၊ စက်တင်ဘာလ (၁၅) ရက်နေ့တွင် မော်တော်ကားတိုက်ခံရပြီး ကွယ်လွန်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

[၁]

  • ဆရာရွှေပြည်အေး ဆောင်းပါး
  • ဦးကိုလေး (အမရပူရ) ဆောင်းပါး
  • ရွာစားစိန်ဟန်တင်ဆောင်းပါး
  • သန်းအောင်ခိုင်ရေး - မြို့မငြိမ်းနှင့် သူ့ အနုပညာစာအုပ်
  • [၁]
  • http://sawwai.blogspot.com/2008/01/myo-ma-nyein.html.
  • မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)