လှဖေ၊ ပြည်

ဝီကီပီးဒီးယား မှ
(ပြည်လှဖေ မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ပြည်လှဖေ

အရေးပိုင် ဦးခူးနှင့် ဒေါ်ကြင်စီတို့မှ ဖွားမြင်သည့် သား(၄)ယောက် သမီး(၂)ယောက်တွင် ပြည်လှဖေသည် တတိယသားဖြစ်သည်။ သက္ကရာဇ် ၁၂၇၄ခုနှစ်တွင် ပြည်မြို့ ကြိုးတန်းရပ်တွင် မွေးဖွားသည်။ ငယ်စဉ်ကတည်းက အနုပညာဝါသနာကြီးခဲ့ပြီး ပြည်မြို့မှ နာမည်ကျော် ပညာရှင်ကြီးများ၏ ပညာရည်နို့ကို သောက်စို့ခဲ့ရသည်။ ပြည်လှဖေတို့ ညီအကိုလေးယောက်လုံး ဂီတဝါသနာကြီးကြသည်။ အကိုအကြီးဆုံး ကိုလှငွေမှာ ဘင်ဂျိုအတီးကောင်းပြီး အကိုလတ် ကိုလှရွှေမှာ တယောနှင့်ဆိုင်းဝိုင်းကို အတော်အသင့် နိုင်နင်းသည်။ ပြည်လှဖေ ကိုယ်တိုင်ကလည်း ပြည်မြို့မှာ နေစဉ်ကတည်းက တယောထိုးတတ်ခဲ့သည်။ ပြည်မြို့တွင် (၁၀)တန်းအောင်သည်အထိ ကျောင်းနေခဲ့သည်။ တက္ကသိုလ် တက်ရန် ရန်ကုန်သို့လာရင်း တက္ကသိုလ် မရောက်ပဲ ၊ အေဝမ်းကုမ္ပဏီသို့ ရောက်သွားပြီး၊ သူငယ်ချင်း ကိုတင်မောင်နှင့် တွေ့ဆုံရာမှ အေဝမ်းကုမ္ပဏီ၏ လခစား ဖြစ်ခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် စတင်၍ အေဝမ်းတူရိယာအဖွဲ့ကို အုပ်ချုပ်သူအဖြစ် လုပ်ကိုင်ကာ အသံတိတ်ဇာတ်ကားများ ၌ တီးမှုတ်ကြရသည်။ ၁၉၃၈ ခုနှစ် သဘင်ဝန်ဓာတ်ပြား ထုတ်လုပ်သောအခါ ဓာတ်ပြားအဆိုတော်ဖြစ်လာခဲ့သည် ။ ၁၉၃၉ မှစ၍ ပြည်လှဖေ၏ နာမည်မှာ ကျော်ကြားခဲ့သည်။ လစဉ်ထုတ် အေဝမ်းသဘင်ဝန် ဓာတ်ပြားများ ၌ တစ်ဦးချင်းအဆို စုံတွဲအဆိုတို့ အဆက်မပြတ် လစဉ်ထုတ်ဝေ ဖြန့်ချိကာ ပြည်သူတို့ အသည်းစွဲ အဆိုကျော်ဖြစ်လာသည်။ ရုပ်ရှင်မင်းသမီး အဆိုကျော် မေရှင်မှာ ပြည်လှဖေနှင့် တွဲဖက်အဆို စုံတွဲဖြစ်ခဲ့သည်။


၁၉၄၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားပြီး အင်ဂျင်နီယာ သိပ္ပံကျောင်းတက်ခဲ့သည်။ ပြန်လာသောအခါ ရုပ်ရှင်၊ ဂီတ၊ အနုပညာအလုပ်ကို လုံးဝမလုပ်တော့ပဲ တပ်မတော်ထဲသို့ ဝင်သွားသည်။ တပ်မတော်တွင် နှစ်ပေါင်း(၂၀) ကျော်မျှ အမှုထမ်းပြီး ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ ရောက်ရှိခဲ့သည်။ ထို့နောက် မြေယာကျေးလက် ကော်ပိုရေးရှင်းတွင် အထူးအရာရှိ(စက်မှုလယ်ယာ) အဖြစ် ပြောင်းရွေ့ အမှုထမ်းရပြန်သည်။ ထို့နောက် အမှတ်(၂) စက်မှုဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့တွင် ဒုတိယဝန်ကြီး အဖြစ် အမှုထမ်းခဲ့ပြီး၊ ကျန်းမာရေးချို့ယွင်းလာသဖြင့် အင်္ဂလန်နိုင်ငံတွင် ဆေးကုသွားရသည် ။ ၁၄.၀၃.၁၉၉၀ အင်္ဂလန်မှာပင် ကွယ်လွန်အနိစ္စရောက်ခဲ့ရလေသည်။ ၁၆.၀၃.၁၉၉၀ ရက်နေ့တွင် ထိုနိုင်ငံ၌ပင် သင်္ဂြိုဟ်ခဲ့သည်။ [၁]

ယခုဆိုလျှင် သူ ကွယ်လွန်သည်မှာ ၁၄.၀၃.၂၀၀၉ ရက်နေ့၌ ၁၉ နှစ်တင်းတင်း ပြည့်ခဲ့ပြီ။ သူတစ်ဦးတည်း ဆိုသည့် သီချင်း ၁၅ ပုဒ် ခန့်ရှိမည်။ မှတ်မိသမျှ မြကလောင်ရေးသည့် ဇွဲ သီချင်း၊ မြို့မငြိမ်းရေးသည့် နတ်သျှင်နောင် သီချင်းနှင့် မေ့ပါနိုင် သီချင်း၊ ဂျူဗလီစိန်ရေးသည့် နဂါးနိုင်မင်း သီချင်းနှင့် မင်းမဟာဂီရိ သီချင်း၊ ရွှေပြည်အေး ရေးသည့် ချစ်မိုးဆွေ သီချင်းနှင့် ကဥ္စန သီချင်း၊စိန်ဝေလျှံရေးသည့် ပပဝင်းဝင်း သီချင်း၊ အေဝမ်းဆရာညှာရေးသည့် မေတ္တာဂုဏ် သီချင်း၊ ဂုဏ်တော်ဖွင့် သီချင်းနှင့် သုဝဏ္ဏသျှံ သီချင်း၊ သဟာယ ဆရာတင်ရေးသည့် ဂုဏ်မြင့်သူ သီချင်းနှင့် မာနရှင် သီချင်း၊စစ်ကိုင်း ဆရာကြည်ရေးသည့် ရှင်သီဝလိ သီချင်း၊ စန်းသော်တာ ရေးသည့် ရွှေတံငါ သီချင်းတို့ ဖြစ်သည်။ ပြည်လှဖေကို အဆိုတော် တစ်ယောက် အဖြစ်သာ လူသိများပြီး တယောထိုး ကောင်းသည့် ဂီတပညာရှင် အဖြစ် လူအများ မသိကြပါ။ သူသည် စစ်မှုထမ်း ဖြစ်ရာ နယ်မျိုးစုံသို့ ပြောင်းနေ ရ၍ နယ်မျိုးစုံတွင် ခရိုင်ရဲဝန်တာဝန် ထမ်းဆောင်ရသော စာရေးသူ၏ ဖခင်ရှိရာသို့ ကြုံလျှင် ကြုံသလို ဝင်လာတတ်ပါသည်။ ညအိပ်သည့် အခါများတွင် တယော ထိုးပြ၍ သူတယော ထိုးကောင်းကြောင်း စာရေးသူ သိရခြင်း ဖြစ်ပါသည်။ ပြည်လှဖေသည် ရုပ်ရှင်မင်းသားလည်း လုပ်ခဲ့ဖူးပါသည်။ စောင်းတော်ရှင် ရုပ်ရှင်ဇာတ်ကား တစ်ကား၌သာ ပါဝင် သရုပ်ဆောင်ခဲ့ပြီး သူ၏ သရုပ်ဆောင်မှုမှာလည်း တစ်ကားဆို ဆိုသလောက် ထူးချွန် ပြောင်မြောက်ခဲ့သည်။ ထို့ကြောင့် ပြည်လှဖေနှင့် စောင်းတော်ရှင်သည် ခွဲခြား၍မရ ဖြစ်သွားသည်။ စစ်ပြီးခေတ်တွင် အေဝမ်းရုပ်ရှင် အသိုက် အဝန်းဖြစ်သော လျှပ်စစ် ရုပ်ရှင်မှ ဒါရိုက်တာမောင်တင်ယု ရိုက်ကူးတဲ့ ကပ္ပလီ ဇာတ်ကားတွင် မောင်တင်မောင် (အေဝမ်း ဦးတင်မောင်)နှင့်အတူ ပါဝင် ရိုက်ကူး ခဲ့သေးသည်ဆို၏။ ကပ္ပလီ တွင် သာမန်သရုပ်ဆောင် တစ်ဦး အဖြစ်သာ ပါဝင်ခဲ့သည်ဟု လူကြီးများ ပြော၍ သိရ ပါသည်။ ထိုဇာတ်ကားကို စာရေးသူ မကြည့်ဖူးပါ။ စာရေးသူ အခါပေါင်း မြောက်မြားစွာ ကြည့်ခဲ့ရပြီး ယနေ့တိုင် စွဲ၍ တသသ ဖြစ်နေသည့် ဇာတ်ကားမှာ စောင်းတော်ရှင် ဇာတ်ကား ဖြစ်သည်။

စာရေးသူ၏ အဘိုး တန်ဖဲယားက လက်ပံတန်းမြို့တွင် အောင်မင်္ဂလာ ရုပ်ရှင်ရုံကိုပိုင်သည်။ ရုပ်ရှင်ရုံ မန်နေဂျာမှာ စာရေးသူ၏ ကြီးတော် ဒေါ်သန်းခင်ဖြစ်ရာ စာရေးသူတို့ ကြိုက်သည့် ရုပ်ရှင်ဇာတ်ကားဆိုလျှင် အလကား ကြည့်ရ၍ အကြိမ်ပေါင်းများစွာ ကြည့်ခဲ့ပါသည်။ ကြိုက်သည့် အခန်းကိုလည်း ထပ်ခါထပ် ခါကြည့်လေ့ ရှိသည်။ စောင်းတော်ရှင် ဇာတ်ကားသည် စစ်ကြီးပြီးသည့် သည်ဘက်အထိ ဖလင်များ မပျက်မစီး ရှိသေးရာ သည်ဘက်ခေတ်တွင် ပြန်ပြ၍ နောက်ဆုံး ကြည့်လိုက် ရပါသည်။ အင်္ဂလိပ် ရုပ်ရှင်ကားများတွင် (Musical Picture) ဂီတရုပ်ရှင် ဇာတ်ကား ဟု ရှိခဲ့သည်။ မြန်မာရုပ်ရှင် ကားများ၌လည်း ဂီတရုပ်ရှင် ဇာတ်ကားများ အနည်းအပါး ရှိခဲ့ပါသည်။ ပြည်လှဖေ ပါဝင်သော စောင်းတော်ရှင် ဇာတ်ကားကိုလည်း တေးဂီတ ဇာတ်ကားဟု ခေါ်ရပေမည်။ ပို၍ ထူးခြားသည်က ရာဇဝင် ဇာတြ်ဖစ်ပြီး တေးဂီတ ရုပ်ရှင် ဖြစ်နေခြင်းပေတည်း။ မင်းသား၊ မင်းသမီးမှာ ပြည်လှဖေနှင့် မေရှင်တို့ဖြစ်ရာ ထိပ်တန်းအဆို တော် စုံတွဲဖြစ်နေ၍လည်း ပို၍ ထူးခြားသည်။ ဇာတ်ဝင်ခန်းတိုင်းမှာပင် အံဝင် ခွင်ကျ တေးဂီတများကို သီကျူး ဟစ်ကြွေးခဲ့ကြသည်။

စောင်းတော်ရှင် ဇာတ်ကားမှာ လူ အများသိကြသည့် ဦးရှင်ကြီး ဇာတ်လမ်း ဖြစ်၏။ လက်ဝဲ စာရေးဆရာများ ပြောသကဲ့သို့ နတ်အတန်းအစား ခွဲသည်ရှိ သော် ဦးရှင်ကြီးသည် အနှိမ်ခံ ဆင်းရဲသား အလုပ်သမား နတ်တစ်ပါး ဖြစ်၍ သူ့ အဖြစ်မှာ ကြေကွဲစရာ ကောင်းလှသည်။ ထိုစာရေးဆရာများ လေသံနှင့်ပင် ပြောရလျှင် မောင်ရှင်၏ အမေဖြစ်သူက သား ဖြစ်သူ ရှင်ပြုရန် ငွေရှာအသွားတွင် သူ့ အစ်မငွေရှင်ဖြစ်သူက ဓနရှင်ပီပီ ငေါက်ထုတ်လိုက်၏။ မောင်ရှင်မှာ အဒေါ်ဖြစ်သူ အပေါ် စိတ်ကွက်သွားလေ၏။ သူတို့ ဆင်းရဲသား သားအမိမှာ မျက်နှာငယ်နှင့် ပြန်လာခဲ့ကြသည်။ မောင်ရှင်သည် သူ့ကိုယ်သူ အားကိုးကာ လှေထိုး လိုက်၍ ငွေရှာသည်။ ငွေရလျှင် သူ့အမေ၏ ဆန္ဒ အတိုင်း ရှင်ပြုမည် ဟူသော ရည်ရွယ်ချက်ဖြင့် ထင်းခုတ်သွားသော လှေတွင် အလုပ်သမား တစ်ယောက် အဖြစ် အလုပ် လုပ်၍ လိုက်ပါသွားလေသည်။

မိန်းမလှကျွန်း အရောက်တွင် လှေသူကြီးနှင့် လှေထိုးသားများ အားလုံးက မောင်ရှင်ကို လှေစောင့် အဖြစ် ထမင်းချက်ရန် လှေပေါ်တွင် ထားခဲ့၏။ သူတို့ အားလုံး ထင်းခုတ် သွားကြလေသည်။ မောင်ရှင်ကို မိန်းမလှကျွန်းတွင် မိန်းမလှ နတ်များ ကြီးစိုး၍ လုံးဝ သီချင်း မဆိုရန်၊ မတီးမမှုတ်ရန် မှာခဲ့ပေသည်။ အနုပညာ သမား ဖြစ်သူ မောင်ရှင်သည် မဆိုပါနှင့်၊ မတီးပါနှင့် ဆိုကာမှ တစ်ယောက်တည်း ကျန်ချိန်တွင် သူ ဝှက်၍ ယူလာသော လက်စွဲတော် စောင်းလေးကို ထုတ်၍ တီးပါတော့သည်။ သာယာလှပသော ပတ်ဝန်းကျင် အနေအထားကြောင့် သူ့ အသည်းနှလုံးထဲမှ ဂီတများကလည်း နိုးကြား ထွက်ပေါ် လာခဲ့လေသည်။ စောင်းကို သူ တီးခတ်၍ သီချင်း ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် မိန်းမလှ ကျွန်းစောင့် နတ်သမီးလေးများသည် ပေါ်လာကာ မောင်ရှင်၏ ဂီတတွင် နစ်မျော သွားကြသည်။ ဝိုင်း၍လည်း ကခုန်ကြ၏။ ထင်းခုတ်နေစဉ် ရက်များ အတွင်း နေ့တိုင်းပင် မောင်ရှင်၏ ဂီတဖြင့် နတ်သမီးများ ပျော်ပါး နေကြရာ သူတို့သည် မောင်ရှင်ကို စွဲလမ်းနှစ်သက် နေကြတော့သည်။ သို့နှင့် ထင်းခုတ် ကိစ္စပြီး၍ မောင်ရှင်တို့ လှေပြန် အလှည့်တွင် နတ်သမီးလေးများက လှေကို မထွက်နိုင်အောင် ဆွဲထားကြသည်။

လှေသူကြီးသည် သူတို့ထုံးစံ အတိုင်း ဘယ်သူ့ကြောင့် လှေမထွက်နိုင်သည်ကို မဲချရာတွင် ကံဆိုးသူ မောင်ရှင် မဲကျလေတော့သည်။ မောင်ရှင်အား အရှင် လတ်လတ်ရေတွင် ချရစ်ကာ သူတို့ လှေထွက်သွားတော့သည်။ နတ်သမီးကလေးများက မောင်ရှင်အား ပွေ့ယူကာ ကျွန်းပေါ်သို့ ခေါ်သွားကြသည်။ မောင်ရှင်သည် အရှင်လတ်လတ် နတ်ဖြစ်သွားသည်ဟု အဆိုရှိ၏။ ဦးရှင်ကြီး၏ အတ္ထုပ္ပတ္တိ အကျဉ်းမှာ ဤမျှသာဖြစ်၏။

မောင်ရှင်သည် ဦးရှင်ကြီး ဟူသော ဘွဲ့ကိုယူ၍ နတ်ဖြစ်ချိန်တွင် ငါးပါး သီလ ထိန်းသိမ်း၍ သက်သတ်လွတ် စားသည်။ သူ့ကို ပသရာတွင် သက်သတ် လွတ်များ ဖြစ်သော အုန်း၊ ငှက်ပျော၊ ကောက်ညှင်း(သို့မဟုတ်) မုန့်ဆန်း၊ ကြံ၊ ထန်းလျက်ခဲ စသည်များဖြင့်သာ ပသရ သည်။ ဝါတွင်း ဆိုလျှင် ညနေဘက် မတင်ရ၊ မနက်အရုဏ်တွင် တင်ရသည်။ မြန်မာ အများအပြားပင် နတ်ကိုးကွယ်သူ ဖြစ်စေ၊ မကိုးကွယ်သူဖြစ်စေ ဝါဝင် ဝါထွက်၌ ဦးရှင်ကြီး တင်လေ့ ရှိသည်။ အထူးသဖြင့် မြန်မာပြည် အောက်ပိုင်းတွင်ဖြစ်၏။

ဦးရှင်ကြီး ဇာတ်လမ်းကို စောင်းတော်ရှင် အမည်ဖြင့် ရုပ်ရှင်ရိုက်သော အခါ မောင်ရှင် အဖြစ် သရုပ်ဆောင်သူ ပြည်လှဖေသည် အဖော်များနှင့် မိန်းမ လှကျွန်းညိုသို့ လိုက်သွား လို၍ မိခင် မုဆိုးမကြီး(ဒေါ်ဂျမ်းစိန်)အား ခွင့်တောင်းရာ ပထမ ခွင့်ပြုချက် မရ၍ စိတ် အညစ်ကြီး ညစ်ခဲ့သည်။ နောက်မှ သားကို အလို လိုက်ရပြီး ခွင့်ပြုချက်ပေး၏။ ဤတွင် ပြည်လှဖေ(မောင်ရှင်)သည် စောင်းကိုပိုက်၍-

"+++ မွေးမိခင် ဘယ်လိုတားပေမယ့် +++ မေ့သားဖြင့် လိုက်တော့မယ်+++"

အစချီ ဗုံထောက်သံတေးကို သီကျူးသည်ကို သတိရနေပါသည်။ သူ၏ သီကျူးသံ ကြားသည်နှင့် ပွဲကြည့် ပရိသတ်မှာ ရွှင်မြူး တက်ကြွ နေကြသည်။ သူ့အမူအရာကို ကြည့်ရသည့် ရုပ်ရှင် ပရိသတ်သည်ပင် သူနှင့်အတူ မြူးထူး ပျော်ရွှင်နေသည်ဟု ခံစားမိကြရသည်။

ရုပ်ရှင်ထဲတွင် မောင်ရှင်၏ အစ်ကို ဝမ်းကွဲ မောင်အောင်ဟူသည့် ဇာတ်ပို့ ဇာတ်ရုပ်ကို ဖန်တီးထားသည်။ မိခင်ဖြစ် သူက သူ့သားကို စိတ်မချ၍ မောင် အောင်ကို အတန်တန် အပ်နေသည်မှာလည်း နောင်ဖြစ်ပေါ်မည့် အရေးအတွက် ဇာတ်နာအောင် ဖန်တီးနေခြင်းပင် ဖြစ်၏။ မိန်းမလှကျွန်းသို့ ရောက်သည့် အခါ ကျွန်းညိုရှင်၏ သမီးဖြစ်သူ လူယောင် ဖန်ဆင်းထားသော နာနာဘာဝ မေရှင်နှင့် နောက်ဆုံး ချစ်သူဘဝ ရောက်ကြရသည်။ ရိုးသားလှသော မောင်ရှင်ကို မေရှင်က မိန်းမနောက်ပိုး ပိုးခဲ့ရခြင်း ဖြစ်၏။ ထိုဇာတ်ကားမှ မေရှင် ရက်ကန်းခတ်ရင်း သီဆိုသည့် သီချင်းမှာ ရှေးသီချင်းပင် ဖြစ်သည်။ ကောင်းလွန်း လှ၍ ယနေ့တိုင် စွဲနေပါသည်။ သို့သော် စာသားကို မမှတ်မိသဖြင့် သီချင်းသံကိုလည်း ဖော်ပြ၊ ခေါ်မပြနိုင်တော့ပါ။ နှစ်ပေါင်း ၅၀ ကျော်မက ရှိပေပြီ။ မေရှင်နှင့် အချီအချ သီဆိုကြသည့် ဇာတ်ဝင် တေးသံသာများ ကလည်း မြင်ရ၊ ကြားရသူတို့ကို ဘဝင် စွဲငြိစေခဲ့ပါသည်။

မင်းသမီးဆို- "+++ လောကီဘုံ အတွင်းဝယ် မကင်းကြတဲ့ ကာမဂုဏ်ရယ် +++ မောင်ရဲ့အာရုံ ငါးသွယ်ဝင်စားလို့ဖြင့် ချစ်ကြိုက်ပါတယ် +++ မြင်မြင်ချင်းကွယ် စိတ်တွင်းကရယ် မေတ္တာရှိသူ ကလေးမှာ မချိတော့တယ်+++"

မင်းသားဆို- "+++မ... ဆိုရင် မုန်းတယ် +++ လောင်းဘုန်းမြတ် သူတော်စင်နှယ် +++ ရုပ်ဆင်းချောသူ ကလေးရယ် +++ ၁၅၀၀ နဲ့ မချစ်ဝံ့ပါတယ် +++ ရှောင်ကြဉ်တိမ်းကာ စိတ်ထိန်းရတယ် +++ ခင့်ကို စိမ်းရင် ဒုက္ခငြိမ်းလိမ့်မယ်+++"

အစရှိသည့် စုံတွဲသီချင်းကို ယနေ့တိုင် မမေ့နိုင်ပါ။ မေရှင်မှာ မိန်းမက စတင် ပိုးပန်းရသူ အဖြစ်နှင့် မိန်းမ ဆိုလျှင် ကြောက်နေရသော ပြည်လှဖေ၏ ယောကျ်ား အဖြစ်ကလည်း ဇာတ်လမ်းအရ ပို၍ စိတ်ဝင်စားဖွယ် ဖြစ်ရပုံကို အချီအချ သီချင်းများက ပေါ်လွင်စေခဲ့သည်။

ဇာတ်ဝင်ခန်း တစ်ခုမှ ရွှေလသာသည့် ညကာလ ဆိတ်ငြိမ်နေသည့် အချိန်တွင် မောင်ရှင်(ပြည်လှဖေ)တစ်ဦးတည်း စောင်းနှင့် အတူ သီဆိုလိုက်သည့် တေးသံကို ကြားရသည့် စာရေးသူမှာ ထိုဂီတ၏ ကြည်နူးစေမှုကို ယနေ့တိုင် သတိရနေပါသည်။

"(+++ ဖိုးရွှေလမင်းက ထိန်ဝါ ကြည်နူးဖွယ် +++ မြင်ရတဲ့သူမှာ+++)၂

အစချီ တေးသံ၏ သာယာမှုကြောင့်ပင် ကြားရသူတို့ အဖို့ တေးဂီတ ဇာတ်ကား အဖြစ် ပိုမိုပီပြင်လာသည်ဟု ထင်မြင်ကြရသည်။ ဇာတ်လမ်း အရ နေရပ်သို့ ပြန်ရန် လှေထွက်သည့် အခါ လှေထွက်၍ မရ ဖြစ်သည်။ ဤတွင် ကံဆိုးသူ၊ ကံကောင်းသူ မဲနှိုက်ရာ ကံဆိုးသူ မောင်ရှင် (ပြည်လှဖေ)မှာ ရေစာကျွေးရန် ဖြစ်လာသည်။ မျက်စိသူငယ်၊ နားသူငယ်ဖြင့် ယောင်လည်လည် ဖြစ်နေရှာသော မောင်ရှင် (ပြည်လှဖေ)၏ သရုပ်ဆောင်မှုမှာ ထူးခြား လွန်ကဲစွာ သရုပ်ဖော် ပြရခြင်း မဟုတ်ဘဲ ကြည့်မြင်ရသူတို့ နှလုံး ယူကျုံးမရ ခံစားကြရသည်။ ဤဖြစ်ရပ်ကိုပင် နတ်ဖြစ်သော အခါ စောင်းကို ပိုက်၍ သိင်္ဂါသံဖြင့် ဇာတ်ကြောင်း ပြန်လေသော အခါ ပို၍ပင်လွမ်း စရာဆွေးစရာ ဖြစ်ကြရသည်။

"သည်ကျွန်းညိုက လှေကို ဆွဲထား၊ လှေမသွားသော်၊ မေ့သားအတွက် လှေမ ထွက်ဟု၊ စွဲချက်တင်ကာ၊ သားသက်လျာကို၊ ရေမှာချ၍၊ ဘဝ ရှေးကံ၊ ဝဋ်ကြွေး ငယ်ဖန်၊ ခန္ဓာအသစ်၊ လူစင်စစ်က၊ နတ်ဖြစ်ရပြီတဲ့၊ နတ်ဖြစ်ရပြီ..."

ဟု မိခင်ကြီးအား ကိုယ်ထင်ပြ၍ ဆိုလေသည်တွင် ကြည့်ရသူ၊ ကြားရ သူတို့မှာ နှလုံး စိတ်ဝမ်း မရွှင်လန်းရုံ သာမက ငိုကြ၊ ရှိုက်ကြရသူများပင် ရှိပါသည်။ ဤသို့ဖြင့် အဆိုတော်ကြီး ပြည်လှဖေသည် စောင်းတော်ရှင် ဇာတ်ကား တစ်ကား တည်းဖြင့်ပင် အဓိက သရုပ်ဆောင် မင်းသားကောင်း တစ်ဦးအဖြစ် ပြောင်မြောက်စွာ စွမ်းဆောင်ခဲ့လေသည်။

ပြည်လှဖေသည် မင်းသား ဖြစ်ရလောက်အောင် ရုပ်ချောလှသူ တစ်ဦး မဟုတ်ပါ။ ကြည့်ပျော်ရှုပျော် မျှသာ ဖြစ်လေသည်။ မျက်နှာတွင် ကျောက်ပေါက်ရာ ရေးရေးလည်း ရှိသေး၏။ သို့သော် ထိုစဉ်က အဖြူအမည်း ရုပ်ရှင်ကားတွင် မိတ်ကပ် လူးထားသဖြင့် မသိရခြင်း ဖြစ်၏။ အသံကြောင့် မင်းသား ဖြစ်ရသူ ဖြစ်ပါသည်။ သူ၏ သရုပ်ဆောင်မှုကလည်း ပြောင်မြောက်၍ ဖြစ်၏။

တစ်ခါက ရုပ်ရှင်မင်းသားကြီး ဦးဝင်းဦး၏ အိမ်မှ ဝိုင်းတွင် ဆရာမြသန်းတင့်နှင့် မင်းကျော်တို့ ရှိနေကြ၏။ ရှေးခေတ် အဆိုတော် အကြောင်းများနှင့် ပတ်သက်၍ ပြောကြရာတွင် မင်းသားကြီးက ဥဩဘသောင်နှင့် ပြည်လှဖေတို့သည် အမှန်တကယ် အသံကောင်းလှသူ မဟုတ်၊ အသံဩဩနှင့် သူ့ခေတ်နှင့် သူ နာမည်ကြီး အဆိုတော် ဖြစ်ကြရသည်။ ခင်မောင်ရင်၏ အသံကလည်း ညှစ်၍ ဆိုရသော အသံဖြစ်သည်ဟု ဝေဖန်ပါ သည်။ စာရေးသူက

"ချစ်ဒုက္ခကြီး ဦးဘညွန့်ကကော"

ဟု မေးလိုက်ရာ မင်းသားကြီးက

"ကျွန်တော့်အဖေ အသံလည်း ကောင်းလှတာ မဟုတ်ပါဘူး။ အော်မှ မဆိုနိုင်ဘဲ။ ခပ်အစ်အစ်ရယ်"

ဟု ပြောပါသည်။ စာရေးသူက ဆက်၍

"ဒါဖြင့် ကိုဝင်းဦး အသံကရော"

ဟု မေးလိုက်ရာ ဆရာမြသန်းတင့်က

"သူ့အသံလည်း နဂိုအသံ မဟုတ် ပါဘူးဗျာ။ လုပ်ဆိုနေတာပါ"

ဟု ဝင်ပြော လိုက်သဖြင့် မင်းသားကြီးက

"မှန်ပါတယ်။ ဆရာမြ ပြောတာ မှန်ပါတယ်"

ဟု ပြော၍ အားလုံး ဝိုင်းရယ်ခဲ့ကြရသည်ကို မှတ်မိနေပါသည်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်ကြီးတွင် ၂၀၀၉ ခုနှစ်၊ မတ်လ ၅ ရက်နေ့၌ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓတက္ကသိုလ်များ အစည်းအဝေးကို ၃ ရက် ဆက်တိုက် ကျင်းပပါသည်။ စာရေးသူအား ဖိတ်၍ တက်ရောက်ခဲ့သည်။ ထို တက္ကသိုလ်တွင် စာပေပို့ချလေ့ ရှိသော သမိုင်းပါမောက္ခ ဒေါက်တာ ခင်မောင်ညွန့်က စာတမ်းဖတ်ပွဲတွင် "မြန်မာနိုင်ငံသို့ ဗုဒ္ဓဘာသာ မိတ်ဆက်ခြင်း" စာတမ်းကို အင်္ဂလိပ်ဘာသာဖြင့် ဖတ်ခဲ့ပါသည်။ ဆရာနှင့် ၃ ရက်၊ ၄ ရက် အတူနေခဲ့စဉ် အတွင်း ပြည်လှဖေ အကြောင်း စကားစပ်၍ ပြောခဲ့ကြသည်။ ပြည်လှဖေ ဒုတိယဝန်ကြီး ဘဝတွင် ဆရာက ညွှန်ကြားရေးမှူးချုပ် ဖြစ်သည်။ တိုက်တိုက် ဆိုင်ဆိုင်ပင် ထိုအချိန်က ပြည်လှဖေ ကွယ်လွန်သည်မှာ ၁၉ နှစ်ပြည့်စဉ်နှင့် ကြုံနေ၍ သူ့ကို သတိတရဖြင့် ဤဆောင်းပါးကို ရေးခဲ့ရပါကြောင်း။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ဗိုလ်ကလေးဦးတင့်အောင် ရေးသားပေးပို့သည်။
  2. မောင်သန်းဆွေ၊ထားဝယ်၊
  • ခင်နှင်းယု၏ ဘကြီးမှိုင်းနှင့် စောင်းတော်ရှင် ဆောင်းပါး၊၁၉၇၂ ခု၊ မတ်လထုတ် ရှုမဝ၊
  • စိန်သွေး၏ ရုပ်ရှင်မင်းသားကြီး ပြည်လှဖေ ၁၉၉၁ ခု၊ ဖေဖော်ဝါရီထုတ် မြဝတီ၊
  • သန်းလှိုင် ပထမခေတ်ဟောင်းသီချင်းပေါင်းချုပ်