မာတိကာသို့ ခုန်သွားရန်

မောင်မောင်ကြီး၊ ဒေဝဣန္ဒာ

ဝီကီပီးဒီးယား မှ
ဒေဝဣန္ဒာ မောင်မောင်ကြီး

သီချင်းကြီးသီချင်းခံပတ်ပျိုးယိုးဒယားကြိုးဘွဲ့ စသော ဂီတအနုပညာတွင် ကျွမ်းကျင်၍ မြန်မာဘုရင်များ ထင်ရှားရှိစဉ်က ရှေ့တော်၌ အမှုထမ်းခဲ့ရသော ဂီတပညာသည်တို့၏ ဆရာတစ်ဆူမှာ ဒေဝဣန္ဒာဘွဲ့ရ မောင်မောင်ကြီးပင် ဖြစ်သည်။

မောင်မောင်ကြီးကို အမရပူရမြို့၌ မြန်မာသက္ကရာဇ် ၁၂၁၆-ခုနှစ်တွင် ဖွားမြင်သည်။ ဖခင်သည် မင်းတုန်းမင်းကြီးထံတွင် လွှတ်တော်စာရေးကြီးအဖြစ် အမှုထမ်းရသူ ဖြစ်သည်။ မိခင် ဖခင်တို့၏ အမည်ကို မသိရပေ။ ငယ်မည် မောင်ဖုန်း ဖြစ်သည်။ သားသမီးငါးယောက် ထွန်းကားသည့်အနက် မောင်ဖုန်းသည် အလတ်ဖြစ်သည်။

မင်းတုန်းမင်းတရားကြီးသည် မန္တလေး ရတနာပုံနေပြည်တော်ကို တည်၍ အမရပူရမြို့ မှ ပြောင်းရွှေ့တော်မူသော အခါ မောင်ဖုန်းသည် အဖလွှတ်တော် စာရေးကြီးနှင့် အတူ ပြောင်းရွှေ့လိုက်လာသည်။ နန်းတွင်း နန်းဦးကျောင်း ဆရာတော်ကြီး ထံပါး၌ စာပေသင်ကြားနေစဉ် မြင်ကွန်းအရေးတော်ပုံ ပေါ်ပေါက်လာသောကြောင့် ဘုန်းကြီးကျောင်းသား အဖြစ်ဖြင့် စာပုလွေ ထမ်းကာ ရှောင်ရှားခဲ့ရလေသည်။ မောင်ဖုန်းသည် ၅-နှစ်သား အရွယ်မှစ၍ ပဉ္စသီငါးပါးကို သေသည်အထိ မြဲမြံစွာ စောင့်ထိန်းသည်။ ပညာဓိကဘုရားဆုကိုလည်း ပန်သည်။ ထိုအချိန်အခါက ဣန္ဒာဒေဝ အမည်ရှိသော ပုဂ္ဂိုလ်သည် ဂီတပညာတွင် ပုဂံမင်းလက်ထက်မှစ၍ အထူးကျော်ကြား ထင်ရှားသော ပုဂ္ဂိုလ်ဖြစ်လေသည်။ ယင်းဣန္ဒာဒေဝ ဆရာကြီးထံပါး၌ မောင်ဖုန်းသည် သီချင်းကြီး၊ သီချင်းခံ၊ ပတ်ပျိုး၊ ယိုးဒယား၊ ကြိုး၊ ဘွဲ့ အမျိုးမျိုးကို သင်ကြားလေသည်။

၁၃-နှစ်သား အရွယ်တွင် မင်းတုန်းမင်းတရားကြီးက ရှေ့တော်သို့ ခေါ်တော်မှု၍ မိကျောင်း(တူရိယာ) တီးဆက်ရသည်။ မင်းတုန်းမင်းတရားကြီးနှင့် တကွ မင်းပရိသတ်များပါ ချီးကျူးကြ၍ ဒေဝဣန္ဒာ ဘွဲ့ကို ချီးမြှင့်ခြင်း ခံရသည်။ ထို့နောက် ရှေ့တော်ပြေးမှူးကြီးထံ၌ ဆက်လက်၍ စောင်းအတတ်ပညာ သင်ကြားလေသည်။ စောင်းအတတ် သင်ကြားနေစဉ်တွင် ဒေဝဣန္ဒာမောင်မောင်ကြီး၏ နှမဖြစ်သူ ခင်ပုံနှင့် ရှေ့တော်ပြေးမှူးတို့ အကြောင်းပါကြလေသည်။ သီပေါမင်းတရား လက်ထက်တွင် မောင်ဖုန်းသည် ရှေ့တော်၌ လူပျိုတော် အဖြစ်ဖြင့် ခစားရသည်။ ထို့နောက် ကွမ်းရေတော် အဖြစ် ခစားရပြန်သည်။ ယောက်ဖဖြစ်သူ ရှေ့တော်ပြေးမှူး နေမျိုးသင်္ခယာသည် ဗန်းမော်မြို့နှင့် ရွှေကူမြို့ မိုးထား(၂မြို့)ဝန်အဖြစ် အမှုတော်ထမ်းရွက်ရန် သွားရသောအခါ မိမိကိုယ်စား ဒေဝဣန္ဒာ မောင်မောင်ကြီးအား သီပေါမင်းတရားကို စောင်းအတတ်ဖြင့် အမှုတော် ထမ်းရွက်ရန် ထားခဲ့လေသည်။ ဒေဝဣန္ဒာသည် သီပေါမင်းအား စောင်းအတတ်ပညာ သင်ကြားပေးရလေသည်။ ဒေဝဣန္ဒာ မောင်မောင်ကြီးသည် အစိမ်းရောင်ကို အထူးနှစ်သက်၍ ရွှေကြင်ခတ် ခေါင်းပေါင်းစိမ်း၊ ကြိုးပုဆိုး အစိမ်း တို့ကို အမြဲ ဝတ်ဆင်တတ်သည်။ မောင်မောင်ကြီး၏ အဆင်းမှာ လှပတင့်တယ်သည်။ အရပ် မနိမ့်မမြင့် အသားလတ်၊ မျက်ခုံးမျက်လုံး ကောင်းသည်။ နားရွက်ကျယ်ပြန့်၍ မေးရိုးခန့်ငြားပြီးလျှင် ဆံပင်မှာ လူတစ်ရပ်ခန့် ရှည်သည်။

ထိုသို့ အမှုတော်ကို ထမ်းရွက်နေစဉ် အသက် ၂ဝ ကျော်သို့ ရောက်သောအခါ တရားသံဝေဂ ရသဖြင့် မင်းတရားကြီး၏ အမိန့်တော်မရဘဲ မိဘများ မသိအောင် မိမိ၏ စောင်းကို မဟာမြတ်မုနိဘုရားကြီးမှာ လှူခဲ့၍ စစ်ကိုင်းဘက်သို့ တိတ်တဆိတ် ထွက်ခွာသွားသည်။ စစ်ကိုင်းဘက်သို့ရောက်သောအခါ ထွဋ်ခေါင်ဆရာတော်က ချီးမြှင့်တော်မှုသဖြင့် ရဟန်းဘောင်သို့ တက်ခဲ့လေသည်။ မောင်မောင်ကြီး၏ ရဟန်းဘွဲ့ အမည်မှာ ဦးပညာ ဖြစ်သည်။ သုသာနဓူတင်ကို သုသာန်၌ ဆောင်းဥတုအခါ အမြဲသွားရောက်၍ အုတ်ဂူကို ကျောမှီကာ တညဥ့်ပတ်လုံး တရားအားထုတ်နေသည်ကို နံနက်ဝေလီဝေလင်း ခရီးသွားများ တွေ့မြင်ရလေသည်။ ထိုကဲ့သို့သော ရဟန်းဝတ်နှင့် ရှိနေသည်ကို သီပေါမင်းတရား ကြားတော်မူသောအခါ ဘုရင့်အမိန့်တော်နှင့် လူဝတ်လဲစေသဖြင့် ဦးပညာမှာ ဒေဝဣန္ဒာ အဖြစ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီးလျှင် အမှုတော်ကို ဆက်လက်ထမ်းရွက်ရပြန်သည်။ ထိုအချိန်ကစ၍ သီပေါမင်း ထံပါးတွင် စောင်းသင်ပေးနေရသည်။ အင်္ဂလိပ်မင်း ဝင်လာသောအခါ မောင်မောင်ကြီးသည် မြစ်ကွေးမြို့အုပ် ဦးစံရီထံသို့ ထွက်ပြေးရလေသည်။ ထိုအခါ မြို့အုပ် ဦးစံရီ၏ နှမဝမ်းကွဲတော်စပ်သူ မခနှင့် အကြောင်းပါ၍ သားနှစ်ယောက် မောင်လေးခင်၊ မောင်လေးရင်တို့ကို မွေးဖွားပြီးနောက် များမကြာမီ ဇနီးဖြစ်သူ မခမှာ မြစ်ကွေးမှာပင် အနိစ္စရောက်သဖြင့် သားနှစ်ယောက်နှင့် မန္တလေးသို့ ပြောင်းရွှေ့နေထိုင်ကြရသည်။ မကြာမီ သားငယ်ဆုံးပြန်သည်။ ဒေဝဣန္ဒာသည် အရှင်နှစ်ပါး မရှိသည့်နောက် သီပေါစော်ဘွားနှင့် မိုးနဲစော်ဘွားတို့ ထံပါးတွင် အမှုတော်ထမ်းရွက်ခဲ့ရပြန်သည်။ မန္တလေးမြို့၌နေစဉ် ပါတော်မှုသွားသော သီပေါအရှင်နှစ်ပါးက မဒရပ်မြို့မှနေ၍ သမီးတော်သုံးပါး နားသမင်္ဂလာ အခမ်းအနားအတွက် ခေါ်တော်မူသဖြင့် သာသနာပိုင် ဆရာတော်ဘုရားနှင့် တကွ ရှေးအမှုတော်ထမ်းဟောင်းများ နှင့်အတူ လိုက်ပါသွားရသည်။ ထိုအခမ်းအနားတွင် ဒေဝဣန္ဒာ မောင်မောင်ကြီးသည် စောင်းကိုတီးရသည်။ ထို့နောက် မကြာမီ အရှင်နှစ်ပါး ရတနာဂီရိသို့ ပြောင်းရွှေ့စံနေတော်မူသော အခါ၌လည်း တိုက်တက်မင်္ဂလာ အခမ်းအနားသို့ တဖန် ဒေဝဣန္ဒာ မောင်မောင်ကြီးတို့ကို ခေါ်တော်မူပြန်သဖြင့် သွားရောက်ကြရသည်။ သားအကြီးဖြစ်သူ မောင်လေးခင်မှာ အသက် ၂၅-နှစ် အရွယ်တွင် အနိစ္စရောက်ပြန်လေသည်။ မန္တလေးမြို့တွင်နေစဉ် စောင်းပညာ၊ တူရိယာပညာ၊ ဂီတပညာတို့ကို ဖြန့်ဖြူးသင်ကြားပေးသည်။

ဒေဝဣန္ဒာ မောင်မောင်ကြီးထံတွင် မောင်မောင်လတ်၊ ဆိုင်းဆရာ ဆရာစိမ့်‎၊ ဗေဒါ ဦးမောင်ကလေး(စိန်ဗေဒါ)၊ ဦးချစ်ဘွယ်၊ ဒေါ်စိန်သုံ၊ ရန်ကုန်ဆရာငြိမ်း၊ တူ ဦးကျော်လှ၊ ဦးထင်၊ ရုံပိုင်ကြီး ဦးစံဝင်း၊ စောင်းဆရာကြီး ဦးညိမ်းတို့ သင်ကြားနည်းယူကြသည်။

ဒေဝဣန္ဒာ မောင်မောင်ကြီးသည် စောင်းကို မိမိကိုယ်တိုင် ပြုလုပ်၍ တီးသည်။ အစိမ်းရောင်ကြိုက်တတ်သူ ဖြစ်၍ စောင်းကြိုးကို ပိုးစိမ်းဖြင့် ကျစ်သည်။ စောင်းများကို ကိုယ်တိုင် သစ်ဆေးများ သုတ်ခြင်း၊ မှန်စီရွှေချခြင်းများ ပြုလုပ်လေ့ရှိသည်။ ပရိဘောဂ ပစ္စည်းမျိုးစုံကိုလည်း အလှအပသဘောဖြင့် မှန်စီရွှေချခြင်းတို့ကို ပြုတတ်သော ဝါသနာရှိသည်။ မောင်မောင်ကြီးမှာ စောင်းသာလျှင် တတ်မြောက်သည် မဟုတ်၊ မိကျောင်း(တူရိယာ)စန္ဒရားပတ္တလားမင်ဒလင် စသော ကြိုးတပ်တူရိယာများကိုလည်း တတ်မြောက်သည်။ တပည့်များအား သင်ကြားပြသသော အခါ၌ ဆိုပုံဆိုနည်းကိုပါ သင်ကြားပေးသည်။ အကတွင်လည်း ယိုးဒယားအက အထူးကျွမ်းကျင်၍ ဘုရင်၏ အခမ်းအနားများတွင် အမြဲကပြရသည်။ မင်းသမီးကြီးများဖြစ်သော ကျွမ်းစိန်၊ လွမ်းစိန်တို့အားလည်း အကပညာ သင်ကြားပေးရသည်။ သင်ကြားပြသသော အခါ မောင်မောင်ကြီးသည် စိတ်တိုတတ်သည့် အလျောက် ငေါက်၍အော်၍ သင်ကြားပေးတတ်သည်။ စိန်ဗေဒါတို့မှာ ဆောင်းတွင်းအခါတွင် ပညာသင်ကြားရာ၌ အအော်အငေါက်ခံရ၍ ကြောက်ရွံ့ပြီး ချွေးဒီးဒီးကျကာ လက်ကိုင်ပုဝါများပင် စိုရွှဲသွားသည့်တိုင်အောင် ဖြစ်သည်။ ထို့နောက် ဒေဝဣန္ဒာ မောင်မောင်ကြီးသည် အနိစ္စရောက်သွားရှာသော သားအကြီးအား သတိရလွမ်းဆွတ်၍ တရားသံဝေဂရပြန်ကာ စစ်ကိုင်းဘက် မင်းကျောင်းဆရာတော်ထံပါးသို့ သွားရောက် သင်္ကန်းဝတ်နေပြန်သည်။ ကျောင်းတွင် တရားအားထုတ်နေစဉ် တူဖြစ်သူ ဦးကျော်လှ-ဒေါ်သိန်းခင်၊ တူမဖြစ်သူ ဝန်ထောက်ကတော် ဒေါ်မမကြီး စသော ဆွေမျိုးများနှင့် တပည့်သားမြေး အပေါင်းတို့က ဆွမ်းကွမ်းများ ထောက်ပံ့လှူဒါန်းကြသည်။ သင်္ကန်းဝတ်နေစဉ် မြန်မာတပြည်လုံးရှိ တပည့်သားမြေးအပေါင်းတို့က မရှင်းလင်း နားမလည်သော သီချင်းများ၊ တီးကွက်များကို လာရောက်လျောက်ထားသဖြင့် ဦးပ ဉ္ဇင်းသည် မင်းကျောင်းဆရာတော်ဘုရားကြီးအား သင်္ကန်းဝတ်နှင့် ဂီတပညာကို သင်ပေးထိုက်၊ မပေးထိုက်လျောက်ကြားရာ ဆရာတော်ကြီးက ပညာပါရမီ အတွက် သင်ကြားပေးထိုက်ကြောင်း ဆုံးဖြတ်တော်မူသဖြင့် ဂီတပညာအရပ်ရပ်တို့ကို တပည့်တို့အား သင်ကြားပေးခဲ့သည်။ ညဉ့်သန်းခေါင်ယံ၌ ဣတိပိသော၊ ဟေတုပစ္စယော၊ ယံဒုန္နိမိတ္တံ စသည်တို့ကို စောင်းဖြင့် သာယာနာပျော်ဖွယ် တီးလေ့တီးထရှိသည်။

ကွယ်လွန်ခြင်း

[ပြင်ဆင်ရန်]

သက္ကရာဇ် ၁၂၉၁-ခုနှစ်တွင် ဒေဝဣန္ဒာ မောင်မောင်ကြီး၊ ရဟန်းဘွဲ့ ဦးပညာသည် ဦးပဉ္ဇင်းဘဝဖြင့် သက်တော် ၇၅-နှစ် လောက်တွင် ပျံလွန်တော်မူရာ မန္တလေးရှိ ဆွေမျိုးများနှင့် တပည့်ရင်းဖြစ်သော စိန်ဗေဒါ၊ မတိုးလေး၊ (ဆရာစိန့်၏ ဇနီး) စန္ဒရားမမကြီးတို့ပါ လာရောက်အေးဆေးစွာ သင်္ဂြိုဟ်လိုက်ကြသည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. စွယ်စုံကျမ်း အတွဲ(၉) အပိုင်း(ခ)