ရွှေပြည်အေး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
အလင်္ကာကျော်စွာ
​ရွှေပြည်အေး
ShwePyiAye.jpg
အလင်္ကာကျော်စွာ ရွှေပြည်အေး
မွေးဖွား ၁၉၀၉ခုနှစ်၊ ​ဖေ​ဖော်ဝါရီလ၊ ၁၃ရက်
ရန်ကုန်မြို့ဗြိတိသျှဘားမား
ကွယ်လွန် ၁၉၇၇ခုနှစ်၊ ​အောက်တိုဘာလ
ရန်ကုန်မြို့မြန်မာနိုင်ငံ
အလုပ်အကိုင် ​တေး​ရေးဆရာ၊ ဂီတပညာရှင်၊ပြဇာတ်ဆရာ
မိဘ(များ) ဦးနု + ​ဒေါ်လှိုင်
ရရှိသည့်ဆုများ အလင်္ကာကျော်စွာဘွဲ့(၁၉၅၄)

​ရွှေပြည်အေးသည် မြန်မာ့ဂီတ​လောက၊ရုပ်ရှင်​လောကတွင် ထင်ရှား​ကျော်ကြား​သော အလင်္ကာကျော်စွာဘွဲ့ရ ​တေး​​ရေးဆရာ၊ ဂီတပညာရှင်ကြီးတစ်ဦးဖြစ်ပါသည်။ဆရာရွှေပြည်အေးသည် ဓာတ်ပြား​​တေး၊ရုပ်ရှင်​တေးများစွာတို့ကို ​ရေးဖွဲ့ခဲ့သည်။

ငယ်ဘဝနှင့်ဂီတခရီးလမ်း[ပြင်ဆင်ရန်]

အလင်္ကာကျော်စွာရွှေပြည်အေးကို အဖအပျော်တမ်း စန္ဒရားဆရာကြီးဦးနုနှင့် အမိ​ဒေါ်လှိုင်တို့က ၁၉၀၉ခုနှစ်တွင် ​​​မွေးဖွားသည်။ သားသမီး၅​ယောက်အနက် ​လေး​ယောက်​​မြောက်ဖြစ်သည်။ ငယ်မည်မှာ ​မောင်တင်​မောင်​အေးဖြစ်သည်။ ရန်ကုန်အ​ရှေ့ပိုင်း၊ ၄၃လမ်းဇာတိဖြစ်သည်။ ငါးနှစ်သားအရွယ်မှစ၍ စည်းဝါးအတက်ကို ဦး​လေး​တော်သူ ​စောင်းဆရာကြီးထံမှ သင်ယူတတ်​​​မြောက်ခဲ့သည်။[၁] ၈နှစ်သားအရွယ်မှာပင် သီချင်းကြီးများ၊ ရှေးသံဆန်းများကို စည်းဝါး ကိုယ်တိုင်တီး၍ သီဆိုနိုင်နေပေပြီ။ တယောကိုလည်း ၁ဝ နှစ် ကျော် အရွယ်ကပင် ကောင်းစွာ ထိုးနိုင်နေပြီဟု ဆိုသည်။ တယောဆရာငြိမ်း၊ ဦးဘသွင်၊ ကိုဘရီတို့၏ တယောလက်သံများ အလယ်တွင် ကြီးပြင်းလာရသူ ဖြစ်သည့် အတိုင်း တယောလက်သံမှာ အရွယ်နှင့် မလိုက်အောင် ထက်မြက်လှသည်ဟုလည်း ဆိုပါသည်။ တယောကိုဘရီ၏ ရှေ့ဆောင်လမ်းပြမှုနှင့် ရုပ်ရှင်တီးဝိုင်းများတွင် တယောဆရာ ဖြစ်လာခဲ့ပြီး၊ စန္ဒရားဦးဘလတ်၊ စန္ဒရားဦးသာဒင် တို့၏ သင်ကြားပေးခြင်းဖြင့် စန္ဒရားကို ကျင်လည်စွာ တီးနိုင်လာကာ ၁၉၃ဝ ပြည့်နှစ်မှစ၍ စန္ဒရားမောင်အေး အမည် ရလာခဲ့သည်။ ကိုလံဘီယာဓာတ်ပြားတိုက်တွင် ၁၉၃၂ ခုနှစ်မှအစပြု၍ ဓာတ်ပြားများ သွင်းသောအခါ ရွှေပြည်အေး အမည်ကို ဘင်ဂျို ကိုနှစ်၊ မကြည်အောင်တို့က ကင်ပွန်းတပ်ပေးလိုက်ကြသည်။

စန္ဒရားရွှေပြည်အေး ခေတ်သို့ရောက်သောအခါ စန္ဒရား တီးပုံ တီးနည်းသာလျှင် ခေတ်မီ ဆန်းသစ်လာသည် မဟုတ်၊ ကားကွက် အဖြတ် အတောက်များမှာလည်း ပိုမို တီထွင် ဆန်းသစ်လာတော့သည်။ သွက်လက် မြန်ဆန်မှုလည်း ရှိလာလေသည်။ ရုပ်ရှင် တခန်း မှိန်ပျောက်သွားလျှင် တီးလုံးကလည်း မှိန်ပျောက်သွားရသည်။ နောက် တခန်းဆက်သည်နှင့် နောက် တီးလုံး တခု ချက်ချင်း ကောက်တီးလိုက်သည်။ ဇာတ်လမ်း ဇာတ်ကွက်နှင့် ဘောင်ဝင် အံကျ တီးလုံးများ သီချင်းများကို ရှာဖွေ တီးရာ၌ ရွှေပြည်အေးကို ထိုခေတ်က မှီသောသူ မရှိဟု ဆိုပေသည်။

ရွှေပြည်အေးသည် အားလပ်ချိန်မပေးမီ တီးလုံးကို ဦးဆောင် တီးရာတွင်လည်း အခြားဂီတပညာရှင်များ ကဲ့သို့ တီးလုံးအချ ခပ်ဖြည်းဖြည်းဆွဲ၍ မတီးဘဲ၊ အသွက်အမြူး တီးလုံး တီး၍ အားလပ်ချိန်တွင် အချိန် အံကိုက်ဖြစ်အောင် တိခနဲရအောင် ဖြတ်သည့် တီးလုံးမျိုး၊ အထိတ်တလန့် ဖြစ်အောင် တီးတတ်သည်ဟု ဆိုပါသည်။ နောက်လိုက် အတီးဆရာများ ရင်တမမ တီးရသည်ဟု ဆိုပါသည်။ အားလပ်ချိန်ပေး၍ သီချင်းတီးလုံးက မဆုံးဘဲ တပိုင်း တစ တင်နေလျှင် ပရိသတ် အော်ဟစ် ဝိုင်းလှောင်သောခေတ် ရောက်နေသော်လည်း၊ ကြောက်လန့်စရာ ရွှေပြည်အေး တီးနည်းမျိုးကို အော်ဟစ် လှောင်ပြောင် ခံရမှုမျိုး တခါမျှ မကြံခဲ့ဘူးဟု ဆိုပါသည်။ ရွှေပြည်အေးသည် သူ့ကိုယ်သူ ယုံကြည်စိတ်ချပြီး သည်းထိတ် ရင်ဖို ဖြစ်အောင် ပညာစွမ်းပြ၍ တီးခြင်းဖြစ်သည်ဟု ဆိုပါသည်။

သီချင်းရေးကောင်းသူဖြစ်၍ ရုပ်ရှင်ကုမ္ပဏီများက သူ့အား သီချင်းရေးရန် တာဝန်ပေးသောအခါများတွင်လည်း ဇာတ်လမ်းနှင့် အံဝင်အောင် ရေးနိုင်စွမ်းရှိသူလည်း ဖြစ်ပါသည်။

၁၉၃၂ ခုနှစ်တွင် ရိုက်ကူး ထုတ်လုပ် ပေါ်ထွက်လာသော 'ငွေပေး လို့မရ' ဇာတ်ကားမှ စတင်၍ မြန်မာ အသံထွက်ကားများ ပေါ်ထွက်လာသော်လည်း၊ အသံတိတ်ကားများ အရှိန်လျော့ မသွားဘဲ ဆက်လက် ရှင်သန် ရိုက်ကူးဆဲဟု ဆိုပါသည်။ ရွှေပြည်အေးသည် အသံတိတ်၊ အသံထွက်ကားများတွင် ရုပ်ရှင် နောက်ခံတေးများ ရေးစပ်သူ ဂီတပညာ ရှင်အဖြစ် နှစ်ကြာရှည်စွာ ရပ်တည်ခဲ့ရာ၊ လွတ်လပ်ရေးခေတ်မှ ၁၉၆ဝ ပြည့်နှစ်စွန်း ကာလများအထိ ရုပ်ရှင်ဂီတခေတ်သည် ရွှေပြည်အေးခေတ်ဟု ခေါ်လျှင် မှားမည် မဟုတ်ကြောင်း ဆရာ အကယ်ဒမီစန္ဒရားလှထွတ်မှ သူ၏ မြန်မာဂီတ ရေစီးကြောင်းစာအုပ်တွင် ရေးသား မှတ်တမ်းတင်ထားခဲ့သည်ကို ဖတ်ရှုရပါသည်။ ထိုခေတ်ကာလအတွင်း ကျော်ကြားသော ရုပ်ရှင်တေးများ၏ ထက်ဝက်ကျော်သည် ဆရာရွှေပြည်အေး၏ လက်ရာများ ဖြစ်ကြောင်းလည်း စန္ဒရားလှထွတ်က အဆိုပါ စာအုပ်တွင် မှတ်တမ်းတင်ခဲ့ပါသေးသည်။

အသံတိတ်ရုပ်ရှင်ခေတ် နောက်ခံတေးဂီတပညာရှင်အဖြစ် ရွှေပြည်အေး ထင်ပေါ် ကျော်ကြားနေစဉ် မှတ်တမ်းတင်ထိုက်သည့် ဖြစ်ရပ်တခုအား တင်ပြလိုပါသည်။ ၁၉၃၂ ခုနှစ်တွင် ရွှေပြည်အေးသည် အဆိုတော် ပြည်ဘရှင်နှင့် အတူ မော်လမြိုင်မြို့ရှိ ထိုခေတ်က အသံတိတ် ရုပ်ရှင်ကားတကား၏ နောက်ခံဂီတ တီးမှုတ် သီဆိုရန် ရောက်ရှိ၍ သွားလေသည်။ နောက်ခံဂီတ တီးမှုတ်သီဆိုပေးရသည့် အသံတိတ်ရုပ်ရှင်ကား နာမည်မှာ မြန်မာအဆွေ ကုမ္ပဏီမှ ဒါရိုက်တာ ဦးညီပု ရိုက်ကူးသော 'ရွှေနှင်းဆီ' ဇာတ်ကား ဖြစ်လေသည်။ မော်လမြိုင်မြို့သို့ မသွားမီ ရွှေပြည်အေး၏ ဖခင်ဖြစ်သူ ဦးနုက မော်လမြိုင်ရောက်လျှင် သူ၏ ဂီတမိတ်ဆွေဖြစ်သူ ဦးပြာလောင်၏ အိမ်သို့ ဝင်ဖြစ်အောင် ဝင်ခိုင်းပြီး ရှားပါးသည့် တေးသီချင်းကြီးများ ရအောင် တက်ယူခဲ့ရန် မှာကြားလိုက်လေသည်။ ရွှေပြည်အေး၏ဖခင် ဦးနုမှာ ရန်ကုန်မြို့တွင် အပျော်တမ်း စန္ဒရားဆရာအဖြစ် ကျော်ကြားပြီး၊ မော်လမြိုင်မြို့မှ ဦးနု၏ မိတ်ဆွေနှင့် တီးဖော်တီးဘက်ဖြစ်သူ ဦးပြာလောင်မှာ စန္ဒရားနှင့် ဘာဂျာဆရာကြီး အဖြစ် ကျော်ကြားသူ ဖြစ်ပါသည်။

ရွှေပြည်အေး၏ဖခင် မှာကြား စေလွှတ်ချက်အရ မော်လမြိုင်မြို့သို့ ရောက်လျှင် ရောက်ချင်း ရွှေပြည်အေးနှင့် ပြည်ဘရှင်တို့နှစ်ယောက် ဆရာကြီးဦးပြာလောင် အိမ်သို့ ရောက်သွားရာ အိမ်ဝသို့ ရောက်ခိုက်တွင်ပင် အိမ်တွင်းမှ ဦးပြာလောင် ကိုယ်တိုင် ဘာဂျာနှင့် ဆိုတီး တီးနေသော သီချင်းတပုဒ်ကို ကြားမိကြလေသည်။ ရွှေပြည်အေးတို့ နှစ်ဦးလုံး တကြိမ်တခါမျှ မကြားဖူးသော သီချင်းဖြစ်ခြင်းနှင့် သီချင်းစာသားနှင့် တေးသွားများကို စိတ်ဝင်စား နှစ်ခြိုက်လွန်းသဖြင့် အိမ်ထဲ မဝင်သေးဘဲ စောင့်၍ နားထောင်နေမိကြလေသည်။ သီချင်းဆုံးမှ အိမ်ထဲဝင်ပြီး နှုတ်ဆက်ပြောဆိုလျက် စောစောက သီချင်းအကြောင်း မေးမိကြလေသည်။ ဆရာကြီး ဦးပြာလောင်က ထိုသီချင်းမှာ ပန်းဟေဝန် ယိုးဒယား ဖိန်းချားကလေးဟု ခေါ်ကြောင်းနှင့် ပန်းမြိုင်လယ် ခေါ် ယိုးဒယားဖိန်းချားကြီး၏ အခြေခံသီချင်း ဖြစ်ကြောင်း ပြောပြခဲ့ပါသည်။ ရေးသူ အမည်ကိုတော့ မဟာဂီတကျမ်းတွေမှာ ဖော်ပြမထားလို့ မသိရကြောင်းလည်း ဆက်ပြောပြခဲ့ပါသည်။

ဆရာရွှေပြည်အေးက ထို ပန်းဟေဝန်သီချင်းကို ခွင့်ပြုမယ် ဆိုရင် တက်ပေးပါရန် တောင်းပန်ပြောဆိုရာ ဆရာကြီး ဦးပြာလောင်ကလည်း လိုလို လားလား တက်ပေးခဲ့ပါသည်။ သီချင်း၏ တီးကွက်ကို ကိုရွှေပြည်အေးက တက်ယူ၍ ဆိုဟန်ကို ပြည်ဘရှင်က တက်ယူ မှတ်သားခဲ့ကြပါသည်။ မှတ်ဉာဏ်ကောင်းသော ပါရမီရှင်များဖြစ်ကြ၍ ထိုပန်းဟေဝန်သီချင်းကို ရွှေပြည်အေးရော၊ ပြည်ဘရှင်ပါ ဦးပြာလောင် မူဟန်အတိုင်း ချက်ချင်း တီးမှုတ် သီဆိုနိုင်ခဲ့ကြပါသည်။

ထိုသီချင်းတက်သော ည၌ပင် ရွှေနှင်းဆီဇာတ်ကား ပြသရာ၌ ပန်းဟေဝန်သီချင်းကို ရွှေပြည်အေး အတီး၊ ပြည်ဘရှင် အဆိုဖြင့် ထည့်သွင်း ပွဲထုတ်လိုက်ရာ မော်လမြိုင်ရုပ်ရှင် ကြည့်ပရိသတ်မှာ တအ့ံတဩ ဖြစ်ကြရသည်ဟု ဆိုပါသည်။

ထိုမှ ရွှေပြည်အေး ရန်ကုန် သို့ ပြန်ရောက်ပြီး၊ မအေးမိကို ပန်းဟေ ဝန်သီချင်းတက်ပေးကာ အသံတိတ် ကားများ၌ တွဲဖက်သီဆိုတီးမှုတ်ခဲ့ရာ ဂီတလောက၌ ထင်ပေါ်ကျော်ကြားသွား ခဲ့ပေသည်။

တနေ့တွင် ကိုလံဘီယာ ဓာတ်ပြားကုမ္ပဏီ၌ သီချင်းတိုက်နေကြခိုက် ရွှေပြည်အေးနှင့် မအေးမိက ပန်းဟေဝန်သီချင်းကို အမှတ်မထင် အလွတ်သဘော သီဆို တီးမှုတ်ကြရာ ကုမ္ပဏီမန်နေဂျာ မစ္စတာကိသ်က သဘောကျ၍ ၁၉၃၅ ခုနှစ် ဇူလိုင်လ အတွင်း ဓာတ်ပြားသွင်း ရောင်းချခဲ့ရာ ပန်းဟေဝန်သီချင်း မြန်မာပြည်အနှံ့ ထင်ပေါ် ကျော်ကြားသွားပေတော့သည်။ ပန်းဟေဝန် ဓာတ်ပြားသီချင်း အတီးပိုဒ် တနေရာ၌ မအေးမိက 'ကိုအေး၊ ကိုအေး ရွှေဂုံမြို့ အသည်းကြီး ကြိုးစား လိုက်စမ်းပါ' ဟု စကားပြော ထည့်သွင်း ထားသည်ကိုလည်း ကြားနိုင်ကြပေသည်။

ရွှေပြည်အေးအား ပန်းဟေဝန်သီချင်း အဦးအစ တက်ပေးခဲ့သူ ဆရာကြီး ဦးပြာလောင်က တခါတွင် 'မောင်အေး ငါ့သီချင်းကို ဖျက်တယ်' ဟု ပြောခဲ့ဖူးကြောင်းနှင့် အမှန်မှာ ဆရာရွှေပြည်အေးက တီးလုံး တီးကွက် အဆန်း အသစ်များ တီထွင် ဖန်တီး ထည့်သွင်းချင်သူလည်း ဖြစ်သဖြင့် သူ့ကိုယ်ပိုင် တီးလုံးတီးကွက်သစ်များ ကြားညှပ် ဖန်တီး ထည့်သွင်းခဲ့ပုံရပါသည်။ ဆရာ စစ်ကိုင်းလှရွှေက တခါ ပြောပြဖူးသည်မှာ ပန်းဟေဝန်သီချင်း၏ နောက်ဆုံးအပိုဒ်ဖြစ်သည့် 'တွန်ကြော် ငြာကြွေး' အပိုဒ်မှာ ဦးပြာလောင် တက်ပေးခဲ့သည့် မူအတိုင်း မဟုတ်ကြောင်း ကြားသိ၍ ဟုတ်၊ မဟုတ် မေးကြည့်ရာ ဆရာရွှေပြည်အေးမှာ ပြုံးပြုံးကြီးသာ နေကြောင်းနှင့် ဝန်ခံခြင်း၊ ငြင်းဆိုခြင်း မပြုကြောင်း သိရှိရပါသည်။ ဖွင့်မပြောခဲ့သော ကွယ်လွန်ခဲ့သူ ဆရာရွှေပြည်အေးသာ အမှန်တရားကို သိမည်ဖြစ်ပါသည်။

သို့ရာတွင်အလင်္ကာကျော်စွာ ရွှေပြည်အေး၊ မအေးမိနှင့် ပန်းဟေဝန် သီချင်းကား မြန်မာပြည်အနှံ့ ဂီတ လောက၌ ကျော်ကြားခဲ့ပြီး ယခုတိုင် ကျော်ကြားဆဲလည်း ဖြစ်ပါတော့သည်။

၁၉၅၄ခုနှစ်တွင် မြန်မာ့ယဉ်​​​​​​ကျေးမှုကို ထုတ်​ဖော်​ရေးသားသည့်အတွက် နိုင်ငံ​တော်မှ အလင်္ကာကျော်စွာဘွဲ့ကို ချီးမြှင့်ခဲ့သည်။ ၁၉၇၇ခုနှစ်၊​အောက်တိုဘာလတွင်ကွယ်လွန်သည်။

ကိုးကားစာအုပ်များ[ပြင်ဆင်ရန်]

  1. ရုပ်ရှင်ဂီတနှင့် ကျွန်တော်စာအုပ် (စစ်ကိုင်းလှရွှေ) ၁၉၇၅ ခုနှစ် ချမ်းမြေ့စာပေတိုက် ထုတ်
  2. စစ်ကြိုခေတ် အနုပညာရှင်များ စာအုပ် (သန်းလှိုင်) ၁၉၇၅ ခုနှစ် ချင်းတွင်းစာပေ တိုက်ထုတ် (ပထမအကြိမ်)
  3. မြန်မာ့ဂီတရေစီးကြောင်း (စန္ဒရားလှထွဋ်) ၁၉၉၆ ခုနှစ် ဧပြီလ နေရီဦး စာအုပ်တိုက် (ပထမအကြိမ်)
  4. ဆရာရွှေပြည်အေးနှင့် ဆရာ စစ်ကိုင်းလှရွှေ မကွယ်လွန်မီ ပြော ကြားချက်များ

မူရင်း - အလင်္ကာဂီတဂျာနယ်


ကိုးကား[ပြင်ဆင်ရန်]

  1. အ​ခြေခံဆို​ရေးတီးပညာနှင့်​ခေတ်သုံး​ခေတ်​တေးဂီတသမိုင်း - စန္ဒရားလှမိုး