မင်ဒလင်

ဝီကီပီးဒီးယား မှ
မင်ဒလင်

မင်ဒလင် (mandolin) သည် ကြိုးတပ်တူရိယာတစ်မျိုး ဖြစ်သည်။ လျုခေါ် အင်္ဂလိပ် ဗျပ်စောင်းမျိုးတွင် ပါဝင်၍ မြန်မာဗျပ်စောင်း နှင့် ခပ်ဆင်ဆင်တူသည်။ မင်ဒလင်အိုးသည် ဗူးသီးခြမ်းသဖွယ် ဖြစ်၏။ လည်တံတို၍ ကန့်လန့်ဖြတ်တုံးကလေးများစွာ ရှိသည်။ ထိပ်ကား၍ ပြားပြီးလျှင် ယင်းတွင် ကြိုးများကို သော့ဟုခေါ်သော ရစ်တံဝက်အူများဖြင့်ထိန်းထားသည်။ မင်ဒလင် တွင် သာမန်အားဖြင့်ကြိုး ၄ စုံတပ်သည်။ မင်ဒလင်တီးရာတွင် လက်ဝဲလက်ဖြင့် လည်တံကိုကိုင်ကာ ဆိုင်ရာကြိုးကိုနှိပ်၍ လက်ယာလက်ဖြင့် လက်ချောင်း၊ သို့မဟုတ် လက်ခတ်သံပြား ကော်ပြားတစ်ခုခုဖြင့် ကြိုးကိုခတ်ရသည်။ ကြိုးမှာ သံမဏိကြိုးများ ဖြစ်၏။ ကြိုးကိုခပ်မြန်မြန်ခတ်လျှင် အသံတုန်များကို ရရှိသည်။


မြန်မာ မယ်ဒလင် (Mandolin)

မင်ဒလင်သည် အီတာလျံ လူမျိုး တို့ စတင်တီးခတ်သော တူရိယာ ဖြစ်၏။ မင်ဒလင် နှစ်မျိုးနှစ်စားရှိပေရာ နှစ်မျိုးလုံးပင် အီတာလျံတို့မှ စတင်ပေါက်ဖွားလာသည်။ တစ်မျိုးမှာ နီယ ပေါ်လီတန် ဟုခေါ်၍ လူသိပိုများသည်။ အလျား နှစ်ပေရှိ၍ ညီညာသောကြိုး ၄ စုံ တပ်သည်။ ကျန်တစ်မျိုးမှာ မိလနိဟု ခေါ်၍ အနည်းငယ် ပို၍ကြီးပြီးလျှင် ညီညာသော ကြိုး ၅ စုံ၊ သို့မဟုတ် ၆ စုံ တပ်သည်။


မင်ဒလင်သည် သံစုံတီးဝိုင်းများတွင် အသုံးပြုသော တူရိယာကြီးမျိုး မဟုတ်ပေ။ သို့ရာတွင် မိုဇတ် (Mozart) နှင့် ဗေးထိုးဗင် (Beethoven) အစရှိသော ဂီတစာဆိုကြီးများသည် မိမိတို့ စပ်သော အခြားသီချင်းများနှင့် လိုက်ဖက်၍တီးစေကာ ယင်းအတွက် တီးလုံးများ ရေးပေးလေသည်။ မင်ဒလင်သည် ပေါ့ပေါ့ပါးပါး ယူဆောင် သွားနိုင်သောကြောင့် အပျော်တမ်းတီးခတ်သူများတွင် ခေတ်စားသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)