သထုံခရိုင်

ဝီကီပီးဒီးယား မှ
သထုံခရိုင်
ခရိုၚ်သဓီုၚ်
မွန်ပြည်နယ်အတွင်းရှိ ခရိုင်
မွန်ပြည်နယ်အတွင်း တည်နေရာ (အနီ)
မွန်ပြည်နယ်အတွင်း တည်နေရာ (အနီ)
သထုံခရိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
သထုံခရိုင်
သထုံခရိုင်
မွန်ပြည်နယ်အတွင်း တည်နေရာ (အနီ)
ကိုဩဒိနိတ်: 17°00′N 97°30′E / 17.000°N 97.500°E / 17.000; 97.500ကိုဩဒိနိတ်: 17°00′N 97°30′E / 17.000°N 97.500°E / 17.000; 97.500
နိုင်ငံ မြန်မာ
ပြည်နယ် မွန်
မြို့နယ်ပေါင်း
မြို့တော်သထုံမြို့
လူဦးရေ (၂၀၁၄)၈၂၂,၁၇၂
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

သထုံခရိုင် (အင်္ဂလိပ်: Thaton District) သည် မွန်ပြည်နယ်တွင် ပါဝင်သော ခရိုင်ဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ သထုံမြို့ဖြစ်သည်။

ပါဝင်သောမြို့နယ်များ[ပြင်ဆင်ရန်]

သထုံခရိုင်မြို့နယ်များ
  သထုံမြို့နယ်
  ပေါင်မြို့နယ်

​သထုံခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။

၂၀၂၂ခုနှစ်တွင် ​​သထုံခရိုင်မှ ​ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်များကို ကျိုက်ထိုခရိုင် အဖြစ် ဖွဲ့စည်းခဲ့သည်။[၁]

သမိုင်း​ကြောင်း[ပြင်ဆင်ရန်]

သထုံခရိုင်သည် [စစ်တောင်းမြစ်]]ဝ ဝဲဖက်ကမ်းမှသည် သံလွင်မြစ်ဝ ယာဖက်ကမ်းတိုင်အောင်အလျားရှည်၍ ပင်လယ်ကမ်းရိုးတန်းခရိုင်တစ်ခု ဖြစ်ပေ သည်။ ထိုစဉ်က သထုံခရိုင်၏ မြောက်ဘက်တွင် တောင်ငူခရိုင်နှင့် ဖာပွန်မြို့နယ်၊ အရှေ့ဘက်တွင် လှိုင်းဘွဲ့မြို့နှင့် ဘားအံမြို့နယ်၊ တောင်ဘက်တွင် မော်လမြိုင်ခရိုင်၊ အနောက်ဘက်တွင် ပဲခူးခရိုင်နှင့် မုတ္တမပင်လယ်ကွေ့တို့ဖြင့် ဝိုင်းရံလျက်ရှိသည်။ အရှေ့ဘက်တွင် ဒုံသမိမြစ်နှင့် သံလွင်မြစ်အောက်ပိုင်းတို့သည်လည်းကောင်း၊ တောင်ဘက်တွင် မုတ္တမပင်လယ်ကွေ့သည် လည်းကောင်း၊ အနောက်မြောက်ဘက်တွင် စစ်တောင်းမြစ်အောက်ပိုင်းသည်လည်းကောင်း သဘာဝနယ်နိမိတ်များအဖြစ်ဖြင့် ခရိုင်ကိုပိုင်းခြားပေးထားကြသည်။

ပထဝီဝင်အ​နေအထား[ပြင်ဆင်ရန်]

နယ်နိမိတ်[ပြင်ဆင်ရန်]

မြောက်ဘက်တွင် ပဲခူးတိုင်းမှ ပဲခူးခရိုင်နှင့် ကရင်ပြည်နယ်မှ ဖာပွန်ခရိုင်၊ အရှေ့ဘက်တွင် ကရင်ပြည်နယ်မှ ဘားအံခရိုင်၊ တောင်ဘက်တွင် မော်လမြိုင်ခရိုင်၊ အနောက်ဘက်တွင် မုတ္တမကွေ့တို့ တည်ရှိသည်။

​​မြေမျက်နှာသွင်ပြင်[ပြင်ဆင်ရန်]

သထုံခရိုင်တွင် မြောက်ဘက်ပိုင်း၌ တောင်ရိုးတောင်တန်းများ ပေါများ၍ မြစ်ချောင်းစိမ့်စမ်းများလည်း အနှံ့အပြားဖြစ်သည်။ မုတ္တမကွေ့၏ အရှေ့ဘက်၌ ရှမ်းကုန်းပြင်မြင့်၊ သို့မဟုတ် အရှေ့ရိုးမမှ သွယ်တန်းလာသော တောင်တန်းတစ်ခုသည် တောင်ဘက်သံလွင်မြစ်ဝပေါ်ရှိ မုတ္တမ​ဒေသသို့ တိုင်အောင် အနောက်မြောက်ယွန်းယွန်းမှသည် အရှေ့တောင်ယွန်းယွန်းသို့ ဆင်းလာသည်။ ခရိုင်ရုံးစိုက်မြို့ဖြစ်သော သထုံမြို့ကို ထိုတောင်တန်းကို နောက်ခံပြု၍တည်ထားရာ သထုံမြို့အနီးတွင် ထိုတောင်တန်းကို သထုံတောင်တန်း၊ တောင်ဘက်၌ မုတ္တမတောင်တန်းဟူ၍လည်းကောင်း၊ ကုလားမတောင်တန်းဟူ၍လည်းကောင်းခေါ်ဆိုကြသည်။ ခရိုင်၏ အနောက်မြောက် ဘက်တွင် အရှေ့ရိုးမရှိ ပေါင်းလောင်းတောင်တန်း၏ အဆက်ဖြစ်သော တောင်ရိုး တောင်စွယ်တို့သည် ခရိုင်အတွင်း ဝင်ရောက်လာပြီးလျှင် ကျိုက်ထို နှင့် ဘီးလင်းဘက်သို့ တောင်စွယ်နှစ်ခုခွဲထွက်သည်။ အနောက်ဘက်တောင်စွယ်ကို ကေလာသတောင်တန်းဟုခေါ်သည်။[၂]

​ရေဆင်း[ပြင်ဆင်ရန်]

ခရိုင်၏ အ​နောက်​မြောက်ဘက်တွင် စစ်​တောင်းမြစ်သည် ပဲခူးတိုင်းနှင့် နယ်နိမိတ်အဖြစ် စီးဆင်း​နေကာ ကပ္ပလီပင်လယ်​ကွေ့သို့ စီးဝင်သည်။ ဘီးလင်းမြစ်သည်လည်း ဘီးလင်းမြို့နယ်အတွင်း ​မြောက်မှ ​တောင်သို့ စီးဆင်း​နေသည်။

သဘာဝဘေးဖြစ်စဉ်များ[ပြင်ဆင်ရန်]

၂၀၁၆ ရေကြီးရေလျှံမှု[ပြင်ဆင်ရန်]

၂၀၁၆ ခုနှစ် မိုးရာသီကာလက ရေကြီး ရေလျှံမှုကြောင့် သထုံခရိုင်တွင် လယ်မြေဧက ၄၀၀၀ ကျော် နစ်မြုပ်ခဲ့သည်။ သို့သော် ရက်ပိုင်းအတွင်းသာနစ်မြုပ်ခဲ့သည့်အတွက် ထိခိုက်ပျက်စီးမှုမရှိခဲ့‌ပေ။ [၃]

၂၀၁၇ ရေကြီးမှု[ပြင်ဆင်ရန်]

ကျိုက်ထိုမြို့တွင် ၂၀၁၇ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် တောင်ကျရေကြောင့် ရပ်ကွက်အချို့ ရေမြုပ်ခြင်း၊ မြေပြိုခြင်းကြောင့် လူနေအိမ် ၇ လုံး ပြိုကျခြင်း၊ ၈ လုံး ပျက်စီးခြင်းအပြင် ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ်တွင်လည်း ရေလျှံမှုဖြစ်ပွားခဲ့ပြီး ကားသွားလာဖြတ်သန်းမှု ယာယီရပ်ဆိုင်းခဲ့ရသည်ထိဖြစ်ပွားခဲ့သည်။

ကျိုက်ထိုမြို့ပေါ် ရပ်ကွက်တို့တွင် နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံမှုဒဏ်ခံရလေ့ရှိသော်လည်း ဒေသခံထောင်နှင့်ချီပြီး ဘေးလွတ်ရာတိမ်းရှောင်ရသည့်အဖြစ်မျိုး ၁၉၉၇ ခုနှစ်၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် ကြုံတွေ့ခဲ့ဖူးသည်။[၄]

လူဦးရေ[ပြင်ဆင်ရန်]

၂၀၁၄သန်းခေါင်စာရင်းအရ သထုံခရိုင်တွင် ၈၂၂,၁၇၂ဦး နေထိုင်ကြသည်။ အမျိုးသား ၃၉၉,၇၁၆ဦး၊ အမျိုးသမီး ၄၂၂,၄၅၆ဦးဖြစ်သည်။ သထုံမြို့နယ်သည် လူနေအထူထပ်ဆုံးဖြစ်ကာ မြို့နယ်များသည် လူဦးရေကွာခြားချက် နည်းပါးသည်။ မြို့ပြတွင်နေထိုင်သူ ၁၃၈,၀၉၇ဦးရှိကာ မြို့ပြနေရာခိုင်နှုန်းမှာ ၁၆.၈ရာခိုင်နှုန်းဖြစ်သည်။ဗမာလူမျိုးများ အများဆုံးနေထိုင်ကြကာ ကရင်လူမျိုးများ ဒုတိယအများဆုံးနေထိုင်ကြသည်။ ထို့နောက် ပအိုဝ့်နှင့် မွန်လူမျိုးများ အစဉ်လိုက်များပြားစွာ နေထိုင်ကြသည်။ ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကြသည်။

စီးပွားရေး[ပြင်ဆင်ရန်]

သထုံခရိုင်သည် မွန်ပြည်နယ်အတွင်းရှိ စီးပွားရေး အသင့်အတင့်ကောင်းမွန်သော ဒေသဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်များ လုပ်ကိုင်ကြသည်။ ရာဘာ၊ သစ်၊ ဝါး၊ တောင်ထန်း၊ ဆန်စပါး၊ ရာသီအလိုက်သီးနှံများ သည် ခရိုင်ရှိ အဓိကထွက်ကုန်များဖြစ်သည်။

ပို့ဆောင်ဆက်သွယ်ရေး[ပြင်ဆင်ရန်]

သထုံခရိုင်သည် ကုန်းလမ်း၊ ရေလမ်းများဖြင့် သွားလာနိုင်သည်။ ရန်ကုန်-မော်လမြိုင်လမ်းပါ်တွင် တည်ရှိကာ ခရိုင်ရှိမြို့များသို့ အလွယ်တကူသွားလာနိုင်သည်။ ထို့အပြင် သထုံမြို့မှ ကရင်ပြည်နယ် ဘားအံ၊ မြဝတီမြို့များမှနေ၍ နယ်စပ်အထိသွားလာနိုင်သည်။

ပညာရေး[ပြင်ဆင်ရန်]

၂၀၁၄သန်းခေါင်စာရင်းအရ အသက်၁၅နှစ်နှင့်အထက် စာတတ်မြောက်နှုန်းမှာ ၈၆.၅ရာခိုင်နှုန်းဖြစ်သည်။ သထုံမြို့နယ်တွင် ကွန်ပျူတာတက္ကသိုလ်နှင့် စိုက်သိပ္ပံတို့ တည်ရှိသည်။

ကျန်းမာရေး[ပြင်ဆင်ရန်]

သထုံမြို့နယ်တွင် ကုတင်(၁၀၀)ဆံ့ ခရိုင်ဆေးရုံ၊ (၂၅)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၁)ရုံ၊ ဘီးလင်းမြို့နယ်တွင် (၂၅)ကုတင်ဆံ့ မြို့နယ်ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၄)ရုံ၊ ပေါင်မြို့နယ်တွင် ကုတင်(၅၀)ဆံ့ မြို့နယ်ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၄)ရုံ၊ ကျိုက်ထိုမြို့နယ်တွင် ကုတင်(၅၀)ဆံ့ မြို့နယ်ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၂)ရုံ တည်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မွန်ပြည်နယ်အတွင်းရှိ ခရိုင်အမည်များ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
  3. ယဉ်ချိုင်း (၂၅ ဇူလိုင် ၂၀၁၇)။ သထုံခရိုင်တွင် လယ်မြေဧက ၁၅၀ဝဝ ကျော် ရေနစ်မြုပ်မွန်သတင်းအေဂျင်စီ။ ၂၆ ဇူလိုင် ၂၀၁၇ တွင် ပြန်စစ်ပြီး။
  4. ယဉ်ချိုင်း (၂၆ ဇူလိုင် ၂၀၁၇)။ ကျိုက်ထိုတွင် ရေအားလုံးပြန်ကျ ရေဘေးရှောင်သူများ အိမ်ပြန်ကြပြီမွန်သတင်းအေဂျင်စီ။ ၂၇ ဇူလိုင် ၂၀၁၇ တွင် ပြန်စစ်ပြီး။