ကျိုက်ထိုမြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Kyaikto
ကျိုက်ထိုမြို့
Kyaikto  ကျိုက်ထိုမြို့ is located in မြန်မာ
Kyaikto
ကျိုက်ထိုမြို့
ကျိုက်ထိုမြို့နယ် တည်နေရာပြ မြေပုံ
Coordinates: 17°18′N 97°1′E / 17.3°N 97.017°E / 17.3; 97.017
နိုင်ငံ Flag of Myanmar.svg မြန်မာနိုင်ငံ
ပြည်နယ်၊ တိုင်း မွန်ပြည်နယ်
ခရိုင် သထုံခရိုင်
မြို့နယ် ကျိုက်ထိုမြို့နယ်
အစိုးရ
 - အမျိုးအစား ကျိုက်ထိုမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွင့်ဖြိုးရေးကောင်စီ
ဧရိယာ
 - မြေ ၃၃၆ sq mi (၈၇၀.၂ km²)
လူဦးရေ (၂၀၀၅)
 - လူမျိုးများ ဗမာ၊ မွန်၊ရှမ်း၊ ကရင်၊
ရခိုင်၊ကုလား၊တရုတ်
 - ကိုးကွယ်ယုံကြည်မှု
ဗုဒ္ဓဘာသာခရစ်ယာန်အစ္စလာမ်
Area code(s) ၀၅၇

ကျိုက်ထိုမြို့သည် ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းကြီးနှင့် မီးရထားလမ်းပေါ်တွင် တည်ရှိပြီး ရန်ကုန်မှ ၉၅ မိုင် ပဲခူးမှ ၄၈ မိုင် အသီးသီး ကွာဝေးသည်။ မွန်ပြည်နယ်သထုံခရိုင်၏ လက်အောက်တွင် ရှိသော မြို့နယ်တစ်ခုပြီး ယခင်က ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်သည် ဝန်ထောက်ရုံးစိုက်ရာ နေရာဖြစ်သည်။ ကျိုက်ထိုမြို့နယ်သည် စတုရန်းမိုင်ပေါင်း ၃၃၆ မိုင်ခန့် ကျယ်ဝန်း၏။ မြောက်ဖက်တွင် မြင့်မားသော ပေါင်းလောင်းတောင်တန်းကြီးနှင့် တောင်ဖက်တွင် ပင်လယ်ရေပြင်က နယ်နမိတ်သတ်မှတ်ထားသဖြင့် မြို့၏ ရှုခင်းမှာ သာယာစိုပြေသည်။


ဤမြို့တွင် မြူနီစီပယ်အဖွဲ့ကို ၁၈၈၉ ခုနှစ်ကပင် စတင်တည်ထောင်ခဲ့သည်။ ၁၉၁၈ ခုနှစ်တွင် ကျိုက်ထိုနယ် အင်မကျေးရွားပေါင်း ၁၇ ရွာကို ပဲခူးခရိုင် သနပ္ပင်မြို့နယ်သို့ လွှဲပြောင်းပေးလိုက်ရသဖြင့် အကျယ်အဝန်း စတုရန်းမိုင် ၈၃ မိုင်မျှ လျှော့သွားသည်။ ကျိုက်ထိုမြို့ ပတ်ဝန်းကျင်တွင် လယ်ယာစိုက်ပျိုးနိုင်သော လယ်မြေများ အနည်းငယ်မျှ ရှိသည်။ တစ်ဖန်မြို့၏ တောင်ဖက်တွင် လယ်မြေများကို ပင်လယ်ရေကတိုက်စားလေ့ရှိသဖြင့် လယ်ယာလုပ်ကိုင်နိုင်သော မြေများ ပိုမိုနည်းပါးရလေသည်။ ကျိုက်ထိုမြို့နယ်မှ ထွက်သော ဆန်စပါးများသည် နယ်သူနယ်သားများအတွက် တစ်ခါတစ်ရံ မလုံမလောက် ဖြစ်တတ်သဖြင့် ပဲခူးနယ်မှ ဆန်စပါးများကို ဝယ်ယူတင်သွင်းရသည်။ ထိုသို့ ကျိုက်ထိုမြို့နယ်မှ မြေများလွှဲပြောင်းပေးလိုက်ရခြင်း၊ လယ်မြေများ ရေတိုက်စားခံရခြင်း၊ ဆန်စပါးအထွက်နည်းခြင်းတို့ကြောင့် ကျိုက်ထိုမြို့မှာ ယခင်ကလောက် စည်ကားဖွင့်ဖြိုးခြင်းမရှိတော့ချေ။


ကတတ်ချောင်းခေါ် ကျိုက်ထိုချောင်းသည် ကျိုက်ထိုမြို့ကို တောင်နှင့်မြောက် ဖြတ်၍ စီးဆင်းသည်။ ကတတ်ချောင်း၏ အရှေ့ဖက်သည် မြို့၏ စည်ကားသော အချက်အခြာ ဒေသဖြစ်သည်။ အနောက်ဖက်မှာမူ ကော့စံနိုင်၊ ဘောဂနာ စသော ရပ်ကွက်များ သာဖြစ်သည်။ ကတတ်ချောင်းနှင့် စစ်တောင်းမြစ်ကို ဆက်သွယ်သော တူးမြောင်းတစ်ခုကို ၁၈၈၂ ခုနှစ်က စတင်ဖောက်လုပ်ခဲ့ရာ ၁၈၉၃ ခုနှစ် ကုန်ခါနီးတွင် ပြီးစီးခဲ့လေသည်။ ထိုတူးမြောင်းသည် ၁၃ မိုင် ရှည်လျား၍ ငွေ ၁၀ သိန်းခန့် ကုန်ကျလေသည်။ တူးမြောင်းဖောက်လုပ်ခြင်း၏ ရည်ရွယ်ချက်မှာ စစ်တောင်းမြစ်မှ မော်လမြိုင်မြို့အထိ လှေသမ္ဗာန်များ သွားလာနိုင်သော တူးမြောင်းတစ်ခု ဖောက်လုပ်ရန်ဖြစ်သည်။


စစ်တောင်း-ကျိုက်ထို တူးမြောင်းသည် စစ်တောင်းမြစ်ဝရှိ ဝင်းပတောရွာနှင့် ကျိုက်ထိုမြို့ကို ဆက်သွယ်ပေးခဲ့လေသည်။ ဝင်းပတောရွာနှင့် ကျိုက်ထိုမြို့ ဘောဂနာရွာများတွင် ရေတံခါးများ ထားရှိခဲ့သည်။ဝင်းပတောရွာရှိ ရေတံခါးမှာ ပျက်စီးလာခဲ့သဖြင့် ၁၈၉၇ ခုနှစ်တွင် မုပ္ပလင်ရွာ၌ ရေတံခါးပြောင်းလဲ ဆောက်လုပ်ခဲ့လေသည်။ ပင်လယ်ကမ်းနှင့် ယှဉ်ပြိုင်ဖောက်ထားသော စစ်တောင်း-ကျိုက်ထိုတူးမြောင်းမှာ ပင်လယ်ရေ တိုက်စားသဖြင့် နှစ်အနည်းငယ်အတွင်း ပျက်စီးသွားလေသည်။ သို့ဖြင့် စစ်တောင်းမြစ်မှ မော်လမြိုင်အထိ တူးမြောင်းဖောက်လုပ်ရန် စီမံကိန်းမှာလည်း လက်လျှော့လိုက်ရလေသည်။ စစ်တောင်းမြစ်ဝရှိ ဝင်းပတောရွာမှာလည်း ကမ်းပြိုသဖြင့် လုံးဝ ပျက်စီးသွားခဲ့လေသည်။

ကျိုက်ထိုမြို့အလယ်တွင် ရွှေဘုံသာ စေတီတော်တည်ရှိ၍ မြို့၏ အရှေ့တောင်ယွန်းယွန်းတွင် ကျိုက်ပေါလော ရုပ်ပွားတော်တည်ရှိသည်။

ကျိုင်ပေါလောမှည့်ရှင်တော်ဘုရား မုဒ်ဝ

ကျိုက်ပေါလော ရုပ်ပွားတော်ကို ပင်လယ်ထဲမှ ရရှိ၍ သီဟိုဠ်ကျွန်း ဒေဝါနံပိယတိဿမင်းက ပင်လယ်၌ မျှောလိုက်သော ရုပ်ပွားတော် ၄ ဆူအနက် ကျောက်ဘီးပေါ်တွင် သီတင်းသုံး၍ မျောပါလာသော ရုပ်ပွားတော်ဖြစ်သည်ဟု ယုံကြည်ကြသည်။ထိုကျောက်ဘီးကိုလည်း ဘုရားတန်ဆောင်းအတွင်းတွင် တွေ့မြင်နိုင်သည်။ ကျိုက်ပေါလောတန်ဆောင်းနှင့် မျက်နှာချင်းဆိုင်တွင် သွန်းဘုရားကြီးခေါ် ကြေးဆင်းတုတော်တစ်ဆူရှိသည်။ ထိုဆင်းတုတော်မှာ မန္တလေးမြို့မဟာမြတ်မုနိရုပ်ပုံတော်၏ ပုံကိုယူ၍ သွန်းလုပ်ထားသော ရုပ်တုတော်ဖြစ်သည်။ ကျိုက်ထိုမြို့ပေါ်နှင့် မြို့အနီးတစ်ဝိုက်တွင် ကျောင်းသင်္ခမ်းများ၊ စာသင်တိုက်များ ရှိသည်။ ထင်ရှားသော စာသင်တိုင်များမှာ မဟာမေဃဝန်တိုက်၊ ဘုရားကြီးတိုင်၊ သစ်ချတောင်တိုက်နှင့် တက်တောင်ကျောင်းတိုက်တို့ဖြစ်သည်။ကျိုက်ထိုမြို့နယ်တွင် ဗမာကရင်မွန်ရှမ်းထားဝယ်၊ စသော လူမျိုးပေါင်းစုံ နေထိုင်ကြသည်။ မြို့၏ ကျောထောက်နောက်ခံစီးပွားရေးမှာ ထင်သလောက် မကောင်းသောကြောင့် စည်ကားသင့်သလောက် စည်ကားမှုမရှိချေ။သို့သော် ကျိုက်ထီးရိုးပွဲတော်ကာလများတွင် ပိုမိုစည်ကားသည်။

ကျိုက်ထို့မြို့နယ်တွင် ယခုအခါ မြို့နယ်ရဲစခန်းတစ်ခု၊ မြို့နယ်အားကစားကွင်းတစ်ခု ၊ မြို့နယ်ခန်းမတစ်ခု၊ ဈေးကြီး ၃ ခုနှင့် အဝေးပြေးယဉ်ဂိတ် ၁ ခု၊ ဘူတာရုံ၊ အခြေခံပညာအထက်တန်းကျောင်း၂ ခု နှင့် မူလတန်းကျောင်းပေါင်း ၅၀ ခန့်ရှိသည်။ ယခုအခါ မြို့နယ် အိတ်ချိန်းရုံးများ၊ စာတိုက်ရုံး၊ ကြေးနန်းရုံး၊ မိုဘိုင်းစတေရှင်းများဖြင့် တိုးတက်လျက်ရှိသည်။ ကျိုက်ထိုမြို့နယ်၏ အခြားထင်ရှားသော နေရာများမှာ ကျိုက်ထီးရိုပြတိုက် တို့ဖြစ်ကြသည်။ အခြေခံပညာ အထက်တန်းကျောင်းကြီး ၂ ခုမှာ နိုင်ငံတော်အတွက် အားကိုးရသော ခေတ်ပညာတတ်လူငယ်လူရွယ်များကို မွေးထုတ်ပေးလျက်ရှိပြီး မွန်ပြည်နယ် ပညာရေးတွင် နာမည်ရှိသည်။ မြို့ပေါ်တွင် ၁၉၅၃ ခုနှစ်သန်းခေါင်စာရင်းအရ လူဦးရေမှာ ၁၃၁၇၃ ယောက်ရှိ၏။ မြို့ပေါ်တွင် ရှေးက ရှမ်းများနှင့် တောင်သူများ စတင်နေထိုင်ခဲ့သော ရပ်ကွက်များကို ရှမ်းစု၊ တောင်သူစု ဟူ၍ ယခုတိုင် ခေါ်တွင်လျက်ရှိသည်။


ကျိုက်ထိုမြို့မှ ငါးငါးခြောက်ရာဘာဝါးပတ်ဦးထုပ်များနှင့် ခုံဖိနပ်များ၊ ကွမ်းကွမ်းသီးအုန်းသီး အပြင် အခြားသော ကုန်ပစ္စည်း အချို့ထွက်ရှိသည်။ ကျိုက်ထီးရိုးတောင်ခြေတွင် ဆေးဘက်ဝင် အပင်များ၊ ဝါး၊ ကြိမ်ဖြင့် ပြုလုပ်ထားသော လူသုံးကုန်ပစ္စည်းများ ထွက်ရှိသည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
  2. အင်္ဂလိပ်ဝီကီ
  3. မြန်မာ့အဝါရောင်စာမျက်နှာများ