ရေငံပိုင် ဦးရှင်ကြီး

ဝီကီပီးဒီးယား မှ
ကျောက်တန်းရေလယ်ဘုရားရှိ ရေငံပိုင် ဦးရှင်ကြီးရုပ်တု

ဦးရှင်ကြီးသည်ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် ကိုးကွယ်ကြသော နတ်တစ်ပါးဖြစ်သည်။ ရေလမ်းခရီးကို စောင့်ရှောက်သည့် နတ်တစ်ပါးဖြစ်သည်ဟု အများက ယုံကြည်ကြသည်။ သူ၏ ရုပ်တုကို ကျားသို့မဟုတ် မိကျောင်းတစ်ကောင်နှင့် တွဲဖက် ထုလုပ်လေ့ရှိပြီး တစ်ခါတရံတွင် စောင်းကိုင်ထားသည့် ပုံ ပြလေ့ ရှိသည်။ သူသည် နဂိုမူလက ပဲခူးဒေသရှိ ကစင်ရွာမှ စောင်းသမား ဖြစ်သည်။ ပါးစပ်ပြော ရာဇဝင်များအရ သူနှင့် အပေါင်းအပါ သစ်ခုတ်သမားများ အစားအစာရှာဖွေရာတွင် မိန်းမလှကျွန်းသို့ ရောက်ရှိသွားကြသည်။ သူ၏ စောင်းသံသည် နတ်ညီအစ်မနှစ်ယောက်ကို ဖမ်းစားခဲ့ပြီး သူမတို့က သူတို့၏ လှေကို ထွက်ခွာခွင့် မပြုခဲ့ပေ။ နောက်ဆုံး သူ၏ အသက်ကို စတေးမှ လှေအား ထွက်ခွာခွင့် ပြုခဲ့သည်။ သူသည် ကွယ်လွန်ပြီးနောက် နတ်ဖြစ်ခဲ့သည်။ ဦးရှင်ကြီး နတ်ပွဲအား ပုံမှန်အားဖြင့် မတ်လ တွင် ကျင်းပလေ့ ရှိသည်။

သမိုင်းဒဏ္ဍာရီ[ပြင်ဆင်ရန်]

ရေငန်ပိုင်ဦးရှင်ကြီး သမိုင်းနှင့်ပတ်သတ်၍ မိန်းမလှကျွန်းသည် မြစ်ဝကျွန်းပေါ်ဒေသတွင် အထူးထင်ရှားကျော်စောသော ကျွန်းဖြစ်သည်။ မွန်စာပေအက္ခရာတွင် မိန်မ္လ ဟုရေးသား၍ အဓိပ္ပာယ်မှာ မြရာပင်များပေါက်သောကျွန်း ဟု ခေါ်သည်။ ၎င်းမိန်းမလှကျွန်းတောင်ဘက်တွင် ကျွန်းညိုကြီးဟူသော ကျွန်းလည်းရှိသေးသည်။ ကျွန်းညိုကြီးတွင် ယခုအခါ လူနေအိမ်ခြေစည်ကားလျက် ကျွန်းညိုရွာ ဟုခေါ်ကြသည်။

သမိုင်းဖြစ်စဉ်တွင် ဘုရင်နှင့်သက္ကရာဇ်ကို မသိရ။ ရာမညတိုင်း မွန်လူမျိုးတို့ကောင်းစားစဉ်အခါက ပဲခူးနယ် ကစင်ရွာ (အချို့က စည်တီးရွာ) သား မောင်ရှင်သည် အသက်အရွယ် ငယ်စဉ်အခါက ဖခင်သူကြီး ကွယ်လွန်သွား၍ ဆင်းရဲနွမ်းပါးပြီး သူ၏ ထူးချွန်စွာတတ်မြောက်သော စောင်းပညာဖြင့် ငွေကြေးရှာဖွေပြီး မိခင်မုဆိုးမ ဒေါ်ဖြူကို ကျွေးမွေးရရှာသည်။

မောင်ရှင်ကို သာမဏေမပြုရသေးသောကြောင့် ဒေါ်ဖြူက သူ၏ခင်ပွန်းမကွယ်လွန်မီ ကောင်းစားစဉ်အခါက အစ်မဖြစ်သူ ဒေါ်သူကို ငွေသုံးပိဿာချေးငှားထားခဲ့ဖူးသည်ကို သတိရ၍ ယခုအခါ ဒေါ်သူမှာ ကြွယ်ဝချမ်းသာနေသည်ဖြစ်သောကြောင့် သားကလေးရှင်ပြုရန်အတွက် သွားရောက်တောင်းဆိုရာ ဒေါ်သူက အမျိုးမျိုးဆဲဆိုကြိမ်းမောင်းနှိပ်စက်လွှတ်လိုက်သည့်အတွက် ရှက်လည်းရှက် စိတ်လည်းနာ၍ သားအမိနှစ်ယောက် ဒလမြို့သို့လာရောက်နေထိုင်ကြရာ မောင်ရှင်က ရှင်သာမဏေပြုရန်ငွေကြေးရအောင် မျောခုတ်သမားလှေထိုးသားအဖြစ်နှင့် လိုက်သွားရာ မိန်းမလှကျွန်းသို့ရောက်လေသည်။

ဇာတ်သဘင်များက ကပြရာတွင် မောင်ရှင်၏အကိုဝမ်းကွဲတော်သူ ဒေါ်သူ၏သား ကိုဘိုးအောင်ကိုပါ ထည့်သွင်းကပြကြသည်မှာ လွမ်းအောင်ဆွေးအောင် ဇာတ်ပို့ဆောင်သူအဖြစ်နှင့် ထည့်သွင်းကပြကြဟန်တူသည်။

မိန်းမလှကျွန်း၌ ကရင်မုဆိုးမကြီးသမီးလေးယောက် ကျားကိုက်၍သေရပြီး အစိမ်းနတ်အဖြစ် စောင့်နေကြရသည်။

မောင်ရှင်တို့လှေ မိန်းမလှကျွန်းသို့ရောက်ခဲ့ကြပြီး မျောများခုတ်၍ယူကြစဉ် မောင်ရှင်လှေကိုစောင့်၍နေရစ်ခဲ့ရာ အပျင်းပြေစောင်းတီးသောအခါ မိန်းမလှကျွန်းကိုစောင့်နေသော နတ်သမီးများက သဘောကျပြီး မျောခုတ်ပြီး လှေထွက်မည်ပြုလုပ်သောအခါ လှေမထွက်နိုင်အောင် ဆွဲထားသည်နှင့် မဲချသောအခါ မောင်ရှင်ကို မဲသုံးကြိမ်ကျ၍ လှေသူကြီးက မောင်ရှင်အား ရေထဲသို့ပစ်ချရာ ရေထဲမရောက်ခင်ပျောက်သွားပြီး အရှင်လတ်လတ် နတ်ဖြစ်သွားသည်ဟု ဆိုသည်။ ၎င်းကို ရေငန်ပိုင်ဦးရှင်ကြီးဟုခေါ်ကြသည့်အပြင် ကျွန်းညိုရှင် ဟုလည်း ခေါ်ကြသေးသည်။[၁]

ယုံကြည်ကိုးကွယ်မှုနှင့် ပူဇော်ပသပုံ[ပြင်ဆင်ရန်]

ရေငန်ပိုင်မြို့ရွာဒေသတို့တွင် အများအားဖြင့် ဦးရှင်ကြီးကိုအထူးယုံကြည်၍ တင်မြှောက်ပသကိုးကွယ်ကြသည်။[၁] ကျွန်းညိုရွာဒေသခံများက ရေငံပိုင်ဦးရှင်ကြီးသည် ယနေ့အချိန်အထိ ကျွန်းညိုကြီးပေါ်တွင်နေထိုင်လျက်ရှိသည်ဟု ယုံကြည်ကြသည်။ ဒေသခံများသည် အစွဲအလမ်း အလွန်ကြီးမားပြီး ဤကျွန်းသည် အလွန်နတ်ကြီးသည့် နေရာဖြစ်သည်ဟု ယုံကြည်ကြသည်။ ကျွန်းအနီးတွင် အပြောအဆိုမှအစ အမှားမရှိစေရန်၊ အထူးသဖြင့် မိကျောင်းများကို ရန်မရှာရန်ဟု ဆိုကြသည်။ ဒီဒေသရှိ မိကျောင်းများအားလုံးသည် ရေငံပိုင်ဦးရှင်ကြီး၏ အစောင့်အရှောက်များ ဖြစ်သည်ဟု ဆိုကြသည်။ တစ်စုံတစ်ရာ အမှားအယွင်း ရှိခဲ့ပါက ဦးရှင်ကြီးမှ မိကျောင်းဖြင့် တိုက်လိမ့်မည်ဟုလည်း ယုံကြည်ကြသည်။[၂]

၃၇ မင်း နတ်စာရင်းတွင် မပါဝင်သော်လည်း နတ်ထိန်း နတ်ကတော်များ နတ်ကန္နားပေးပွဲပြုလုပ်သောအခါ ဆွမ်းတင်မြှောက် ပသကိုးကွယ်ကြသည်။ ဦးရှင်ကြီး ဆွမ်းတင်မြှောက် ပသပေးသော နတ်ဆရာများသည် အောက်ပါအတိုင်း ရွတ်ဆိုတင်မြှောက်ပေးလေ့ရှိသည်။[၁]

ပထမ အုန်းရည်နှင့်ပင့်ပုံ[ပြင်ဆင်ရန်]

ပုလဲငွေမို့၊ သဲရေစို့၊ ပဲရွှေမြို့အပိုင်၊ အောက်ခရိုင်၌၊ ကျောက်တိုင်စိုက်၊ နေမင်းအထိ၊ ရေစာရင်းညှိလိုက်တော့၊ ရေကင်းအထိပိုင်ပေသော နတ်ဦးရှင်ခင်ဗျား.....။

ကျွန်တော်မျိုးတို့ ရပ်မာဂါသို့၊ နတ်ရာဇာ ကိုယ်တော်ကြွလှည့်ပါ့၊ သို့သော်တစ်ခဏ အမွှန်းတင်၊ ကွန်းစင်မြင့် ကျောင်းဝိဟာသို့၊ အပေါင်းတပည့်မကွာ ခြွေရံတစ်သင်းငယ်နှင့်၊ ရေငံမင်း တစ်ကျွန်းပိုင်၊ ကွန်းအဆိုင်မှာ ဆွမ်းထိုင်လို့သုံးပါရန်၊ ဘုန်းရှိတဲ့နတ်ရာဇာ၊ ကြွတော်မူလှည့်ပါ့ခင်ဗျား.....။[၁]

ကျောင်းဆောင်ပေါ်သို့ ပင့်ပုံ[ပြင်ဆင်ရန်]

စံရာကသိုင်း မြန်မာတိုင်း၊ တလိုင်း သုံးရပ်၊ မုတ္တမကျော်လှိုင်၊ မော်လမြိုင် ထားဝယ်၊ တစ်သွယ် ရေး မြိတ်၊ ကုလားထိပ် မော်တင်၊ ပင်လယ် ကျောက်ဖြူ ဇမ္ဗူမတိမ်၊ ပုသိမ် မြောင်းမြ၊ ဒလမကျန်၊ တစ်ဖန်ပဲခူး၊ မြို့ရိုးမြို့တာ ဥက္ကလာပ၊ နဂရ ရန်ကုန်၊ မြစ်ဆုံကြေညာ၊ ဧရာဝတီ နဒီဖြတ်သန်း၊ ရေစာရင်းညှိလိုက်တော့၊ ရေကင်းအထိ ကျောက်တိုင်စိုက်ပေသော၊ အောက်ခရိုင်တစ်ဝိုက်၊ ရေကြောင်းဆိုင်သည့် ရွှေကျောင်းပိုင် ကျွန်းညိုလှဆီသို့၊ ညွှန်းဆိုသ ရည်မှန်းမျှော်ပြီး ဤဆွမ်းတော် ထန်းလျက် ကောက်ညှင်း၊ သန့်ရှင်းစင်ကြယ်စွာ၊ အုန်း ငှက်ပျော ကွမ်းယာ လက်ဖက်တို့နှင့်၊ ဆွမ်းဒကာ တနင်္ဂနွေ တနင်္လာ အင်္ဂါ ဗုဒ္ဓဟူး ကြာသပတေး သောကြာ စနေ အစရှိသော ခုနှစ်ရက်သားသမီးတစ်စု ပေါင်းပြီး ကျွန်တော် ကျွန်မတို့က၊ အကောင်းဆုံး နှောတင်ချီ၍၊ မနောရွှင်ကြည် အလီလီကန်တော့ပြီး၊ တင်မြှောက် ဆက်ကပ်ပါသည်။ ကွန်းစင်ပေါ် နန်းကနက်သို့ လှမ်းတက်တော်မူပါ့- ဒေဝါသခင်၊ နတ်ဦးရှင် ခင်ဗျား.....။[၁]

ဆွမ်းဆက်ကပ်ပုံ[ပြင်ဆင်ရန်]

မိန်းမလှခေါ်ဆို မြတ်ကျွန်းညိုတွင်၊ လူ ဗိုလ်အပေါင်း ခဝတ်ညောင်းရသော၊ ရွှေစောင်းတော်သခင်၊ ဒြပ်ဖြိုးပေသော နတ်မျိုးရှင်ဘုရား.....။

အစဉ်ရှေးက ရာမညတိုင်း၊ မွန် တလိုင်းတို့ ညွတ်ကိုင်းပသ၊ ပူဇော်ကြသဖြင့် ကွင်းပဘေးဒဏ်၊ ခပ်သိမ်းရန်ကို အမှန်ကင်းပျောက်၊ စောင့်ရှောက်တတ်စွာ ကြီးတေဇာဖြင့်၊ အာဏာတန်ခိုး ဒီရေတိုး၍၊ ဝေဖြိုးမောက်ရာ မြန်နဂရာတွင်၊ မှန်စွာစိုးလျက် ရှေးရိုးအစဉ်၊ သတ်သတ်မသုံး မြတ်နှလုံးဖြင့်၊ ပြည်လုံးတင်၍ အောက်ခွင်ခရိုင်၊ မိန်းမလှကျွန်းခေါ်ညွှန်း၊ စံတော်ကွန်းက ကျွန်းညိုလုံးပိုင် ခင်ဗျား.....။

ရသာအမြတ် ဖြူစင်လတ်သည့်၊ နတ်ကောက်ညှင်းနှင့် သန့်ရှင်းသေချာ၊ အုန်းငှက်ပျောတွဲ ကန်တော့ပွဲ၊ ဆင်နွှဲကာဖြင့် ဖြူးကာပေါက်ပေါက်၊ လက်ဖက်ရွှေဖီ ဆားမသီ၊ ဆီမနှောပဲ မောက်မောက်စုပုံ၊ ရိုးရွက်မြညှာ ကွမ်းနုဝါ၊ ယာတော်စုံတို့ဖြင့်၊ မွှေးထုံပျံသင်း၊ ဒေါနသဇင် ပန်းတော်ဝင်တို့ကို၊ စီရင်ခင်းလျက် လျှံဝင်းဆီမီး၊ ထိန်ထိန်ညီးလို့ ကျောင်းကြီးဝိဟာ၊ နိမ့်မြင့်မယွင်း ပွဲစုံကျင်း၍၊ သန့်ရှင်းစွာဖြင့် ဆွမ်းတကာသားသမီး အိမ်သားတစ်စုတို့က တင်မြှောက်ဆက်ကပ်ပါသည်၊ ကျွန်းညိုမြ အတိမဟာဝနေက တပည့်သဟာယေအပေါင်းအဖော်တစ်စုတို့နှင့်၊ စောင်းတော်ရတနာဗေလု လက်တော်ကဆွဲ၍ ကြွလှမ်းကာ တင်ဆွမ်းယမကာကို၊ ရွှင်လန်းစွာ ဘုဉ်းပေးသုံးဆောင်တော်မူပါ့ ကျွန်းညိုသခင် နတ်ဦးရှင်ခင်ဗျား.....။[၁]

ဆုတောင်း[ပြင်ဆင်ရန်]

ပင်လယ်သီခေါင် ကျွန်းညိုခေါင်တွင် ဂုဏ်ရောင်လျှံညီး၊ မပြတ်အစဉ် ဒြပ်ရွှင်ပေသည့် နတ်အရှင်ကြီးခင်ဗျား.....။

ဆွမ်းမြတ်ဘောဇဉ် နတ်ကွန်းစင်ကို ပြုပြင်ပသပါသည်။ ဘယအန္တရာယ် နတ်တန်ခိုးဖြင့် ဘေးမျိုးကိုပယ် ရေဝယ်ကြာသို့ လန်းပါစေ။ မကောင်းအိပ်မက် မကောင်းငှက်နှင့် ဖုတ် ပြိတ် တစ္ဆေ ကျား မြွေ မိကျောင်း မကောင်းဥပါဒါန်၊ နတ်တိုက်ရန်ဘေး ကင်းဝေးစေဖွယ် ဘုရားဂုဏ်ပေါင်း အရှင်မျက်စောင်းနှင့်၊ မကောင်းသမျှပယ် လနှယ်ရေသို့အေးပါစေ။ ခြောက်ပါးကိုးဆယ် အန္တရာယ်ကို ဖယ်နိုင်သမျှ၊ သိကြားလက်နက် နတ်တို့စက်နှင့် ဖျက်ခါချသကဲ့သို့၊ ကွင်းပပေါ့စွာ ဘေးဘယာလည်း ကင်းရှင်းကွာလိမ့်၊ ထိုအတိတ်နှင့် ကိုယ်စိတ်ကျန်းမာပါစေသော်.....။ ရွှေငွေပေါစွာ လာဘ်မိုးရွာလျက်၊ ကြင်နာမဆိုင်း လူမြင်တိုင်းက၊ မှိုင်းမစေတနာ ထားပါစေသော်။ သို့ပင်အကြောင်း ဆုပတ္ထနာနှင့်၊ လိုရာကိုတောင်းပါသည်၊ ရွှေစောင်းတော်ရှင် နတ်ဦးရှင်ခင်ဗျား.....။[၁]

ပြန်ပို့ပုံ[ပြင်ဆင်ရန်]

ကျွန်းအရှင်ကို ဆွမ်းတင်လို့ ပြီးပါပေါ့၊ ကျွန်းညိုကြီးဒီဗွေပါကို စီစရံဝေဝေ ရွှေသင်္ကန်းရယ်နှင့်၊ နေအဝင် ရွှေကညင်သာတဲ့လမ်းကို၊ နတ်နန်းပျော် စောင်းတော်မပြီး၊ အပေါင်းအဖော်တို့နှင့် ကျောင်းတော်ကကြွတော်မူပါ၊ ရေငန်တစ်ရိုး ပိုင်အုပ်စိုးပါတဲ့၊ ဒေဝါသခင် နတ်ဦးရှင်ခင်ဗျား.....။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ ဘာသာပြန် ဦးထွေးဟန်၊ သုတေသီ ဦးဘညွန့်၊ မြန်မာ့မိရိုးဖလာဓလေ့ နတ်သမိုင်း၊ Sir R. C. Temple, The Thirty Seven Nats - A Phase of Spirit-Worship prevailing in Burma.
  2. ဒီရေတောများကို ချစ်ကြပါ၊ ကြည်ဝေ၊ ဇွန် ၂၇၊ ၂၀၀၈