ကျော်စွာနတ်

ဝီကီပီးဒီးယား မှ
မင်းကျော်စွာနတ်
Offerings of alcohol and liquor to U Min Kyawzwa.

မင်းကျော်စွာနတ် (၉၆-၁၁၆)နှင့်စပ်လျဉ်း၍ ကျော်စွာ (၅) ဦးရှိနေသည်။

  • ပုဂံ သိန်းခွန်၏ သား
  • ပုဂံ တရုတ်ပြေးမင်း၏ သား၊
  • အလောင်းစည်သူမင်း (၄ရ၄-၅၂၉) ၏ အမတ်တစ်ဦး၊ ပုပ္ပါး အရက်သည်မ ရိုက်သတ်၍ အနိစ္စရောက်ခဲ့သူ ကျော်စွာ၊
  • အင်းဝခေတ် ငါးစီးရှင်၏ သား ကျော်စွာ၊
  • အင်းဝ ပထမ မင်းခေါင် (ခေါ်) မင်းဆွေ၏ သားကြီး မင်းရဲကျော်စွာ ဟူ၍၎င်း ဖြစ်သည်။ [၁]


ပထမအဆို၌ အစ်ကိုစည်သူကသတ်၍ သေသည်ဟူ၍လည်းကောင်း၊ ဒုတိယအဆို၌ ပုပ္ပါးသူအရက်သည် မဘို့မယ်နှင့်အကြောင်းပါသည်။ ကြက်၊ အရက်၊ ပွဲများနှင့်သာ ပျော်ပါးနေ၍ သေသည်ဟူ၍လည်းကောင်း၊ တတိယအဆိုအရ မွန်တို့နှင့်တိုက်ရသော ဒလစစ်ပွဲတွင်ကျဆုံးသည်ဟူ၍လည်းကောင်း ဆိုလေသည်။ နတ်ရုပ်မှာမြင်းစီးလျှက် ယာလက်ကကြိမ်ကိုင်၍ ဝဲလက်ကမြင်းဇက်ကို ကိုင်ထားသည်။ သျှောင်ထုံးနှင့် ထုလုပ်ရသည်။[၂] ယနေ့ခေတ်တွင် ကိုကြီးကျော်ဟု လူသိများသည်။

ရှင်းတမ်း[ပြင်ဆင်ရန်]

အမှတ်စဉ် (၁)မှ (၅)တွင် မည်သူသည် ပခန်းဦးမင်းကျော်အစစ်ဖြစ်ကြောင်း ရှာဖွေမှုကို ပုဂံခေတ်မှ စ၍ လေ့လာကြရပေမည်။

သုမုန္ဒရီမင်းသည် သာသနာသက္ကရာဇ် ၆၂၄ အားဒေါဒေါရသိကိန်းနှင့် ၂-ကြွင်းထားခဲ့သော ဖြိုခွင်းသက္ကရာဇ် ၂၉-နှစ်တွင် သမုဒ္ဒရာဇ်မင်းသည် ပုဂံမင်းဆက်ကို စတင်တည်ထောင်ခဲ့လေသည်။ သမုဒ္ဒရာဇ်မင်းနောက် မင်းဆက်အားဖြင့် (၃၈)ဆက်မြောက် ပုပ္ပါးစောရဟန်းလက်ထက်အရောက်တွင် ခ-ဆပဉ္စကိန်းအရ ၂-ကြွင်းထားပြီး သက္ကရာဇ်ဖြိုခဲ့ပြန်သည်။ ခရစ်သက္ကရာဇ်အားဖြင့် အေဒီ ၆၁၃-တွင် ပုပ္ပါးစောရဟန်း နန်းတက်ပြီး အေဒီ-၆၄၁-တွင် နန်းကျသည်ဟု ဆိုပါသည်။


မြန်မာကောဇာခေါ်သည့် ပုပ္ပါးစောရဟန်း၏ အသစ်သက္ကရာဇ် ၉၆-ခုနှစ်၊ မင်းဆက်အားဖြင့် (၈)ဆက်မြောက် သိင်္ဃမင်း၏သား သိန်းခွန်မင်း နန်းတက်ခဲ့သည်။ ဤ သိန်းခွန်မင်းနှင့် ရွှေကိုင်းမယ်တော်တို့မှ မွေးဖွားသော သားကြီးသည် ကိုကြီးကျော် (ခေါ်) ဦးမင်းကျော် ဖြစ်သည်ဟူသော စကားရပ်အား ရှင်းတမ်းပြုရန် လိုအပ်လာပေသည်။ သိန်းခွန်မင်းသည် ခရစ်အေဒီ ၇၃၄-ခုမှ ၇၄၄-အထိ နန်းစံခဲ့ကြောင်း တွေ့ရှိရသဖြင့် သာသနာသက္ကရာဇ် ၁၂၇၆-နှင့် ကိုက်ညီနေပေသည်။ ထိုအချိန်ကို အင်းဝခေတ်တွင် ငါးထပ်ကြီးဘုရားဒါယကာမင်းလက်ထက်၌ (၃၇)မင်း နတ်ချင်းများကို အသစ်ပြန်ပြုလုပ်စေသဖြင့် ဝန်ကြီး ပဒေသရာဇာ၏ (၃၇)မင်း နတ်စာရင်းကို ရှာဖွေလေ့လာရပေသည်။ ထိုမှတဖန် မြဝတီမင်းကြီး ဦးစ ပြုစုခဲ့သည့် နတ်ချင်းသမိုင်းစုနှင့် နတ်ချော့တေးချင်းကို၎င်း၊ ပညာဝန် ဦးဖိုးကျား၏ နတ်သမိုင်း ကိုယ်တွေ့ဝတ္ထု အမှတ်(၅)၊ မဟာဂီတမေဒနီ ကျမ်းတို့နှင့် ညှိကြည့်ရလေသည်။ ဂီတသိပ္ပံစာအုပ်၊ စာမျက်နှာ (၄၀၉)မှ (၄၁၉)၌ သက္ကရာဇ် ၁၁၆၇-ခုနှစ်တွင် (၃၇)မင်း နတ်ချင်းများကို အိမ်ရှေ့မင်းသားမှ ဆိုင်းတော်တီး ငမြတ်သာနှင့် ငတရုတ်တို့အား စေခိုင်းခဲ့သော မှတ်တမ်းကို လေ့လာရာတွင် ဦးမင်းကျော် (သို့) ကိုကြီးကျော် အမည် မတွေ့ရပဲ မင်းကျော်စွာနတ်ဟုသာ တွေ့ရသဖြင့် ထိုမင်းကျော်စွာ နတ်ပင် ဦးမင်းကျော် ဖြစ်လေသည်ဟု သံသယဖြစ်ပေါ်စေပါသည်။


သို့သော် ဦးမင်းကျော်နတ်သည် ပုဂံခေတ်တွင် ပေါ်ထွန်းသော နတ် ဟုတ်မဟုတ် သုတေသနပြုရန်အတွက် ဒေသန္တရ ဗဟုသုတနှင့် နှိုင်းယှဉ်ကြည့်ရပြန်သည်။ ပခုက္ကူခရိုင် ရေစကြိုမြို့သို့သွားသော ကားလမ်းမကြီး ဘေးတွင် ပခန်းမြို့ တည်ရှိလေသည်။

ထိုပခန်းမြို့၌ နှစ်စဉ် ပခန်းနတ်ကြီးပွဲ တပေါင်းလဆန်း (၃)ရက်မှ လဆန်း(၅)ရက်နေ့အထိ ခမ်းနားကြီးကျယ်စွာ ကျင်းပစမြဲဖြစ်သည်။ နတ်ပွဲကျင်းပရာ ဂူနီကျေးရွာသည် ပခန်းမြို့အနီး၌ တည်ရှိပြီး ပုဂံမြို့နှင့် ခရီးကွာဝေးနေကြောင်း တွေ့ရှိရပေသည်။ သို့သော် ပါးစပ်ရာဇဝင်များ၌ ဦးမင်းကျော်သည် ပုဂံသိန်းခွန်မင်းနှင့် ရွှေကိုင်းမယ်တော်တို့မှ မွေးဖွားသည် ဟူ၍၎င်း၊ ပင်းယခေတ် ငါးစီးရှင်ကျော်စွာဟူ၍၎င်း အမျိုးမျိုး အဖုံဖုံ ယူဆထွက်ဆိုချက်များအား မြို့တည်နန်းတည် ကိန်းဂဏန်းများဖြင့် ချိန်ကိုက်ကြည့်ရန် လိုအပ်လာပြန်သည်။

  • ကြာအိုးအံ ပုဂံတည် - ၂၁၁-ခုနှစ်၊
  • သော်တာလ ပင်းယတည် - ၆၇၄-ခုနှစ်၊ တစ်စီးရှင်နှင့် ကျော်စွာတည်
  • သံတတိုင်း စစ်ကိုင်းတည် - ၆၇၇-ခုနှစ်၊ အသင်္ခယာစောယွန်းတည်
  • သုသုတန်း ပခန်းတည် - ၆၆၇-ခုနှစ်၊
  • နှင်းကျသည် အင်းဝတည် - ၇၂၆-ခုနှစ်၊ သတိုးမင်းစောတည်
  • ဥဩအော်မည် ကုန်းဘောင်တည် - ၁၁၁၅-ခုနှစ်၊ ဦးအောင်ဇေယျတည်
  • အင်းအိုင်ဝိုက်လည် အမရပူရတည် - ၁၁၄၄-ခုနှစ်၊ ဘိုးတော်ဦးဝိုင်း (ဗဒုံမင်း)တည်
  • အဋ္ဌဧက ဒွေးဧက၊ သင်္ချာပြည့်စုံ ရတနာပုံ - ၁၂၁၈-ခုနှစ်၊ မင်းတုန်းမင်းတည်
  • အုတ်ကျစ်ကျော်အေး မန္တလေး - ၁၂၂၁-ခုနှစ်၊ မန္တလေး နန်းတက်
  • အင်ကြင်းကြာအုံ ရတနာပုံ ၁၂၂၁-ခုနှစ် လည်းမည်၏။

ဤမြို့နန်းတည် သက္ကရာဇ်များကို လေ့လာကြည့်ပါလျှင် ပခန်းဦးမင်းကျော် ပခန်းကိုးခန်းကျေင်း ဆောက်လုပ်သော ခုနှစ်မှာ

  • ထိန်ထိန်လျှမ်း ကိုးခန်းတည် - ၇၇၄-ခုနှစ်

ဖြစ်နေ၍ ပုဂံတွင် ဖြစ်သည့် နတ်ဟူသော စကားနှင့် ဆက်စပ်၍မရ။ သိန်းခွန်မင်းသည် ၉၆-ခုနှစ်တွင် နန်းတက်သောကြောင့် ကိုကြီးကျော် ကိုးခန်းဆောက်သည့်ခုနှစ်မှာ ၇၇၄-ခုနှစ်တို့နှင့် နှစ်ပေါင်း ၆၇၈ ကွာခြားနေသဖြင့် လူတို့၏အသက်သည် ဤမျှလောက် မရှည်နိုင်ကြပေ။ ပုပ္ပါးစောရဟန်း သက္ကရာဇ် ၉၆-ခုနှစ်တွင် နန်းတက်သော သိန်းခွန်မင်းသည် နန်းစံသက် ၁၀-နှစ်တွင် ၎င်း၏သားတော် ရွှေလောင်းမင်းသား နန်းတက်၏ဟု ဆိုသဖြင့် ရွှေလောင်းမင်းသည် သက္ကရာဇ် ၁၀၆-ခုနှစ်တွင် နန်းတက်ကြောင်း တွေ့ရှိရ၍ ၎င်း၏ ညီတော်လေလားဟု တွေးချင်စရာ ဖြစ်လာပြန်လေသည်။ ပုဂံနန်းတက် နောက်ဆုံးမင်းဖြစ်သည့် တရုတ်ပြေးမင်း၏ သားတော် ကျော်စွာသည် သက္ကရာဇ် ၆၁၈-ခုနှစ်တွင် နန်းရသဖြင့် ကြည့်ပြန်လျှင်လည်း သိန်းခွန်းမင်း၏ နန်းတက်နှစ်သည်၁၂၇၆-ခုနှစ်ဖြစ်ပြီး ကျော်စွာမင်းသည် ၁၈၂၉-ခုနှစ်တွင် ထီးနန်းစံသဖြင့် ၎င်းတို့နှစ်ဦး ၅၃၃-ခုနှစ် ကွာခြားနေသည်။ ခရစ်သက္ကရာဇ် အားဖြင့် သိန်းခိုမင်းသည် ၇၃၄-ခုနှစ်တွင် မင်းဖြစ်ပြီး ကျော်စွာမင်းသည် ၁၂၇၈-ခုနှစ်တွင် နန်းရ၍ နှစ်ပေါင်း ၅၄၄-နှစ် ကွာနေလေသည်။

မောင်းထောင်းဆရာတော်ကြီး ရေးသားသော သံချိုတွင် ငါးစီးရှင် ကျော်စွာနှင့် သား ကျော်စွာ ခန္ဓာကင်းစဉ်က ဆိုသည့်အချက်ကို ထောက်ရှုလျှင် ဦးမင်းကျော်သည် မည်သည့်မင်းဆက်မှ ကျော်စွာဖြစ်လေသနည်း။ ပုဂံသိန်းခွန်မင်း၏သား ‌ကျော်စွာ၊ တရုတ်ပြေးမင်း၏သား ကျော်စွာ၊ ပင်းယကျော်စွာတို့တွင် မည်သည်ကို အမှန်ကောက်ရမည်နည်း။

အတ္ထုပ္ပတ္တိ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ဂီတစာဆို ယုဝစိုးမြင့် ရေး၊ ကူနီနန်းမှ ပခန်းကျော် နှင့် နတ်သမိုင်းစစ်တမ်းများ၊ ၁၉၈၇-ခုနှစ်၊ အောက်တိုဘာလ၊ စာ- ၁၂
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃) သုံးဆဲ့ခုနှစ်မင်း