အောင်ပင်လယ် ဆင်ဖြူရှင်နတ်

ဝီကီပီးဒီးယား မှ
အောင်ပင်လယ် ဆင်ဖြူရှင်နတ်

အောင်ပင်လယ်ဆင်ဖြူရှင်[ပြင်ဆင်ရန်]

ကောက်ပဲသီးနှံအထွက်တိုးအောင် စောင့်ရှောက်သည့်နတ်ဖြစ်သည်။ အောင်ပင်လယ်ဆင်ဖြူရှင်နတ်သည် အင်းဝပထမမင်းခေါင်သား ဒလဆုံး မင်းရဲကျော်စွာ၏ ညီဖြစ်သည်။ ခမည်းတော်မရှိသည့်နောက် အဝတွင် မင်းပြု၍ အောင်ပင်လယ်ကန်အောက်တွင် လယ်လုပ်ဆောင်နေရာ အုန်းပေါင်စော်ဘွားလုပ်ကြံ၍ ဆင်ဦးတွင် သေဆုံးပြီး အောင်ပင်လယ် ဆင်ဖြူရှင်နတ် ဖြစ်လာသည်။

ပ,သပုံ[ပြင်ဆင်ရန်]

ဤနတ်ကို ပွဲကနားတွင် ပ,သရာတွင် နတ်ထိန်း နတ်နေတို့ ဝတ်ဆင်ရသည်မှာ မင်းဝတ်မင်းစားကို ဆင်၍ ရွှေချွန်းကို လက်ဝဲက ကိုင်သည်။ လက်ယာက သပြေပန်းကို ကိုင်၍ ပုဆိုးအဖြူထည်ကို ကျော့ကွင်ဟန်ပြုပြီးလျှင် ဆင်ကျော့ရသည်။ ၎င်းနောက် နတ်သံပစ်သည်။ ပြီးလျှင် လက်ယာလက်က သပြေပန်းကို ကိုင်၍ ကောက်စိုက်ဟန်ပြုသည်။

နတ်သံ[ပြင်ဆင်ရန်]

"ရွှေချွန်းငယ်မှကိုင်ကာလေ ဆင်ပုဆိုးမူ ပိုးမဖက်သည် ပန်းခက်ပါနှင့် ဘယ်ညာငယ်မှရစ်ဆိုင်း ရွှေမြိတ်ရက်ချည် ဘွဲ့ဖြူထည်ကို လည်မှာသိုင်းလို့ ဆင်တိုင်းငယ်တင့်သည် သင်ပါဘိခြင်း၊ ခမောက်ကယ်စိန်တောင် ရွှေဓားဆောင်လို့ ပြည်ထောင်ချုန်းသည် ဘုန်းများမင်းတို့ စံခင်းငယ်မှသာလှ ပြည်ရွှေဝမှာ ငါ့ဖမင်းခေါင် ရန်မှောင်ပယ်ချိုး ငါ့အဘိုးမှာ တန်ခိုးလျှံညီး စက်နေမီးသို့ မင်းကြီးစွာတဲ့ ရိပ်ကာရွှေထီး ငါ့ဦးရီးမူ ကြက်သီးနှံ့ကြား တရဖျားတဲ့ ငါ့ကားတစ်မူ ရတနာပူရ ပြည်မပန်းခက် ရွှေနန်းထက်တွင် ဘက်မမီသည် သီဟသူ ဆင်ဖြူမာတင် တစ်စီးရှင် အောင်ပင်လယ်ကန်ရိုး ရွှေထီးမိုး၏ အောင်ပင်လယ်ကန်တွင် မှူးမတ်ပေါင်းနှင့် ရွှေလောင်းသွင်း၏။ မင်းများတံခွန် ဆဒ္ဒန်ပြောင်ကျောင် မြန်နုဘော်နှင့် လယ်တော်ထွန်သည် ရေပြွန်တိုးလျှို စမ်းစိုစိုနှင့် လိုဖွယ်ရှား ရွှေကြာလန်းသည် ပန်းအများနှင့် စပါးကောက်ပင် ကောက်လှိုင်းပုံကို ရန်လုံအောင်ခန်း ဝရွှေနန်းက လှမ်းလို့မြင်ငဲ့ ကြည်လင်ချမ်းသာ နန်းမပျော်နှင့် ကန်တော်နန်းမှာ မြန်းစဉ်ခါဝယ် မူရာငယ်လျောက်ပတ် လူမိန်းမယောင် သဏ္ဌာန်ဆောင်လို့ တစ်ထောင်မှူးသည် ဘီလူးနတ်တို့ မှတ်မှားထင်စေ ငါမင်းခြေကို ပြုလေသဖြင့် ရွှေဘုံရိပ်က စိတ်ပျံ့လွင့်သော် သို့နှင့်မကြာ နန်းရွှေအိမ်မှ စည်းစိမ်လွှသည် မိစ္ဆာစင်စစ် နတ်ဖြစ်သည်တွင် အောင်ပင်လယ်က ဆင်ဖြူရှင်တဲ့ ပျံရွှင်လှိုင်ကြူ ရန်မထီသည် သီဟသူကို လွယ်ကူမမှတ်ကြပါနှင့်။ ပဒုမ္မာနှင့် ရွှေကြာပြည့်ဖြိုး ကန်တော်ရိုးကို တိုးလို့ခိုင်အောင် တုတ်တိုင်ချလို့ ငါ မ,မယ်။ ပြည်သူစီးပွား လယ်တော်သားတို့ စပါးနှံနှင့် ပြောင်းနှံနှစ်တိုင်းအောင်စေ့မယ်။ ။ အောင်ပင်လယ်နှင့် ပျော်ဖွယ်ဆန်းသည် နန်းကြီးသခင် ရန်မနီးတဲ့ တစ်စီးရှင် ကောင်ပင်မှိုင်းအောင် ဝိုင်းခဲ့မယ်လေ လယ်သည်ပေါင်း သူတော်ကောင်းတို့။"

နတ်သံချလျှင် ကြေးနှဲပတ်ဝိုင်များက တီးရသည်မှာ- "အောင်ပင်လယ်ကန်တည့်လေ ပျော်ချင်ဖွယ် မှန်တည့်လေ- ၂။ အောင်ပင်လယ်ကန်ရိုး ရွှေးထီးမိုး- ၂။ ဘုန်းဖြိုး ဘုန်းဖြိုး ထွတ်တင် ဆင်ဖြူရှင် အောင်ပင်လယ်သစ်စွလေ အောင်ပင်လယ်သစ်စွလေ ထူးထွေသလှ ချစ်တဲ့သူလေတဲ့ ချစ်တဲ့သူ"

၎င်းနောက် ဆင်ဖမ်းသည့်ကာလ တီးသည်မှာ- "ဆင်ဖြူဆဒ္ဒန် ဆင်ဆဒ္ဒန် ဆဒ္ဒန် မှန်၏လေ မှန်၏လေ၊ မြတ်ဆင်ဖြူလေတည့် မြတ်ဆင်ဖြူ"

၎င်းနောက် ကောက်စိုက်သည့်ကာလ တီးသည်မှာ ပတ်က တျာဒူးတွင် ဘယ်ညာဘက်၍ တျာလေ ဒူတျာတေ။ ။ အထပ်ထပ်တီးသည်။

"သိုးခမောက် မြပင်မြလက်ကောက်ကယ်နှင့်လေ၊ ဆင်ပေါက်တဲ့သခင် ဆဒ္ဒန်နာဂရှင် ဘိုးတော်ရှင် သခင် လွမ်းချိန်တန်ချည့်လေ" ဤသီချင်းကိုလည်း တီးရသည်။


[၁]

အကိုးအကား[ပြင်ဆင်ရန်]

  1. မြန်မာနိုင်ငံ နတ်ကိုးကွယ်မှုသမိုင်းပေါင်ချုပ်။ မင်းစည်သူ။ ဒုကြိမ်။ ၂၀၁၁ ဩဂုတ်လ။ ပညာရွှေတောင်စာပေ။ ရန်ကုန်မြို့