မစ်ဆိုရီပြည်နယ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

မိဇူးရီပြည်နယ်[ပြင်​ဆင်​ရန်​]

မိဇူးရီမြစ်ကြီးကို အစွဲပြု၍ အမည်တွင်သော မိဇူးရီ ပြည်နယ်သည် အမေရိကန် ပြည်ထောင်စုတွင် ဖွဲ့စည်း ပါဝင်သောပြည်နယ်တစ်ခုဖြစ်၏။ နယ်နိမိတ်အားဖြင့် မိဇူးရီပြည်နယ်ကို မြောက်ဘက်တွင် အိုင်အိုဝါပြည်နယ်၊ အနောက်ဘက်တွင် နီဗရက် စကပြည်နယ်နှင့် အိုကလဟိုးမား ပြည်နယ်များ၊ တောင်ဘက်တွင် အာကင်ဆောပြည်နယ်၊ အရှေ့ဘက်တစ်လျှောက်လုံးတွင် မစ်စစ်စပီ မြစ်သည် နယ်စပ်ပြုလျက် ထိုမြစ်ကြီး၏ တစ်ဖက်ကမ်းတွင် အီလီ နွိုင်ပြည်နယ်၊ ကင်တပ်ကီးပြည်နယ်နှင့် တင်နက်ဆီပြည်နယ်တို့ဖြင့်ပတ်ရံလျက်ရှိသည်။ မိဇူးရီပြည်နယ်သည် အကျယ်အဝန်းအားဖြင့် ၆၉,၆၇၄ စတုရန်းမိုင်ရှိ၏။ မိဇူးရီပြည်နယ်၏ မြို့တော်မှာ ဂျက် ဖာဆန်စီတီဖြစ်၍ အခြားမြို့ကြီးများဖြစ်သော စိန်လူဝီ၊ ကန်းဆပ် စီတီမြို့နှင့် စိန်ဂျိုးဇက်မြို့ကြီးတို့သည် ဂျက်ဖာဆန်မြို့တော်ထက်ပင် ကြီးမားသေးသည်။ မြောက်ဘက်မှ စီးဆင်းလာသော မိဇူးရီမြစ်သည် အနောက် မြောက်ဘက်တွင် နယ်စပ်တစ်စိတ်တစ်ဒေသ အဖြစ်တည်ရှိပြီးသော် အရှေ့ဘက်သို့ ကွေ့သွားကာပြည်နယ်ကို ဖြတ်ဆင်းပြီးလျှင် မစ်စစ်စပီမြစ်နှင့် ပေါင်းဆုံလေသည်။ မိဇူးရီပြည်နယ်တွင်သဘာဝ အပိုင်းအခြား ၃ ပိုင်းရှိသည်။ ယင်းတို့ကား ပရေရီဒေသ၊ အိုဇတ်ကုန်းမြင့်ဒေသနှင့် အရှေ့တောင် မြေနိမ့်ဒေသတို့ဖြစ်၏။ ပရေရီဒေသသည် မိဇူးရီမြစ်၏ မြောက်ဘက်တစ်ကြောဖြတ်လျက် ပြည်နယ်၏ တစ်ဝက်နီးပါးမျှရှိသည်။ ယင်းဒေသ၌ ရေအစီးနှေး၍ ရေနောက်သော မြစ်နှင့် ချောင်းများရှိရာ ချောင်းကြီးများ၏ ကမ်းပါးရှိမြေမှာ မြေဩဇာကောင်း၏။ လယ်ယာစိုက်ပျိုးရေး၊ တိရစ္ဆာန် မွေးမြူရေးနှင့် သစ်သီးသစ်နှံ စိုက်ပျိုးရေးတို့ကို ပြုလုပ် သည်။ တွင်းထွက်ပစ္စည်းများကား ကျောက်မီးသွေး၊ မြေစေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့ တို့ဖြစ်သည်။ အိုဇတ် ကုန်းမြင့်ဒေသသည် ပရေရီ ဒေသ၏ တောင်ဘက်နှင့် အရှေ့ဘက်တစ်လျှောက်တွင် တည်ရှိ၍ ပြည်နယ်၏ ၅ ပုံ ၂ ပုံ ခန့်မျှ ဖြစ်သည်။ မြေပြင် အမြင့်မှာ ပင် လယ်ပြင် အထက် ပေ ၁,ဝဝဝ မှ ၁,၈ဝဝ အထိဖြစ်၏။ ဤဒေသ တွင် မြေပြန့်ဟူ၍ ချိုင့်ဝှမ်းများတွင်သာရှိ၏။ အိုဇတ်ကုန်းမြင့် ဒေသတွင် မြင့်မားသောတောင်များ၊ နက်ရှိုင်းကျဉ်းမြောင်းသော ချိုင့်ဝှမ်းများ၊ ကြည်လင်၍ ရေစီးသန်သော ချောင်းများ၊ လှပသော အိုင်များ၊ လိုဏ်ခေါင်းများ၊ စိမ့်စမ်းများရှိကာ၊ ကျန်းမာရေးအတွက် ညီညွတ်သော ရာသီဥတုရှိခြင်းကြောင့် ထင်ရှားသည်။ သစ်တော အများအပြားကို ခုတ်ထွင်ရှင်းလင်းပြီး ဖြစ်သော်လည်း ဤဒေသ ၏ ထက်ဝက်ခန့်တွင် သစ်တောများဖြင့် ဖုံးလွှမ်းလျက်ပင် ရှိသေး သောကြောင့် သစ်လုပ်ငန်းသည် အရေးပါသော လုပ်ငန်းဖြစ်သည်။ တောင်စောင်းများတွင် သစ်သီးခြံများ၊ စပျစ်ခြံများ၊ တိရစ္ဆာန် စားကျက်များကို တွေ့နိုင်ပေသည်။ ပြည်နယ်မှ ထွက်သမျှသော ခဲ၊ သွပ် စသည်တို့မှာ ဤဒေသမှ ရရှိသည်။ ယင်းတို့အပြင် သံရိုင်း၊ ကျောက်မီးသွေး၊ နှမ်းဖတ်ကျောက်၊ ထုံးကျောက်များလည်း ထွက်သည်။ အရှေ့တောင် မြေနိမ့်ဒေသသည် မစ်စစ်စပီမြစ်၏ အနောက် ဘက်တွင်ရှိ၍ စတုရန်းမိုင် ၃,ဝဝဝ ခန့် ကျယ်ပြန့်သည်။ ပြည်နယ် တွင်း အနိမ့်ဆုံးအပိုင်းဖြစ်သည်။ ဤဒေသသည် နှစ်ပေါင်းများစွာ ကပင် သစ်ပင်များဖြင့် ထူထပ်စွာဖုံးလွှမ်းလျက် ရှိခဲ့သော်လည်း နောင်သော် များစွာသော အပင်တို့ကို ခုတ်ထွင်ရှင်းလင်းလိုက် သောကြောင့် ယခုအခါ လယ်ယာစိုက်ပျိုခြင်းနှင့် နွားနို့ပစ္စည်း လုပ်ငန်းများအတွက် အထူးတလည် ကောင်းမွန်သော ဒေသဖြစ်နေ လေသည်။

မိဇူးရီပြည်နယ်တွင်းရှိ မြစ်ချောင်းများသည် ကုန်သွယ်ရေး နှင့် စက်မှုလုပ်ငန်းတို့အတွက် အရေးပါအရာရောက်သည်။ မိဇူးရီ မြစ်သည် အနောက်မြောက်ဘက်တွင် နယ်စပ်အဖြစ် တည်ရှိပြီးသော် အနောက်ဘက်မှ အရှေ့ဖက်သို့ ပြည်နယ်ကို ဖြတ်သန်းစီးဆင်းကာ မစ်စစ်စပီမြစ်နှင့် စိန်လူဝီမြို့အထက်နားတွင် ပေါင်းဆုံသည်။ မိဇူးရီ ပြည်နယ်အတွင်းရှိ မြစ်ချောင်းအများအပြားမှ ရေအားဖြင့် လျှပ်စစ် ဓာတ်အား ထုတ်ယူလေသည်။ မိဇူးရီပြည်နယ်တွင် ဆောင်းအခါ၌ အလွန်အေးချမ်း၍ နွေ တာရှည်ကာ ပူပြင်းသည်။ ဆောင်းအခါတွင် ဖာရင်ဟိုက် သုည ဒီဂရီအောက်ပင် ရောက်၍ နွေကာလတွင်မူ ဒီဂရီ ၁ဝဝ ကျော် ရှိ တတ်ပေသည်။ မြင့်သော အပိုင်းဖြစ်သည့် အိုဇတ်ကုန်းမြင့်ဘက် တွင် ရာသီဥတု ပို၍မျှတသည်။ မိုးရေချိန်မှာလည်း အရှေ့တောင် ပိုင်းတွင် ၅၁ လက်မခန့် ရွာသွန်း၍ အနောက်မြောက်ပိုင်းတွင် ၃၄ လက်မခန့် ရွာသွန်းသည်။

မိဇူးရီပြည်နယ်တွင် လယ်ယာစိုက်ပျိုးခြင်းသည် အဓိက လုပ်ငန်းဖြစ်၏။ ကြက်၊ ဘဲ၊ ဝက်၊ နွားများကိုလည်း အကြီး အကျယ် မွေးမြူသည်။ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းထွက်ပစ္စည်း များမှာ နွား၊ ဝက်၊ နို့ထွက် ပစ္စည်းများ၊ ဂျုံ၊ ကြက် နှင့် ကြက်ဥ များ၊ မြင်းစားဂျုံ၊ မုယော၊ ဝါဂွမ်း၊ ပဲကျတ်ပျဉ်၊ အာလူး၊ သစ် သီးများ၊ ဆေးရွက်စသည်တို့ဖြစ်၏။ မိဇူးရီပြည်နယ်တွင် စက်မှု လက်မှု လုပ်ငန်းများလည်း ထွန်းကားသည်။ စက်မှုလက်မှုလုပ်ငန်းထွက် ပစ္စည်းများမှာ ဖိနပ်၊ မော်တော်ကား၊ အရက်၊ ဆေးဝါး၊ လျှပ်စစ်တန်ဆာပလာများ၊ ဂျုံမှုန့်၊ သံနှင့် သံမဏိထည်များ၊ ဖန် ထည်၊ သားရေထည်၊ အထည်အလိပ်၊ သတ်ဆေး၊ ရေနံထွက်ပစ္စည်း စသည်တို့ဖြစ်သည်။ ပြည်နယ်ထွက် သယံဇာတ ပစ္စည်းတို့မှာ သွပ်၊ ခဲ၊ ကျောက်မီးသွေး၊ မြေစေး၊ ဆီလီကာ အစရှိသည်တို့ ဖြစ်၏။ မိဇူးရီပြည်နယ်တွင် မော်တော်ကားလမ်း၊ မီးရထားလမ်းများစွာ ရှိသည်။ စိန်လူဝီနှင့် ကန်းဆပ်စီတီမြို့တို့သည် မီးရထားလမ်းနှင့် လေကြောင်းလမ်းဆုံ မြို့များဖြစ်၏။

မိဇူးရီပြည်နယ် လူဦးရေမှာ ၄,၃၂၉,၈၁၃(၁၉၆ဝ) ယောက် ဖြစ်၏။ မိဇူးရီနယ်သို့ ဦးစွာရောက်ရှိခဲ့သော လူဖြူမှာ ဒါဆိုဘို ဆိုသူဖြစ်၍၊ ၁၅၄၁ ခုနှစ်တွင် ရောက်ရှိခဲ့သည်။ ထိုနောက် ၁၆၇၃ ခုနှစ်တွင် မားကတ်ဆိုသူ ရောက်ရှိလာသည်။ သို့သော် ၁၇၃၅ ခုနှစ်တွင်မှ ပြင်သစ်တို့က ဦးစွာအခြေစိုက်၍ စိန်ဂျင်နဗီမြို့ကို တည်ထောင်သည်။ ထိုစဉ်က ဤနယ်သည် ပြင်သစ်တို့၏ လူဝီးဇီ ယန္နားနယ်ကြီး၏ တစ်စိတ် တစ်ဒေသ ဖြစ်ခဲ့၏။ ၁၇၆၃ ခုနှစ်တွင် ထိုလူဝီးဇီယန္နားနယ်ကြီးကို စပိန်တို့အား ပေးအပ်လိုက်ရသည်။ ၁၈ဝဝ ပြည့်နှစ်တွင် ပြင်သစ်တို့ ပြန်ရသည်။

၁၈ဝ၃ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုက လူဝီးဇီ ယန္နားနယ်ကြီးကို ပြင်သစ်တို့ထံမှ ဝယ်ယူလိုက်သော အခါ မိဇူးရီ နယ်လည်းပါလာသည်။ ၁၈၁၂ ခုနှစ်တွင် မိဇူးရီနယ်ကို နယ်ပယ် အဖြစ်ဖွဲ့စည်းသည်။ ၁၈၂၁ ခုနှစ်တွင် မိဇူးရီနယ်ကို အမေရိကန် ပြည်ထောင်စုတွင် ပြည်နယ်တစ်ခုအဖြစ် သွတ်သွင်းလိုက်သည်။ ပထမဆုံးမြို့တော်မှာ စိန်ချားမြို့ဖြစ်၍ ၁၈၂၆ ခုနှစ်တွင်မှ ဂျက်ဖာဆန်စီတီကို မြို့တော်အဖြစ် ရွေးချယ်ခဲ့သည်။ အမေရိကန်ပြည်တွင်းစစ် ဖြစ်ပွားစဉ်က မိဇူးရီပြည်နယ်သည် ကြားနေပြည်နယ်ဖြစ်ခဲ့လေသည်။ ထိုနောက်တွင် မိဇူးရီပြည်နယ်သည် တဖြည်းဖြည်း တိုးတက် ကြီးပွားလာခဲ့ရာ ၁၈၆ဝ ပြည့်နှစ်တွင် အမေရိကန်ပြည် ထောင်စုအတွင်း၌ အဋ္ဌမအကြီးဆုံးပြည်နယ် ဖြစ်လာခဲ့၏။ ပထမ နှင့် ဒုတိယကမ္ဘာစစ်များအတွင်း၌ မိဇူးရီနယ်သား ထောင်ပေါင်းများ စွာ ပါဝင်အမှုထမ်းခဲ့သည်။ သတ္တုတူးဖော်ရေးလုပ်ငန်းများ၊ စက်မှု လုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းတို့လည်း လျင်မြန်စွာ တိုးတက် ကြီးပွားခဲ့လေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)