နီဘရားစကားပြည်နယ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
နီဗရက်စက ပြည်နယ်

နီဗရက်စက ပြည်နယ် (Nebraska) သည် အမေရိကန်ပြည်ထောင်စု၏ အနောက်မြောက်ဘက်ပိုင်းတွင် တည်ရှိသည်။ နီဗရက်စကဟူသော အမည်သည် "ရေတိမ်မြစ်" ဟု အနက်ရသော အင်ဒီးယန်းစကား နီဗရက်သက မှ ဆင်းသက်လာသည်။ ထိုပြည်နယ်တွင်းရှိ ပလက်မြစ်ကို နီဗရက်သကဟူ၍ ခေါ်ဝေါ်ခဲ့ကြသည်။ ပြည်နယ်၏ စိုပြေသာယာမှုအတွက် မြေဩဇာကို ထိန်းသိမ်းထားနိုင်ငရန်အတွက် သစ်ပင်များကို ရှေးပဝေသဏီအခါကပင် စိုက်ပျိုးလာခဲ့ကြသဖြင့်လည်းကောင်း၊ အမေရိကန်ပြည်ထောင်စုတွင် "သစ်ပင်များနေ့"ကို ဤပြည်နယ်၌ ရှေးဦးစွာ ကျင်းပခဲ့သောကြောင့်လည်းကောင်း၊ နီဗရက်စကပြည်နယ်ကို တစ်ခါတစ်ရံ "သစ်ပင်စိုက်ပျိုးသူတို့၏ ပြည်နယ်" ဟုလည်း ခေါ်ကြလေသည်။

ပြည်နယ်အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၇၇ယ ၂၃၇ မိုင်မျှရှိသည်။ နီဗရက်စကပြည်နယ်၏ အရှေ့ဘက်တွင် မိဇူးရီပြည်နယ်နှင့် အို်င်အိုဝါးပြည်နယ်၊ အနောက်ဘက်တွင် ကော်လိုရားဒိုးပြည်နယ်နှင့် ပိုင်အိုးမင်းပြည်နယ်တို့ အသီးသီးတည်ရှိ၏။ တောင်ဘက်တွင်ကား ကန်းဆပ်ပြည်နယ်တည်ရှိ၍ ​မြောက်ဘက်တွင်မူ တောင်ဒကိုးကားပြည်နယ် တည်ရှိလေသည်။ လင်ကွန်းမြို့သည် နီဗရက်စကပြည်နယ်၏ မြို့တော်ဖြစ်၍ လူဦးရေထူထပ်သည်။ ထိုမြို့၏ အဓိကလုပ်ငန်းမှာ ထောပတ်လုပ်ငန်းဖြစ်သည်။ အမဲသားငါးလုပ်ငန်း၏ ဗဟိုဌာနဖြစ်သည်။

နီဗရက်စက ပြည်နယ်သည် မိဇူးရီမြစ်၏အနောက်ဘက်တွင်တည်ရှိ၍ ယင်း၏ မြစ်လက်တက်တစ်ခုဖြစ်သော ပလက်မြစ်သည် ပြည်နယ်ကို အရှေ့မှအနောက်သို့ ဖြတ်သန်းလျက် စီးဆင်းသည်။ ယင်းပြည်နယ်တွင် မြက်ခင်းလွင်ပြင်နှင့် သဲမြေပြင်များရှိသည်။ ပြည်နယ်၏ အနောက်ပိုင်းရှိ ရော့ကီးတောင်တစ်လျှောက်တွင်မူကား ကုန်းပြင်မြင့်များရှိသည်။ ရာသီဥတုမှာ နွေရာသီတွင် ပူလွန်း၍ ဆောင်းရာသီတွင် အေးလွန်းသည်။ သို့သော်ခြောက်သွေ့သော လေကြောင့် နီရက်စကပြည်နယ်သည် ကျန်းမာရေးအတွက် အသင့်ဆုံးပြည်နယ်ဖြစ်လေသည်။ နှစ်စဉ်ပျမ်းမျှမိုးရေချိန် ၂၆ လက်မရွာသွန်းသည်။

အထူးသဖြင့် ကြီးကျယ်လှသော ရေသွင်းစီမံကိန်းကြီးများကြောင့် လယ်ယာစိုက်ပျိုးခြင်းသည် ပြည်နယ်၏ အဓိကလုပ်ငန်းကြီးဖြစ်လေသည်။ ပြောင်းမှာ အဓိကကောက်သီးနှံဖြစ်၍ ဂျုံ၊ မြင်းစားဂျုံ၊ အာလူးနှင့် ဟင်းသီးဟင်းရွက်များပြင် သစ်သော့သီး၊ စပျစ်သီးစသည့်သစ်သီးများလည်းထွက်သည်။ နီဗရက်စကပြည်နယ်၏ အရှေ့ပိုင်းဒေသ၌ စိုက်ပျိုးရေးလုပ်ငန်းသည် ဖွံ့ဖြိုးသော်လည်း၊ အနောက်ပိုင်းဒေသ၌မူ ရော့ကီးတောင်ခြေအထိလွင်ပြင်ကြီးဖြစ်၍ နွား၊ သိုးနှင့် ဝက်များကို အကြီးအကျယ်မွေးမြူကြသည်။ အမဲသားလုပ်ငန်းနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းများကိုလည်း လုပ်ကိုင်ကြသည်။ နီဗရက်စကပြည်နယ်သည် စိုက်ပျိုးရေးပြည်နယ်အဖြစ်များစွာအရေးပါသည့်အလျောက် မှန်မှန်တိုးတက်လျက်ရှိသော စက်မှုလက်မှုလုပ်ငန်းတို့သည် မထင်ပေါ်ချေ။ ပြည်နယ်အတွင်းရှိ စက်ရုံပေါင်း ၁၁၅၀ ကျော်မှ စားကုန်းပစ္စည်များ၊ စက်ကိရိယာများ၊ သံမဏိထည်များ၊ အိမ်ထောင်ပရိဘောဂများ၊ အထည်အလိပ်များနှင့် မြေထည်များ စသည်တို့ထွက်လေသည်။ နီဗရက်စကပြည်နယ်သည် ဓာတ်သတ္တုများ မကြွယ်ဝလှသော်လည်း ၁၉၃၉ ခုနှစ်တွင် ရေနံကို စတင်တွေ့ရှိခဲ့သည်မှစ၍ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ လျင်မြန်စွာတိုးတက်လျက်ရှိလေသည်။ ထိုပြင် နီဗရက်စကပြည်နယ်တွင် ရှေးပဝေသဏီကာလကရှိခဲ့သည် သစ်ပင်များနှင့် သတ္တဝါကြီးများ၏ ကျောက်ဖြစ်ရုပ်ကြွင်းများကို မြေ​အောက်မှအများအပြားပင် တူးဖော်ရရှိသည့်အတွက် သမိုင်းမပေါ်မှခေတ်အကြောင်းကို လေ့လာရေးနှင့် စပ်လျဉ်း၍ အထူးထင်ရှားလာခဲ့လေသည်။ နီဗရက်စကပြည်နယ်တွင် ၇ နှစ်နှင့် ၁၆ နှစ်အကြား ကလေးသူငယ်တိုင်းစာသင်ကျောင်းများတွင် မသင်မနေရသင်ကြားရ၏။ အထက်တန်းကျောင်းအထိ အခမဲ့သင်ကြားနိုင်၏။ ပြည်နယ်အတွင်းရှိ ထင်ရှားသောတက္ကသိုလ်များမှာ နီဗရက်တက္ကသိုလ်၊ ကရေးတန်တက္ကသိုလ်၊ ဟေးစတင်းကောလိပ်၊ နီဗရက်စကဝက်စလီယန်တက္ကသိုလ်၊ မျူနီစီပယ်တက္ကသိုလ်နှင့် နီဗရက်စကနိုင်ငံတော် ဆရာအတတ်သင်ကောလိပ်တို့ဖြစ်လေသည်။ ယခုနီဗရက်စကပြည်နယ်တည်ရှိရာ နယ်ပယ်ဒေသသို့ ၁၅၁၄ ခုနှစ်တွင် စပိန်ဗိုလ်ချုပ် ဖရန်ဆစ္စကို ကိုရိုနာသိုနှင့် ယင်း၏နောက်လိုက်နောက်ပါ စပိန်လူမျိုးစစ်သည်တော်တစ်စုသည် မက္ကဆီကိုမှ ပထမဆုံးအကြိမ်ရောက်လာခဲ့သည်။ ထို့နောက်တွင် စပိန်လူမျိုးများ မကြာခဏရောက်လာလေသည်။ ထိုပြင် ပြင်သစ်လူမျိုး သားကောင်ဖမ်းသမားများနှင့် သားမွေးကုန်သည်များလည်း နီဗရက်စက နယ်ပယ်ဒေသများသို့ ရောက်လာခဲ့ကြသည်။ ပြင်သစ်တို့သည် နီဗရက်စကနယ်အပါအဝင်ဒေသကို နှစ်ပေါင်းများစွာ ပိုင်ရာပိုင်ကြောင်းပြောဆိုခဲ့ကြသော်လည်း အမြဲတမ်းအခြေစိုက် နေထိုင်ခြင်းကား မပြုလခဲ့ချေ။

ယင်းသို့ဖြင့် နီဗရက်စကနယ်သည် ပြင်သစ်တို့ လက်အောက် ရောက်ချည်တစ်ခါ၊ စပိန်လက်အောက်ရောက်ချည်တစ်လှည့် ဖြစ်ခဲ့ရပြီးနောက် ၁၈၀၃ ခုနှစ်၌ လူဝီးဇီးယန္နားနယ်ကြီးကို အမေရိကန်တို့က ပြင်သစ်တို့ထံမှ ဝယ်ယူလိုက်ရာတွင် နီဗရက်စကသည် အမေရိကန်ပြည်ထောင်စုပိုင် နယ်မြေဖြစ်လာခဲ့သည်။ ၁၈၃၄ ခုနှစ်တွင် နီဗရက်စကကို အင်ဒီးယန်းများ၏ သီးသန့်နယ်တစ်ခုအဖြစ်ပိုင်းခြားသတ်မှတ်ပေး၍ လူဖြူများ ဝင်ရောက်နေထိုင်ခြင်းကို တားမြစ်ခဲ့သည်။ သို့သော် ကယ်လီဖိုးနီးယားပြည်နယ်သို့ ရွှေအရှာသွားသူများ ယင်းနယ်ကို ဖြတ်သန်းသွားလာရင်ဝင်ရောက်အခြေစိုက်နေထိုင်ခဲ့ကြသည်။ ထိုနောက် ၁၈၅၄ ခုတွင် အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်မှ ကန်းဆပ်နီဗရက်စက အက်ဥပဒေတရပ် ထုတ်ပြန်ခဲ့၍ ထိုဥပဒေအရ နီဗရက်စကနယ်သည် လူဖြူများ ဝင်ရောက်အခြေစိုက်နေထိုင်နိုင်သော နယ်ပယ်ဖြစ်လာခဲ့လေသည်။ ထိုအခါမှစ၍ နယ်ပယ်အတွင်း ကျေးကျွန်စံနစ်ကို လက်ခံလိုသူများနှင့် လက်မခံလိုသူများ၏ နိုင်ငံရေးပဋိပက္ခမှုပေါ်ပေါက်ခဲ့လေသည်။ ပြည်တွင်းစစ်ပွဲ ပြီးဆုံးသွားပြီးနောက် ၂ နှစ်ခန့်အကြာ ၁၈၆၇ ခုတွင် နီဗရက်စကနယ်ပယ်သည် အမေရိကန်ပြည်ထောင်စု၏ ၃၇ ခုမြောက် ပြည်နယ်တစ်နယ်ဖြစ်လာလေသည်။ ယခင်က အိုမဟောကို မြို့တော်အဖြစ်ထားရှိခဲ့ရာမှ လင်ကွန်မြို့ကို မြို့တော်အဖြစ် ပြောင်းရွှေ့သတ်မှတ်လိုက်သည်။ ထိုပြင် ပြည်နယ်ကို ဖြတ်လျက်ယူနီယန်ပစိဖတ်မီးရထားလမ်းမကြီးဖောက်လုပ်လိုက်ပြီးသည့်နောက်တွင်ကား နီဗရက်စကပြည်နယ်၏ လူဦးရေသည် လျင်မြန်စွာတိုးတက်လာခဲ့သည်။ ပထမကမ္ဘာစစ်ကြီးအတွင်း၌ နီဗရက်စကပြည်နယ်သည် ပြည်ထောင်စုကြီးနှင့် မဟာမိတ်တို့အား လူအင်အားသာမက စားကုန်သောက်ကုန်ပစ္စည်းများကိုလည်း အမြောက်အမြားကူညီဖြည့်တင်းပေနို်င်ခဲ့သည်။ စစ်ပြီးခေတ်နောက်ပိုင်း၌ နီဗရက်စကပြည်နယ်သည် များစွာကြီးပွားတိုးတက်လာခဲ့သည်။ လင်ကွန်းမြို့တော်တွင် အမေရိကန်ဗိသုကာပညာရပ်၏ လက်ရာအမြောက်ဆုံးဖြစ်သော "စတိတ်ကတ်ပီတော" အဆောက်အအုံကြီးကို ဒေါ်လာတစ်ကုဋေအကုန်ခံလျက် ဆောက်လုပ်ခဲ့၏။ ယင်းသည် အမေရိကန်ပြည်ထောင်စုနိုင်ငံတွင် အထင်ရှားဆုံးသော အဆောက်အအုံကြီး ၁၀ အနက် တစ်ခုအပါအဝင်ဖြစ်လေသည်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်း၌ နီဗရက်စကပြည်နယ်တွင် စက်မှုလက်မှုလုပ်ငန်း အကြီးအကျယ်ထွန်းကားလာခဲ့၏။ အိုမဟောတွင် လေယာဉ်ပျံများထုတ်လုပ်သောစက်ရုံကြီးတစ်ခု တည်ဆောက်ခဲ့၍၊ အခြားမြို့ကြီးများတွင်လည်း စစ်သုံးပစ္စည်းစက်ရုံများ တည်ဆောက်ခဲ့လေသည်။ ၁၉၅၀ ပြည့်လောက်မှအစပြု၍ ရေလွှမ်းမိုးခြင်းမှ တာဆီးရေး စီမံကိန်းများကို အကောင်အထည်ဖော်ခဲ့ရာ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းသည် ဆထက်ထမ်းပိုးတိုး၍ ထွန်းကားလာခဲ့လေသည်။ စက်မှုလက်မှုလုပ်ငန်းများလည်းဆက်လက်တိုးတက်ထွန်းကားခဲ့၏။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊အတွဲ(၆)