အိုင်ဒါဟိုပြည်နယ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

အိုက်ဒဟိုးပြည်နယ်[ပြင်​ဆင်​ရန်​]

အိုက်ဒဟိုးပြည်နယ်သည် အမေရိ ကန်ပြည်ထောင်စု၏ အနောက်မြောက်ဘက်အစွန်း ကျသော ပြည်နယ်တစ်ခုဖြစ်သည်။ အိုက်ဒဟိုးဟူသောအမည်သည် ရှိုရှိုးနီး အင်ဒီးယန်းစကားမှ ဆင်းသက်လာ၍ နေထွက်ချိန် ဟူ၍လည်းကောင်း၊ နံနက်ခင်း ဟူ၍လည်းကောင်းအဓိပ္ပာယ် ရသည်။ အမည်နှင့် လိုက်လျောစွာပင် ထိုပြည်နယ်၏ တော တောင်ရေမြေ အနေအထားတို့သည် ရင်သပ်အံ့ဩဖွယ်ရာပင် သာယာလှပသည်ဟုဆိုကြသည်။ နှင်းခဲများဖြူဖွေးအုပ်ဆိုင်းနေ သည့် မြင့်မားသောတောင်စဉ်တောင်တန်းများ၊ အသည်းထိတ် ဖွယ်ရာ နက်ရှိုင်းကျဉ်းမြောင်းသော လျှိုမြောင်ချောက်ကမ်းပါး များ၊ ရှုမငြီးစရာရေတံခွန်စိမ့်စမ်းများ၊ ထူထပ်စိမ်းစိုသော သစ် တောကြီးငယ်တို့ဖြင့် တန်ဆာဆင်သော သဘာဝအလှရှုခင်းသာ များဖြင့်ကြွယ်ဝသည့် အိုက်ဒဟိုးပြည်နယ်အား တောင်များ၏ ရတနာဟုလည်း တင်စားခေါ်ဝေါ်ကြလေသည်။ ဗြိတိသျှ ကိုလမ္ဗီးယားပြည်နယ်သည် မြောက်ဘက်မှလည်းကောင်း၊ မွန် တာနာပြည်နယ်၊ ယဲလိုးစတုန်း သဘာဝဥယျာဉ်ကြီး၊ ဝိုင်အိုမင်း ပြည်နယ်တို့သည် အရှေ့ဘက်မှလည်းကောင်း၊ ယူးတားနယ်နှင့် နီးဗားဒပြည်နယ်တို့သည် တောင်ဘက်မှလည်းကောင်း၊ ဩရီ ဂန်ပြည်နယ်နှင့် ဝါရှင်တန်ပြည်နယ်တို့သည် အနောက်ဘက်မှ လည်းကောင်း အိုက်ဒဟိုးပြည်နယ်ကို ဝန်းရံလျက်ရှိသည်။ ပြည်နယ်တစ်ခုလုံး၏ အကျယ်အဝန်းသည် ၈၃၅၅၇ စတုရန်း မိုင်ရှိ၍ မြို့တော်မှာ ဗွိုက်စီဖြစ်လေသည်။

အိုက်ဒဟိုးပြည်နယ်၏ မြေမျက်နှာသွင်ပြင်သည် တောင်ထူထပ်၍ အနိမ့်အမြင့်များပြားလှသည်။ အလွန်မြင့်မား သော တောင်ကြီးများရှိသည့်နည်းတူ အလွန်နက်ရှိုင်းသော ချောက်ကမ်းပါးကြီးများလည်းရှိသည်။ အိုက်ဒဟိုးပြည်နယ်၌ တောင်တန်းပေါင်း ၂၂ ခုရှိသည့်အနက် ဗစ်တားရွတ်၊ လော့ စရစ်ဗား၊ အိုဝိုင်ဟီး၊ ဗီးဗားဟက်၊ လင်မဟိုင်း စသည်တို့သည် အရေးပါသော တောင်တန်းများဖြစ်ကြသည်။ အရေးအပါဆုံးသောမြစ်သည် ယဲလိုးစတုန်း သဘာဝ ဥယျာဉ်ကြီးအနီး၌ မြစ်ဖျားခံသော စနိတ်မြစ်ဖြစ်၍ ပြည်နယ်၏ တောင်ပိုင်းကိုဖြတ်လျက် ဂငယ် ပုံသဏ္ဌာန်ဖြင့် မိုင်ပေါင်း ၁,ဝ၅ဝ ခန့်စီးဆင်းသည်။ အိုက်ဒဟိုးပြည်နယ်နှင့် ဩရီဂန် ပြည်နယ်တို့အကြား ဆဲဗင်းဒဲဗီးတောင်တန်းကြားကို ဖြတ်သန်း ရာ၌ ပေ ၈,ဝဝဝ ခန့်အစောက်ရှိသော ကျဉ်းမြောင်းနက်ရှိုင်း သည့် ချောက်ကမ်းပါးကိုဖြစ်ပေါ်စေရာ၊ ယင်းချောက်သည် မြောက်အမေရိကတိုက်၌ အနက်ရှိုင်းဆုံးဖြစ်သည်။

အင်းအိုင်များလည်း ပေါများလှပေရာ ပန်းအိုရီး၊ ကိုး ဒလင်း၊ ပရိ၊ ဂရေး၊ ဟင်နရီအိုင်တို့သည် အကြီးဆုံးဖြစ်သည်။ အိုက်ဒဟိုးပြည်နယ် သမပိုင်းဒေသတွင် တည်ရှိသော် လည်း ပစိဖိတ်သမုဒ္ဒရာနှင့် နီး၍လည်းကောင်း၊ ကိုလမ္ဗီယား တောင်ကြားမှ ပူနွေးသော ချိနွတ်လေကို ရရှိသဖြင့်လည်း ကောင်း၊ ရော့ကီးတောင်တန်းကြီးက အေးမြသော အရှေ့မြောက် လေကို ကာဆီးထားသဖြင့်လည်းကောင်း ပျမ်းမျှအမြင့်ဆုံး အပူ ချိန်သည် ဖာရင်ဟိုက် ၄၅ မှ ၅ဝ ဒီဂရီဖြစ်သည်။ ပျမ်းမျှမိုးရေ ချိန် (နှင်းစိုမိုး) ၁၇့၉ လက်မရှိ၍ ကျဆင်းသော ပျမ်းမျှနှင်းခဲ ထုမှာ ၅၉ လက်မဖြစ်လေသည်။

အိုက်ဒဟိုးပြည်နယ်သည် မြေထွက်သယံဇာတပစ္စည်း များဖြင့်ကြွယ်ဝသည်။ ရေတံခွန်များစွာတို့မှ ရေအားလျှပ်စစ်ကို ဖောဖောသီသီရရှိနိုင်သည်။ သစ်တောများသည်လည်း မြေဧရိ ယာ၏ ၃၅ ့၅ ရာခိုင်နှုန်းကို ဖုံးလွှမ်းလျက်ရှိသည်။ ကမ္ဘာ၌အ ကြီးဆုံးသော ပိုင်းထင်းရှူးဖြူသစ်တောများကို အိုက်ဒဟိုးပြည် နယ်၌တွေ့ရှိရ၍ ဒေါက်ဂလတ် ထင်းရှူးနီ၊ ထင်းရှူးဝါ၊ စပရု ထင်းရှူး၊ မိုးမခစသော သစ်ပင်တောအုပ်များလည်း အများ အပြားရှိသည်။ သို့သော် သယ်ယူပို့ဆောင်ရေး မလွယ်ကူသော ကြောင့် သစ်ထုတ်လုပ်ရေးကို မဆောင်ရွက်နိုင်ပေ၊ အိုက်ဒဟိုး ပြည်နယ်မှ အဖိုးတန်သတ္တုများဖြစ်ကြသော ဖော့စဖိတ်၊ ခဲ၊ ငွေ၊ သံတို့အများအပြားထွက်သည့်အပြင် ကျောက်မီးသွေး၊ ထုံး ကျောက်၊ သဲကျောက်၊ ကျောက်ဂွမ်း စသည်တို့လည်းထွက် သည်။ အခြားအသင့်အတင့်ထွက်ရှိသော သတ္တုများမှာ အန်တီ မိုနီ၊ သံဖြူ၊ ကြေးနီ နှင့် ရွှေတို့ဖြစ်ကြလေသည်။

သို့သော် ဆည်မြောင်းများဖြင့် ရေသွင်းစိုက်ပျိုးရေး အထူးအောင်မြင်သောကြောင့် အိုက်ဒဟိုးပြည်နယ် တစ်ခုလုံး၏ အဓိကလုပ်ငန်းသည် စိုက်ပျိုးရေးဖြစ်သည်။ ပြည်နယ်၏တောင် ပိုင်းနှင့် အလယ်ပိုင်း၊ စနိတ်မြစ်နှင့် မြစ်လက်တက်များစီးဆင်း ရာမြေညီမြစ်ဝှမ်းဒေသများတွင် မြေဩဇာထက်သန်သဖြင့် စိုက် ပျိုးရေးဖြစ်ထွန်းသည်။ ဆည်မြောင်းများဖြင့် ရေသွယ်စိုက်ပျိုး ရေးကောင်းစွာဆောင်ရွက်နိုင်သဖြင့် သဲကန္တာရများသည် ဖွံ့ဖြိုး သောလယ်ခင်းယာခင်းများ၊ စိမ်းလန်းစိုပြည်သော ခြံဥယျာဉ်များ အဖြစ်ရောက်ရှိခဲ့သည်။ အိုက်ဒဟိုးပြည်နယ်၏ တောင်ပိုင်းအချို့ အရပ်များတွင် ရေများစွာမလိုသောကောက်မျိုးတို့ကို စိုက်ပျိုး ကြလေသည်။

အိုက်ဒဟိုးပြည်နယ်ထွက် အာလူးများသည် အမျိုး အစားကောင်း၍ ကျော်ကြားသည်။ အိုက်ဒဟိုးပြည်နယ်တွင် အာလူးကိုအများအပြားစိုက်ပျိုးကြသည်။ မြင်းစာနွားစာအတွက် လူဆန်းပဲပင် (အယ်လဖား ဖား)၊ ဂျုံစပါး၊ မုယောစပါးနှင့် သကြားမုန်လာတို့ကိုလည်း ပြည်နယ်တစ်ခုလုံး၌အကြီးအကျယ် စိုက်ပျိုးလုပ်ကိုင်ကြသည်။ ကျယ်ပြန့်သောတောင်ကြားများ၌ ပန်းသီး၊ ဆီးသီး၊ သင်္ဘောဆီးသီး၊ မက်မုံသီး၊ ချယ်ရီသီးတို့ကို စိုက်ပျိုးလုပ်ကိုင်၍ အိုက်ဒဟိုးပြည်နယ်သည် ပန်းသီးအထွက် ကောင်းသော ပြည်နယ်တစ်ခုဖြစ်လေသည်။ နွား၊ ဆိတ်၊ ဝက် မွေးမြူရေးလုပ်ငန်းကိုလည်း အများအပြားလုပ်ကိုင်ကြရာ နွား မွေးမြူရေးလုပ်ငန်းသည် အရေးပါသော လုပ်ငန်းတစ်ရပ်ဖြစ် သည်။

စက်မှုလုပ်ငန်းများအနေဖြင့် သကြားစက်ရုံ၊ ဂျုံကြိတ် စက်ရုံ၊ ဒိန်ခဲစက်ရုံ၊ နို့ဆီချက်စက်ရုံတို့အပြင် သစ်သီးစည်သွတ် စက်ရုံများသည် အရေးပါသော လုပ်ငန်းများဖြစ်ကြသည်။ ပြည် နယ်အတွင်း လွှစက်၊ သစ်စက်များလည်းရှိ၍ ဖော့စဖိတ်မြေဩ ဇာထုတ်လုပ်ရေးစက်သည် အရေးပါသောလုပ်ငန်းတစ်ရပ်အဖြစ် တိုးတက်လာလျက်ရှိသည်။ ယင်းတို့မှလွဲလျှင် အိုက်ဒဟိုးပြည် နယ်၌ အခြားကြီးကြီးကျယ်ကျယ် စက်မှုလုပ်ငန်းများ မရှိသေး ချေ။

မြို့ကြီးများသည် တစ်မြို့နှင့်တစ်မြို့ အလှမ်းကွာဝေး၍ ပြည်နယ်၏ မြေမျက်မျက်နှာသွင်ပြင်သည် တောင်ထူထပ်သဖြင့် လမ်းပန်းဆက်သွယ်ရေးကို ခဲခဲယဉ်းယဉ်း ဆောင်ရွက်ကြရ သည်။ ပြည်နယ်တည်ထောင်စအခါက ရှေးယခင် တိုင်းရင်း သားအင်းဒီးယန်းလူမျိုးများ ထွင်ခဲ့သောလမ်းကြောင်းများကို ပြု ပြင်အသုံးချခဲ့ရသည်။ ထိုလမ်းဟောင်းများကိုလိုက်၍ မီးရထား လမ်း၊ မော်တော်ကားလမ်းများကို ဖောက်လုပ်ခဲ့ကြရာ၊ ဂရိတ်· နော့သင်း မီးရထားလမ်းကြီးနှင့် ယူနီယံပစိဖိတ် မီးရထားလမ်း ကြီးအပါအဝင် ပြည်နယ်တစ်ခုလုံး၏ မီးရထားလမ်း စုစုပေါင်း အလျားသည် မိုင် ၂၈၇ဝ ဖြစ်လေသည်။ မော်တော်ကားလမ်း ရှည်ကြီး ငါးခုရှိသည်။ ပြည်နယ်တွင်း၌ လေကြောင်းကုမ္ပဏီ နှစ်ခုရှိ၍ လေဆိပ်ပေါင်း ၆ဝ ကျော်ရှိလေသည်။

အိုက်ဒဟိုးပြည်နယ်အတွင်း၌ ပညာသင်ကြားရေးသည် ၁၈၃၆ ခုနှစ်ကစတင်ခဲ့၍ တိုင်းရင်းသားများအတွက် စာသင် ကျောင်းတစ်ကျောင်းကို စပေါလဒင်းသာသနာပြုအဖွဲ့က ထိုနှစ် တွင်စတင်တည်ထောင်ခဲ့သည်။ လူဖြူများအတွက် စာသင် ကျောင်းကို မော်မန်ဂိုဏ်းဝင်တို့က ၁၈၆ဝ ပြည့်နှစ်၌ တည် ထောင်သည်။ ထို့နောက် အစိုးရအုပ်ချုပ်ရေး ရောက်ရှိလာသော အခါ ပညာရေးစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြ သည်။ ၁၈၈၉ ခုနှစ်တွင် တည်ထောင်သော အိုက်ဒဟိုး တက္ကသိုလ်သည် မော့စကိုမြို့၌ရှိ၍ ပိုကာတယ်လိုမြို့တွင် အိုက်ဒဟိုးပြည်နယ်ကောလိပ်ရှိသည်။ ထို့ပြင် အယူဝါဒရေး ဂိုဏ်းများက တည်ထောင်သော ကောလိပ်ကျောင်းများလည်းရှိ သေးသည်။

ပြည်နယ်၏လူဦးရေသည် ၁၉၇ဝ ပြည့်နှစ် သန်းခေါင် စာရင်းအရ ၇၁၃,ဝဝ၈ ယောက်မျှသာဖြစ်သည်။ ပြည်နယ်တွင်း ၌ တိုင်းရင်းသားအင်ဒီးယန်း ၄ဝဝဝ ခန့်သည် လူဖြူများနှင့် မရောယှက်ပဲ သီးသန့်နေထိုင်ကြ၏။

သမ္မတဂျက်ဖာဆန်၏အမိန့်အရ မြေသစ်ရေသစ် စူး စမ်းလေ့လာရန် ထွက်ခဲ့ကြသော လွစ္စနှင့် ကလပ်တို့အဖွဲ့သည် ၁၈ဝ၅ ခုနှစ်တွင် အိုက်ဒဟိုးပြည်နယ် ဖြစ်လာမည့်ဒေသသို့ ရောက်လာကြသည်။ လွစ္စတို့အဖွဲ့၏ နောက်ရောက်လာကြသူ များမှာ သားမွေးကုန်သည်များ၊ သားမွေးကောင်ဖမ်းသူများ၊ သာ သနာပြုများဖြစ်ကြသည်။ ဤသို့အားဖြင့် လူများလာရောက် အခြေစိုက် နေထိုင်ခဲ့ကြ၏။

၁၈၆ဝ ပြည့်နှစ်တွင် ထိုဒေသ၏ အချို့အရပ်များ၌ ရွှေတွေ့သည်မှစ၍ အခြားပြည်နယ်မှ ရွှေသိုက်တူးလိုသူများ အများအပြား ပြောင်းလာကြသည်။ ရွှေရူးထသည့်ခေတ်ကုန်ဆုံး သွားပြီးနောက်တွင် ယူးတားနှင့် ဝိုင်အိုမင်းပြည်နယ်တို့မှ လယ် သမားများ၊ မွေးမြူရေးသမားများရောက်လာကြသည်။ ဆည် မြောင်းများဖြင့် ရေသွင်းစိုက်ပျိုးရေး ကောင်းစွာဖြစ်ထွန်းသဖြင့် သဲကန္တာရများသည် သီးနှံထွက်ကောင်းသော လယ်ခင်းယာခင်း များဖြစ်လာသောအခါ အခြားပြည်နယ်များမှ တောင်သူလယ် သမားများ ပို၍ပြောင်းလာကြသည်။ ထို့နောက်တွင် ငွေနှင့် ခဲသတ္တုတို့ အမြောက်အမြား တွေ့ရှိပြန်သဖြင့် လူအမြောက် အများ ရောက်လာကြပြန်လေသည်။

၁၈၄၈ ခုနှစ်မှစ၍ ဩရီဂန်ပြည်နယ်၏ တစ်စိတ် တစ်ဒေသဖြစ်လာခဲ့သော အိုက်ဒဟိုးဒေသကို ၁၈၆၃ ခုနှစ်တွင် သီးခြားနယ်ပယ်ဒေသအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့၏။ ဤသို့ဖြင့် တဖြည်းဖြည်းတိုးတက် ဖွံ့ဖြိုးလာသော အိုက်ဒဟိုးနယ်သည် ၁၈၉ဝ ပြည့်နှစ်ဇူလိုင်လ ၃ ရက်နေ့တွင် အမေရိကန်ပြည် ထောင်စုအတွင်း ၄၃ ခုမြောက် ပြည်နယ်အဖြစ် ပါဝင်ခွင့်ရခဲ့ လေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)