ဝိုင်အိုးမင်းပြည်နယ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဝိုင်အိုးမင်းပြည်နယ် ။ ။ (ဝိုင်အိုးမင်းပြည်နယ်သည်) အမေရိကန်ပြည်ထောင်စုနိုင်ငံတွင် အနောက်မြောက်ပိုင်း ပြည်နယ်တစ်နယ် ဖြစ်သည်။ မြောက်ဘက်တွင် မွန်တားနားပြည်နယ်၊ အရှေ့ဖက်တွင် တောင်ဒကိုးတားပြည်နယ်နှင့် နီဗရက်စကပြည်နယ်၊ တောင်ဖက်တွင် ကော်လိုရားဒိုးပြည်နယ်နှင့် ယူးတားပြည်နယ်၊ အနောက်ဘက်တွင် အိုက်ဒဟိုးပြည်နယ်တို့ အသီးအသီး တည်ရှိကြသည်။ ဝိုင်အိုးမင်းပြည် နယ် အကျယ်အဝန်းမှာ ၉၇၉၁၄ စတုရန်းမိုင် (ဖြစ်၍ လူဦးရေ ခန့်မှန်းခြေ ၃၄ဝဝဝဝ ယောက် (၁၉၆၅) ရှိသည်။

ဝိုင်အိုးမင်းပြည်နယ်သည် ကုန်းပြင်မြင့်ဖြစ်၍ ရော့ကီး တောင်တန်းမှ တောင်အစွယ်အပွားတို့ ဖြတ်သန်း တည်ရှိသော် လည်း အရှေ့ပိုင်းသည် ကျယ်ပြန့်သော လွင်ပြင်ဖြစ်၏။ တောင်တန်း တို့ အကြား၌လည်း ချိုင့်ဝှမ်းများ ရှိသည်။ ယင်းသည့် တောင်တန်း များတွင် ဂန္နက်တောင်ထိပ် (၁၃၇၈၅ ပေ) နှင့် ဖရီးမွန့်တောင်ထိပ် (၁၃၇၃ဝ ပေ) တို့သည် ဝိုင်အိုးမင်းပြည်နယ်တွင် အမြင့်ဆုံး တောင် ထိပ်များ ဖြစ်ကြသည်။

ပြည်နယ်တွင်း၌ မီဇူးရီမြစ်၏ ထင်ရှားသော မြစ်လက်တက် များ ဖြစ်သည့် ယဲလိုးစတုန်းမြစ်၊ ဗစ်ဟွန်းမြစ်၊ ပေါင်ဒါမြစ်တို့သည် မြောက်ဘက်သို့၎င်း၊ နော့သပလက်မြစ်သည် အရှေ့ဘက်သို့၎င်း အသီးအသီး စီးဆင်းကြသည်။ ထို့ပြင် စနိတ်မြစ်သည် အနောက် ဘက် ကိုလမ္ဗီးယားမြစ်ထဲသို့၎င်း၊ ဂရင်းမြစ်သည် အနောက်တောင် ဘက် ကော်လိုရားဒိုး မြစ်ထဲသို့၎င်း စီးဝင်လေသည်။ ထိုမြစ်အားလုံး တို့သည် လှေသင်္ဘော သွားလာရန်အတွက် အသုံးမဝင်ကြချေ။ ယဲလိုးစတုန်းအိုင်၊ ဂျက္ကဆန်အိုင်နှင့် ရှိုရှုန်းအိုင်တို့သည် ထင်ရှားသော တောင်ပေါ်အိုင်များ ဖြစ်သည်။

ပျမ်းမျှခြင်းအားဖြင့် တစ်နှစ်လျှင် မိုးရေချိန် ၁၄ လက်မခန့်သာရ ရှိသောကြောင့် ခြောက်သွေ့သောပြည်နယ်ဖြစ်သည်။ စိုက်ပျိုးရေး၊ တိရစ္ဆာန် မွေးမြူရေးနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းတို့မှာ အဓိကလုပ်ငန်းများဖြစ်သည်။ အသီးအနှံများကို ရေသွင်းစိုက်ပျိုးရသည်။ ရေသွင်းစိုက်ပျိုးသော မြေဧက ပေါင်း ၁ယ၅ဝဝဝဝဝ ခန့်ရှိသည်။ မြက်ခြောက်၊ သကြား၊ မုန်လာ၊ အာလူး၊ ပဲ၊ ဂျုံနှင့် မြင်းစားဂျုံတို့ကို စိုက်ပျိုးကြသည်။ ဝိုင်အိုးမင်းပြည်နယ်တွင် မြက်ခင်းပေါများသဖြင့် ရှေးနယ်သစ်ဖွင့် စအချိန်ကတည်းက တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းကိုလုပ်ကိုင်ခဲ့သည်။ ၁၈၇ဝ နှင့် ၁၈၈ဝ ပြည့်နှစ်များအတွင်းက နွားမွေးမြူရေးသည် ကြီးကျယ်သောလုပ် ငန်းဖြစ်၍ ထိုနယ်တွင် နွားမွေးမြူသူတို့မင်းမူခဲ့ကြသည်။ ၁၈၉ဝ ပြည့်နှစ် လွန်သော် သိုးမွေးမြူရေးလုပ်ငန်းသည် ကြီးကျယ်လာသည်။ ထိုအခါ သိုး မွေးအထွက်အများဆုံး ပြည်နယ်တစ်နယ်အဖြစ် ထင်ရှားခဲ့သည်။ယခုအခါ၌ မူကား နွားနို့လုပ်ငန်း၊ ကြက်၊ ငှက်၊ မွေးမြူရေးလုပ်ငန်းတို့မှာ ထင်ရှား သောလုပ်ငန်းများဖြစ်သည်။ သားမွေးအတွက် တိရစ္ဆာန်မွေးမြူသည့် လုပ် ငန်းလည်း တိုးတက်လျက်ရှိသည်။တွင်းထွက်ပစ္စည်းများအနက် ရေနံအများ ဆုံးထွက်သည်။ အခြားတွင်းထွက်ပစ္စည်းများမှာ ကျောက်မီးသွေး၊ သံ၊ ရွှေ၊ ဓာတ်ငွေ့တို့ဖြစ်ကြသည်။ ပြည်နယ်၏ အနောက်မြောက်ပိုင်းတွင် ယဲလိုးစတုန်း အမျိုးသား ဥယျာဉ်နှင့် တက်တန်အမျိုးသားဥယျာဉ်ဟူ၍ အံ့ချီးဖွယ်ရာကောင်းသော သဘာဝဥယျာဉ်ကြီးများတည်ရှိသည်။ ထိုဥယျာဉ်များ၌ ရေပူစမ်းနှင့်ရေပူပန်း များ၊ ကင်ညွန်ချောက်နှင့်ရေတံခွန်များ၊ ဘေးမဲ့လွှတ်ထားသော သားရဲ တိရစ္ဆာန်များရှိလေသည်။ ပြည်နယ်၏မြို့တော်မှာ ရှိုင်းအင်းမြို့ဖြစ်၍ လူဦးရေ ၄၃၅၅၅ (၁၉၆ဝ) ယောက်ရှိသည်။

ဝိုင်အိုးမင်းပြည်နယ်ဒေသသည် ရှေးအခါက ရက်အင်ဒီးယန်း မျိုး တူစုကြီး ၁၂ စုတို့ အမဲလိုက်ရာအရပ်ဖြစ်သည်။ ထို့နောက် အမေရိကန် နိုင်ငံသားတို့သည် ထိုပြည်နယ်သို့ လာရောက်၍ သားမွေးကုန်သွယ်ရေး စခန်းများကို ဖွင့်လှစ်ကြသည်။၁၈၄၇ ခုနှစ်တွင် မော်မန်ဂိုဏ်းသားတို့သည် လည်းကောင်း၊ ၁၈၆၇ ခုနှစ်တွင် ရွှေသိုက်တူးသမားတို့သည်လည်းကောင်း ရောက်ရှိလာကြသည်။၁၈၆၇ ခုနှစ်တွင် ယူနီယံ ပစိဖိတ် မီးရထားလမ်းကို ရှိုင်းအင်းမြို့သို့ တိုးချဲ့ဖောက်လုပ်ခဲ့သည်။ ၁၈၆၈ ခုနှစ်တွင် ဝိုင်အိုးမင်းပြည် နယ်ဟူ၍ ဖွဲ့စည်းခဲ့ကြပြီးလျှင် ၁၈၉ဝ ပြည့်နှစ်၌ အမေရိကန်ပြည်ထောင်စု တွင်ပါဝင်ခဲ့လေသည်။ အမေရိကန်နိုင်ငံတွင် အမျိုးသမီးများ မဲဆန္ဒပေးနိုင် ခွင့်ကို ပထမဦးဆုံးရရှိခဲ့သော ပြည်နယ်ဖြစ်လေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)