ဝင်းမြင့် (နိုင်ငံတော်သမ္မတ)
ဦး ဝင်းမြင့် | |
|---|---|
ဝင်းမြင့် (၂၀၂၀) | |
| ဒသမမြောက် မြန်မာနိုင်ငံ၏ သမ္မတ | |
| တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၈ – ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
| ဒုတိယ သမ္မတ | မြင့်ဆွေ ဟင်နရီဗန်ထီးယူ |
| ယခင်လူ | ထင်ကျော် |
| ဆက်ခံသူ | မြင့်ဆွေ (ယာယီသမ္မတ) |
| ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ | |
| တာဝန်သက်တမ်း ၁ ဖေဖော်ဝါရီ ၂၀၁၆ – ၂၁ မတ် ၂၀၁၈ | |
| လက်ထောက် | တီခွန်မြတ် |
| ယခင်လူ | သူရ ရွှေမန်း |
| ဆက်ခံသူ | တီခွန်မြတ် |
| ပြည်သူ့လွှတ်တော် အမတ် | |
| တာဝန်သက်တမ်း ၁ ဖေဖော်ဝါရီ ၂၀၁၆ – ၂၃ မတ် ၂၀၁၈ | |
| ယခင်လူ | လဲ့လဲ့ဝင်းဆွေ (ပြည်ခိုင်ဖြိုး) |
| မဲဆန္ဒနယ် | တာမွေမြို့နယ် |
| ပြည်သူ့လွှတ်တော် အမတ် | |
| တာဝန်သက်တမ်း ၂ မေ ၂၀၁၂ – ၂၉ ဇန်နဝါရီ ၂၀၁၆ | |
| ယခင်လူ | သန်းထွန်း |
| ဆက်ခံသူ | ဝေလှိုင်ထွန်း (NLD) |
| မဲဆန္ဒနယ် | ပုသိမ်မြို့နယ် |
| ပြည်သူ့လွှတ်တော် အမတ် | |
| ယခင်လူ | အခြေခံဥပဒေ စတင် |
| ဆက်ခံသူ | အခြေခံဥပဒေ ဖျက်သိမ်း |
| မဲဆန္ဒနယ် | ဓနုဖြူမြို့နယ် မဲဆန္ဒနယ် (၁) |
| အနိုင်ရမဲ အရေအတွက် | ၂၀,၃၈၈ (၅၆%) |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | နိုဝင်ဘာ ၈၊ ၁၉၅၁ ညောင်ချောင်းရွာ၊ ဓနုဖြူမြို့နယ်၊ ဧရာဝတီတိုင်း |
| လူမျိုး | မြန်မာ |
| နိုင်ငံရေးပါတီ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ကြင်ဖော် | ချိုချို |
| သွေးသားတော်စပ်သူ | ထွန်းကြင်(ဖခင်) ဒေါ်သန်း (မိခင်) |
| မိခင်ကျောင်း | ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် |
| အလုပ်အကိုင် | နိုင်ငံရေးသမား၊ ရှေ့နေ |
| အစိုးရအဖွဲ့ | ဝင်းမြင့်အစိုးရ |
| ကိုးကွယ်သည့်ဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
ဦးဝင်းမြင့် (၈ နိုဝင်ဘာ ၁၉၅၁ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားနှင့် တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ ဒသမမြောက် နိုင်ငံတော်သမ္မတ ဖြစ်သည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တာမွေမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ရွေးကောက်တင်မြှောက်ခံရပြီးဦ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မှ ၂၀၁၈ ခုနှစ် မတ်လ ၂၁ရက် အထိ တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။[၁]
အစောပိုင်းဘဝ
ဦးဝင်းမြင့်ကို ၁၉၅၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ ညောင်ချောင်းကျေးရွာတွင် မွေးဖွားခဲ့သည်။ ဓနုဖြူမြို့နယ်၊ ညောင်ချောင်းကျေးရွာ မူလတန်းကျောင်း၊ ဓနုဖြူမြို့ အထက်တန်းကျောင်း နှင့် ပုသိမ်မြို့ အမှတ် ၆ အထက်တန်းကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။[၂] ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ ဘူမိဗေဒဘာသာရပ်ဖြင့် သိပ္ပံဘွဲ့နှင့် H.G.P., R.L တို့ကို ရရှိခဲ့သည်။[၃]
ဝန်ထမ်းဘဝ
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နှင့် ပုသိမ်မြို့တို့တွင် အထက်တန်းရှေ့နေ၊ တရားလွှတ်တော်ရှေ့နေအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၃][၄][၂]
နိုင်ငံရေးဘဝ
ဦးဝင်းမြင့်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဓနုဖြူမြို့နယ် စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူး၊ ဧရာဝတီတိုင်း စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပြီး ပါတီဗဟိုလအလုပ်အမှုဆောင်အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။[၄]
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အမတ်အဖြစ် မဲအရေအတွက် ၂၀,၃၈၈ (၅၆%) ဖြင့် အနိုင်ခဲ့ရသည်။[၃] ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက် ရွေးချယ်တင်မြှောက်ခံရသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရခဲ့သည်။ ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ခဲ့သည်။[၅]
နိုင်ငံတော်သမ္မတ
နိုင်ငံတော်သမ္မတ ဦးထင်ကျော် နုတ်ထွက်ပြီးနောက် ၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သော ဦးဝင်းမြင့်နှင့် ဦးသောင်းအေးတို့အား ဒုတိယ သမ္မတလောင်းများအဖြစ် အမည်စာရင်းတင်သွင်းခဲ့ရာ ဦးဝင်းမြင့်က ၂၇၃ မဲ ဖြင့် ဒုတိယသမ္မတအဖြစ် ရွေးကောက်ခံခဲ့ရသည်။[၄]မတ်လ ၂၈ ရက်နေ့ ပြည်ထောင်စုလွှတ်တော် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြောက်ပွဲ၌ မဲအများဆုံးရရှိသဖြင့် နိုင်ငံတော်သမ္မတ ဖြစ်လာခဲ့သည်။သမ္မတဖြစ်ပြီးနောက် ၂၀၁၈ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ဦးဝင်းမြင့်သည် နိုင်ငံခြားသား ၅၁ ဦးနှင့် နိုင်ငံရေးအကျဉ်းသား ၃၆ ဦး အပါအဝင် အကျဉ်းသား ၈၅၀၀ ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။[၆]
စာချွန်တော် လျှောက်ထားခံရခြင်းနှင့် နိုင်ငံရေး တင်းမာမှုများ (၂၀၂၁ ဇန်နဝါရီ)
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်း စစ်အာဏာမသိမ်းမီ ရက်ပိုင်းအလိုတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ဥပဒေကြောင်းအရ စိန်ခေါ်မှုကြီးတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်များနှင့် ပတ်သက်၍ မဲမသမာမှုများရှိသည်ဟုဆိုကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နှင့် အခြားပုဂ္ဂိုလ်များက ပြည်ထောင်စုတရားလွှတ်တော်ချုပ် ထံ အာဏာပိုင်မေး စာချွန်တော် အမိန့်ထုတ်ဆင့်ပေးရန် လျှောက်ထားခဲ့ကြခြင်းဖြစ်သည်။[၇]
မန္တလေးမြို့မှ ဦးဇော်ဝိတ် ဆိုသူက သမ္မတ ဦးဝင်းမြင့် အပါအဝင် ၄ ဦးကို လျှောက်ထားခဲ့သလို၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း အပါအဝင် ၁၅ ဦးကိုလည်း ဦးစိုးမောင် (သမ္မတရုံးဝန်ကြီးဟောင်း) နှင့် ကြံ့ခိုင်ရေးပါတီတို့က စာချွန်တော်အမိန့်ထုတ်ပေးရန် တင်ပြခဲ့ကြသည်။ အဆိုပါ လျှောက်ထားမှုများကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် လက်ခံသင့်၊ မသင့် ကြားနာရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က စီစဉ်ခဲ့သည်။[၈]
ယင်းအခြေအနေနှင့် ပတ်သက်၍ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သမ္မတကို တရားစွဲဆိုရန် ကြိုးပမ်းသူများသည် "နိုင်ငံရေးအရ ဆွဲကြိုးချခြင်း" သာ ဖြစ်သည်ဟု တုံ့ပြန်ခဲ့ပြီး၊ အစိုးရသစ်ဖွဲ့စည်းရေးလုပ်ငန်းစဉ်များကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ သို့သော်လည်း အဆိုပါ ကြားနာမှုပြုလုပ်ပြီး သုံးရက်အကြာ (ဖေဖော်ဝါရီလ ၁ ရက်) တွင် တပ်မတော်မှ အာဏာသိမ်းယူခဲ့သဖြင့် ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်မှုများ ရပ်ဆိုင်းသွားခဲ့သည်။[၉]
တပ်မတော် အာဏာသိမ်းယူခြင်း
၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် တပ်မတော်သည် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ရာ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် အခြားနိုင်ငံရေးခေါင်းဆောင်များသည် စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။ထို့နောက် အမှုများစွာဖြင့် တရားဆွဲခံရပြီးနောက် ဦးဝင်းမြင့်သည် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက်ပိုင်း အုပ်ချုပ်ခဲ့သော သမ္မတများအနက် ထောင်ဒဏ်ချမှတ်ခံရသည့် တတိယမြောက် သမ္မတ ဖြစ်လာခဲ့သည်။ ၎င်း၏ရှေ့တွင် ပထမဆုံးသော သမ္မတ စဝ်ရွှေသိုက် နှင့် တတိယမြောက် သမ္မတ မန်းဝင်းမောင် တို့သည်လည်း စစ်တပ်မှ အာဏာသိမ်းယူချိန်များတွင် ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ထောင်ဒဏ်ချမှတ်ခြင်းများကို ခံခဲ့ရသည်။[၁၀]
စွပ်စွဲခံရသည့်အမှုများ
၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲမဲဆွယ်ကာလဖြစ်သော ၂၀၂၀ပြည့်နှစ် စက်တင်ဘာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ထောက်ခံသည့် မဲဆွယ်ယာဉ်တန်းကို နေပြည်တော် သမ္မတအိမ်တော်အနီးတွင် ကြိုဆိုခဲ့မှုသည် ကိုဗစ် ၁၉ စည်းကမ်းချက်များ ဖောက်ဖျက်သည်ဆိုကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က စတင် အမှုဖွင့်ခဲ့သည်။[၁၁][၁၂]
ထို့နောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် နိုင်ငံခြား သံရုံးများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများသို့ ပေးပို့ခဲ့သည့် စစ်အာဏာသိမ်းအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုမပြုရေးနှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည်သာ နိုင်ငံတော်၏ တရားဝင် အစိုးရဖြစ်ကြောင်း အကြောင်းကြားစာနှင့် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ကြေညာချက်အမှတ် ၆/၀၂/၂၁ ထွက်ရှိလာခဲ့သည်။ထိုအကြောင်းအရာများနှင့်စပ်လျဥ်းပြီး နိုင်ငံတော်ငြိမ်ဝပ်ရေးကို ထိခိုက်စေမှုဖြင့် ဦးဝင်းမြင့် ကို ဒေါ်အောင်ဆန်းစုကြည်၊ဦးမျိုးအောင် တို့နှင့်အတူ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖြင့် ဇမ္ဗူသီရိမြို့နယ်တရားရုံး၌ စစ်တပ်က ဆက်လက် တရားစွဲဆိုခဲ့သည်။၂၀၂၁ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် နေပြည်တော်ကောင်စီရုံးဝန်းအတွင်းရှိ သီးသန့် တရားရုံး၌ လူကိုယ်တိုင် စတင်ရုံးထုတ်ခဲ့ပြီး တရားခွင်မှတ်တမ်းဓါတ်ပုံများကို နိုင်ငံပိုင်မီဒီယာမှတဆင့် စစ်တပ်က ထုတ်ပြန်ခဲ့သည်။[၁၃]
၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့တွင် နေပြည်တော်တရားသူကြီးက ဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ် ချမှတ်ရန် တရားစွဲချက်တင်ခဲ့ပြီး၊[၁၄][၁၅]ထိုနှစ် ဒီဇင်ဘာ ၆ ရက်နေ့ တွင် ပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၂ နှစ် နှင့် သဘာဝဘေးစီမံခန့်ခွဲရေး ဥပဒေဖြင့် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ၄နှစ် ချမှတ်ခဲ့သည်။[၁၆] [၁၇]
၂၀၂၂ ခုနှစ် စက်တင်ဘာ ၂ ရက်တွင် ရွေးကောက်ပွဲ မသမာမှု စွပ်စွဲချက်အမှုဖြင့် ထောင်ဒဏ် (၃) နှစ်၊ [၁၈] ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက် တွင် ရဟတ်ယာဉ်ဝယ်ယူ၊ ငှားရမ်းသည့်ကိစ္စနှင့် စပ်လျဉ်းသည့် အဂတိလိုက်စားခဲ့သည်ဆိုပြီး အမှု (၅)မှုဖြင့် ထောင်(၇) နှစ်[၁၉] စသည်ဖြင့် ချမှတ်ခဲ့သည့် ထောင်ဒဏ်မှာ စုစုပေါင်း ထောင် ၁၄ နှစ်အထိ ရှိလာခဲ့သည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် ဦးဝင်းမြင့်အား နေပြည်တော်ရှိ သီးခြားနေရာတစ်ခုတွင် နေအိမ်အကျယ်ချုပ်ဖြင့် ချုပ်နှောင်ထားရာမှ တောင်ငူအကျဉ်းထောင်သို့ ပြောင်းရွှေအကျဉ်းချခဲ့သည်။[၂၀]
အပြစ်ဖြေလျော့ပေးခြင်းများ
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် နေပြည်တော်ရှိ အထူးတရားရုံးက သမ္မတဟောင်း ဦးဝင်းမြင့်အား နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှု (ပုဒ်မ ၅၀၅-ခ) နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေတို့ဖြင့် ထောင်ဒဏ် ၄ နှစ် စတင်ချမှတ်ခဲ့သည်။ သို့သော်လည်း ပြစ်ဒဏ်ချမှတ်ပြီး နာရီပိုင်းအကြာဖြစ်သော ထိုနေ့ညနေပိုင်းမှာပင် စစ်ကောင်စီက ဦးဝင်းမြင့်အပေါ် ချမှတ်ထားသည့် ထောင်ဒဏ် ၄ နှစ်ထဲမှ ၂ နှစ်ကို လျှော့ပေါ့ပေးကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ယင်းမှာ ဦးဝင်းမြင့်အပေါ် စွဲဆိုထားသည့် အစောပိုင်းအမှုများအတွက် ပထမဆုံးအကြိမ် ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က ပြစ်ဒဏ်တစ်ဝက်ကို နေ့ချင်း စတင်ဖြေလျော့ပေးခဲ့ခြင်းလည်း ဖြစ်သည်။[၂၁]
၂၀၂၃ ခုနှစ် ဩဂုတ် ၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်အမှတ်၊ ၄၉ / ၂၀၂၃ ဖြင့် ဦးဝင်းမြင့်အပေါ် သက်ဆိုင်ရာ တရားရုံး များက ပြစ်မှုထင်ရှားစီရင်ပြီး ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအနက် ရာဇဝတ်မှုကြီးအမှတ်၊ ၃၅/၂၀၂၁ ၊ ရာဇဝတ်မှုကြီး အမှတ်၊ ၃၆/၂၀၂၁ တို့ဖြင့် ပြစ်မှုထင်ရှားစီရင်ပြီး ပြစ်ဒဏ်ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ သက်သာခွင့်ပြုသည်။[၂၂]ထိုသက်သာခွင့်ပြုလိုက်သည့် အမှု ၂ ခုသည် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) နှင့် သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ အမှုတို့ ဖြစ်ပြီး၊ထိုအမှုနှစ်မှုအတွက် ထောင်ဒဏ်လေးနှစ် ချမှတ်ခဲ့သည့်အတွက် လျော့ပေါ့ပေးသည့် ထောင်ဒဏ်သည် ၆ နှစ်အထိ ဖြစ်လာခဲ့သည်။[၂၃]
ပြန်လည်လွတ်မြောက်လာခြင်း
၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၄၂/၂၀၂၆ ဖြင့် ဦးဝင်းမြင့်အား တောင်ငူအကျဉ်းထောင်မှ မိသားစုထံသို့ ပြန်လည် လွှတ်ပေးခဲ့သည်။[၂၄][၂၅]
တုံ့ပြန် ရှင်းလင်းချက်များ
ဦးဝင်းမြင့်သည် အကျဉ်းကျခံနေရစဉ်အတွင်းနှင့် ပြန်လည်လွတ်မြောက်လာသည့် အချိန်များတွင် ၎င်း၏ ဥပဒေကြောင်းအရ ရပ်တည်ချက်ကို ပြတ်သားစွာ ဖော်ပြခဲ့သည်။[၂၆]
အမှုရင်ဆိုင်နေစဉ် တုံ့ပြန်ချက်
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့ တရားခွင်အတွင်း နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅(ခ) အတွက် ထုချေထွက်ဆိုရာ၌ အာဏာသိမ်းသည့်နေ့ နံနက်ပိုင်း ဖြစ်စဉ်ကို ပထမဆုံးအကြိမ် ထည့်သွင်းပြောကြားခဲ့သည်။ ၎င်း၏ ထွက်ဆိုချက်အရ အာဏာသိမ်းသည့်နေ့ နံနက် ၅ နာရီခန့်တွင် ဗိုလ်ချုပ်ကြီးအဆင့်ထက်မနိမ့်သော အရာရှိကြီးနှစ်ဦးက ၎င်းအား ကျန်းမာရေးအကြောင်းပြ၍ ရာထူးမှ နုတ်ထွက်ပေးရန် ဖိအားပေးခဲ့သော်လည်း "ကျန်းမာရေးကောင်းမွန်သဖြင့် နုတ်ထွက်ရန်မရှိကြောင်း၊ ဥပဒေနှင့်အညီသာ ဆောင်ရွက်သင့်ကြောင်းနှင့် အာဏာမသိမ်းသင့်ကြောင်း"ဖြင့် အပြစ်မရှိကြောင်း ပြန်လည်တုံ့ပြန်ချေပခဲ့သည်။ ထို့အပြင် နုတ်ထွက်ခြင်းမရှိပါက ပုဂ္ဂိုလ်ရေးအရ ထိခိုက်မှုရှိလာနိုင်ကြောင်း ခြိမ်းခြောက်မှုအပေါ် ၎င်းအနေဖြင့် အသေခံသွားမည်ဖြစ်ကြောင်း ပြတ်သားစွာ တုံ့ပြန်ခဲ့သည်ဟု တရားခွင်တွင် ထွက်ဆိုခဲ့သည်။[၂၇]
ပြန်လည်လွတ်မြောက်ပြီးနောက် ရှင်းလင်းချက်များ
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာချိန်၌လည်း ဦးဝင်းမြင့်သည် ၎င်း၏ ဥပဒေကြောင်းအရ ရပ်တည်ချက်ကို ထပ်မံပြသခဲ့သည်။ ၎င်းအား ပြန်လည်လွှတ်ပေးရာတွင် အာဏာပိုင်များက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ "နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်" ဆိုသည့် စည်းကမ်းချက်ကို လာရောက်ဖတ်ကြားပြခဲ့သည်။[၂၈]
သို့သော်လည်း ရှေ့နေတစ်ဦးဖြစ်သည့် သမ္မတ ဦးဝင်းမြင့်က ၎င်းအနေဖြင့် မူလကပင် ဥပဒေနှင့်မညီသော လုပ်ရပ်များကို လုပ်ဆောင်ခဲ့ခြင်းမရှိသဖြင့် အဆိုပါ ကတိခံဝန်ချက်ကို လက်မှတ်ရေးထိုးရန် ငြင်းဆန်ခဲ့ပြီး ဥပဒေကြောင်းအရ ဖြေရှင်းခဲ့သည့်အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်မှတစ်ဆင့် ရှင်းလင်းပြောကြားခဲ့သည်။[၂၉]
ကိုးကား
- ↑ "Names of Pyithu Hluttaw representatives announced"၊ Union Election Commission၊ Government of Myanmar၊ 2 April 2012။ 5 October 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 9 May 2012။
- 1 2 ဦးဝင်းမြင့် ကိုယ်ရေးအကျဉ်း။ ပြည်ထောင်စုလွှတ်တော်။ 23 March 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၃ မတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။
- 1 2 3 Khin Kyaw Han (1 February 2003)။ Brief Biographies of Elected MPs။ 1990 Multi-party Democracy General Elections။ 5 October 2012 တွင် ပြန်စစ်ပြီး။
- 1 2 3 ဒုတိယသမ္မတအဖြစ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌေဟာင်း ဦးဝင်းမြင့်အား ရွေးချယ်တင်မြှောက်။ Eleven Media Group (၂၃ မတ် ၂၀၁၈)။ 26 March 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၃ မတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။
- ↑ ဦးဝင်းမြင့် လွှတ်တော် ဥက္ကဋ္ဌတာဝန်ကနေ နုတ်ထွက်။ လွတ်လပ်တဲ့ အာရှအသံ (၂၁ မတ် ၂၀၁၈)။ ၂၁ မတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။
- ↑ "Myanmar's President Grants Amnesty to 8,500 Prisoners" (in en)၊ VOA၊ 17 April 2018။
- ↑ "၂၀၂၀ မြန်မာရွေးကောက်ပွဲ - အငြင်းပွားမှုတွေနဲ့ စာချွန်တော်မှု ဂယက်" (in my)၊ BBC News မြန်မာ။
- ↑ သမ္မတကို တရားစွဲဆိုတိုင်ကြားချက် လက်ခံသင့် မသင့် တရားရုံးဆုံးဖြတ်မည် (in my) (2021-01-05)။ 2026-04-18 တွင် ပြန်စစ်ပြီး။
- ↑ "သမ္မတကိုတရားစွဲဖို့ ကြိုးပမ်းတဲ့ စာချွန်တော်အမှု ထူးခြားချက်" (in my)၊ BBC News မြန်မာ။
- ↑ Irrawaddy၊ The (2018-03-15)။ Myanmar's Presidents Since Independence (in en-US)။ 2026-04-18 တွင် ပြန်စစ်ပြီး။
- ↑ Now၊ Myanmar (0001-11-30)။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်ကို သဘာဝဘေးပုဒ်မဖြင့် စွဲချက်တင် (in en-US)။ 2026-04-18 တွင် ပြန်စစ်ပြီး။
- ↑ Now၊ Myanmar (0001-11-30)။ ထိန်းသိမ်းခံနိုင်ငံ့ခေါင်းဆောင်များ ရှေ့နေနှင့် တွေ့ခွင့်မရသေး (in en-US)။ 2026-04-18 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌဟောင်း ဒေါက်တာ မျိုးအောင် တို့အပေါ် စွဲဆိုထားသည့်အမှုများကို သီးသန့်တရားရုံး၌ တရားစီရင်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်
- ↑ Judge indicts Suu Kyi and Win Myint for alleged breach of Covid-19 rules (in en)။ 2021-10-14 တွင် ပြန်စစ်ပြီး။
- ↑ "Ex-Myanmar president says army tried to force him to cede power hours before coup" (in en)၊ Reuters၊ 2021-10-12။
- ↑ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် သမ္မတ ဦးဝင်းမြင့် ထောင်ဒဏ် ၄ နှစ်စီချ။ သျှမ်းသံတော်ဆင့်။ 16 December 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 January 2023 တွင် ပြန်စစ်ပြီး။
- ↑ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို စစ်ကောင်စီက ထောင်ဒဏ်လေးနှစ်စီချမှတ်။ RFA Burmese။
- ↑ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို ထောင်ဒဏ် ၃ နှစ်စီ ထပ်မံချမှတ်။ Mizzmia။
- ↑ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် ထောင် ၇ နှစ်စီ ထပ်ချခံရ။ Irrawaddy Burmese။
- ↑ "သမ္မတဦးဝင်းမြင့် တောင်ငူထောင် ရွှေ့ပြောင်းအကျဉ်းချခံရ"၊ ဧရာဝတီ၊ 2023-01-14။
- ↑ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် အဂတိမှု ၅ မှုဖြင့် ထပ်မံတရားစွဲခံရ။ Irrawaddy Burmese။
- ↑ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်။ MOI Myanmar (၁ ဩဂုတ် ၂၀၂၃)။ ၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ရဲ့ အမှုတချို့ကို စစ်ကောင်စီ လွတ်ငြိမ်းပေး။ RFA Burmese (၁ ဩဂုတ် ၂၀၂၃)။ ၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် | Ministry Of Information (in en)။ 2026-04-17 တွင် ပြန်စစ်ပြီး။
- ↑ ၂၀၂၆ ခုနှစ် ဧပြီ ၁၇ ရက် ဘီဘီစီမြန်မာပိုင်းသတင်းတိုက်ရိုက်ထုတ်လွှင့်ချက် -ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့မယ်လို့ သတင်းထွက်ပေါ် (in my) (2026-04-17)။ 2026-04-17 တွင် ပြန်စစ်ပြီး။
- ↑ သမ္မတ ရာထူးက ဆင်းပေးဖို့ စစ်တပ်က ခြိမ်းခြောက်ခဲ့တယ်လို့ သမ္မတ ဦးဝင်းမြင့်ထွက်ဆို (in my) (2021-10-12)။ 2026-04-18 တွင် ပြန်စစ်ပြီး။
- ↑ Now၊ Myanmar (0001-11-30)။ အာဏာသိမ်းသည့်နေ့တွင် စစ်တပ်က ခြိမ်းခြောက်ခဲ့ကြောင်း သမ္မတဦးဝင်းမြင့် ထုတ်ပြော (in en-US)။ 2026-04-18 တွင် ပြန်စစ်ပြီး။
- ↑ သမ္မတ ဦးဝင်းမြင့် ပြန်လည် လွတ်မြောက် (in my) (2026-04-17)။ 2026-04-18 တွင် ပြန်စစ်ပြီး။
- ↑ Now၊ Myanmar (2026-04-17)။ စစ်တပ်က သမ္မတဦးဝင်းမြင့်ကိုလွှတ်ပေး၊ ဒေါ်အောင်ဆန်းစုကြည်ပါအဝင် NLD ခေါင်းဆောင်များကိုဆက်ဖမ်းထား (in en-US)။ 2026-04-18 တွင် ပြန်စစ်ပြီး။
| နိုင်ငံရေးဆိုင်ရာ ရုံးများ | ||
|---|---|---|
| ယခင်က ဦးမြင့်ဆွေ ယာယီ |
မြန်မာနိုင်ငံ၏ သမ္မတ ၂၀၁၈–၂၀၂၁ |
ဆက်ခံသူ ဦးမြင့်ဆွေ ယာယီ |