အီးဒစ်ပါ့စ်

ဝီကီပီးဒီးယား မှ
အီးဒစ်ပါ့စ်သည် စဖင့်၏ စကားထာများကို ဖြေရှင်းပုံ၊ Jean Auguste Dominique Ingres ၏ လက်ရာ (၁၈၀၅ ဝန်းကျင်)

အီးဒစ်ပါ့စ် (အင်္ဂလိပ်: Oedipus; ဂရိ: Οἰδίπους Oidípous (အော်ဒီးပေါ့ရှ်) အနက် - "ရောင်ကိုင်းသော ခြေထောက်") သည် ဂရိဒဏ္ဍာရီလာ သီးဗာ၏ ဘုရင်တစ်ပါးဖြစ်သည်။ ကြေကွဲစရာကောင်းသော သူရဲကောင်းတစ်ဦးဖြစ်သည့် အီးဒစ်ပါ့စ်သည် ဖခင်ကို သတ်ဖြတ်မိခဲ့ပြီး မိခင်ကို လက်ထပ်ခဲ့သည့် ဟောကိန်းတစ်ခုကို မတော်တဆ ဆောင်ရွက်မိခဲ့သည်။ ထို့ကြောင့်ပင် ၎င်းနေသောမြို့နှင့် မိသားစုမှာ ကြမ္မာဆိုးဝင်ရောက်ခဲ့သည်။

အီးဒစ်ပါ့စ်၏ ဇာတ်လမ်းသည် ဆော့ဖာကလီးဇ်၏ အလွမ်းဇာတ်လမ်း "Oedipus Rex" (အီးဒစ်ပါ့စ် ဘုရင်) စာပေ၏ ကြောင်းရာဖြစ်သည်။ ယင်းနောက် နောက်ဆက်တွဲဇာတ်လမ်းများမှာ "Oedipus at Colonus" (ကလို့နပ်စ်အရပ်က အီးဒစ်ပါ့စ်) နှင့် "Antigone" (အန်တစ်ဂန်နီ : အီးဒစ်ပါ့စ်၏ သမီး) တို့ဖြစ်ကြသည်။ ဤပြဇာတ်များသည် ဆော့ဖာကလီးဇ်၏ သီးဗာပြဇာတ်သုံးပုဒ် ဖြစ်လာခဲ့သည်။ အီးဒစ်ပါ့စ်သည် ဂရိဒဏ္ဍာရီနှင့် ပြဇာတ်တို့တွင် နှစ်ကာလများမြောင် ကြာရှည်ခံခဲ့သော အဓိကအကြောင်းအရာနှစ်ပုဒ်လည်း ဖြစ်လေ၏။ အကြောင်းနှစ်ရပ်ဆိုရာတွင် လူသားတို့၏ အပြစ်အနာဆာရှိတတ်သော သဘောသဘာဝနှင့် ကြမ်းတမ်းသော လောကကြီးတွင် တစ်ဦးတစ်ယောက်ချင်းဆီ၏ ကံကြမ္မာလမ်းကြောင်း လျှောက်လမ်းမှု အနေအထား တို့ဖြစ်ကြသည်။

ဒဏ္ဍာရီ၏ လူသိအများဆုံး ပုံစံဇာတ်လမ်းမှာ အီးဒစ်ပါ့စ်ကို ဘုရင် လိုင်းယပ်စ်နှင့် မိဖုရား ဂျာကာစ်တာ တို့ကဖွားမြင်၏။ လိုင်းယပ်စ်သည် ဟောကိန်းတစ်ခုရှိရာ ယင်းဟောကိန်းကို မဖြစ်စေရန် တားဆီးချင်သောကြောင့် ၎င်း၏ သိုးထိန်းအစေခံကို သားဖြစ်သူ အီးဒစ်ပါ့စ်အား တောင်နံရံတစ်ခု၌ သေစေရန် ပစ်ခိုင်းခဲ့သည်။[၁] သို့ရာတွင် သိုးထိန်းက ကလေးကို သနားသောကြောင့် နောက်သိုးထိန်းတစ်ဦးဆီကို ပေးခဲ့ပြီး ဒုတိယသိုးထိန်းက ကလေးငယ်ကို ကောရင့်သ်ဘုရင် ပေါလီဘပ်စ် နှင့် မိဖုရား မာရို့ပီထံ ဆက်သခဲ့ပေသည်။ အီးဒစ်ပါ့စ်သည် ဒဲလ်ဖီအရပ်ရှိ ရှေ့ဖြစ်ဟော နတ်ဆရာတစ်ဦးဆီမှ ဟောကိန်းကို ကြားသိခဲ့၏။ ယင်းဟောကိန်းမှာ ၎င်းသည် အဖကိုသတ်၍ အမိကို လက်ထပ်ရမည်ဆိုခြင်းပင်ဖြစ်သည်။ သို့သော် ၎င်းသည် မိမိ၏ မူရင်မိဘများကို မသိရှာဘဲ ပေါလီဘပ်စ်ကို သတ်၍ မာရို့ပီကို လက်ထပ်ရမည်ဟု အယုံကြည်ရှိသွားခဲ့သည်။[၂] သို့ဖြစ်သောကြောင့် သီးဗာသို့ သွားခဲ့သည်။ လမ်းတွင် အဖိုးအိုတစ်ဦးနှင့် တွေ့ဆုံ၍ အချင်းများကာ ထိုအဖိုးအိုကို သတ်ဖြတ်ခဲ့သည်။ သီးဗာသို့ ဆက်လက်သွားလာရင်း လိုင်းယပ်စ်မြို့ဘုရင် မကြာသေးမီက အသတ်ခံရသဖြင့် နတ်ရွာစံခဲ့ကြောင်း၊ မြို့တော်သည် စဖင့် (သို့) မနုဿီဟတစ်ကောင်၏ ထိန်းချုပ်မှုတွင်ရှိနေကြောင်း ကြားသိခဲ့၏။ အီးဒစ်ပါ့စ်က မနုဿီဟ၏ စကားထာများကို မှန်မှန်ကန်ကန် ဖြေဆိုနိုင်ခဲ့ကာ တိုက်ခိုက်အနိုင်ယူ၍ နတ်ရွာစံဘုရင်၏ နေရာကို ရရှိသွားသည်။[၃] မုဆိုးမဖြစ်သွားသော မိဖုရားကို လက်ဆက်ခဲ့ရာ ထိုသူမှာ ၎င်း၏ မိခင်အရင်းမှန်း မသိရှာခဲ့ပေ။

နှစ်များစွာကြာသော် သီးဗာမြို့၏ ကပ်ဆိုးတစ်ခုကို အဆုံးသတ်ရန်အတွက် အီးဒစ်ပါ့စ်သည် လိုင်းယပ်စ်ဘုရင်ကို သတ်သူအား ရှာဖွေခဲ့သည်။ ထိုအခါ တွေ့ရှိရသည်မှာ သူကိုယ်တိုင်ပင်ဖြစ်နေသည်။ မိဖုရား ဂျာကာစ်တာသည်လည်း သူမလက်ထပ်ထားသည့်သူမှာ သားအရင်းဖြစ်နေသည်ကို သိမြင်ခဲ့၍ မိမိကိုယ်ကို ကြိုးဆွဲချ သတ်သေခဲ့၏။ အီးဒစ်ပါ့စ်က သူမ၏ အဝတ်မှ ပင်အပ်နှစ်ချောင်းကို ယူ၍ ၎င်းကိုယ်၎င်း မျက်စိကန်းစေခဲ့လေသည်။[၄]

အီးဒစ်ပါ့စ် ဇာတ်လမ်းရာဇဝင်ကို မူအမျိုးမျိုးဖြင့် ပြန်လည်ပြောဆိုကြ၍ စိတ်ရောဂါနှင့် အာရုံကြောဆိုင်ရာ ပညာရှင် ဇီးမွန် ဖရွိုက်က အီးဒစ်ပါ့စ်အမည်ကိုယူ၍ ဒဏ္ဍာရီဆန်ဆန် (လိင်ပိုင်းဆိုင်ရာ) မူကျင့်ထုံးတစ်ခုကို "အီးဒစ်ပါ့စ် (လိင်စိတ်)အရှုပ်အထွေး" ("Oedipus complex" ) ဟူ၍ အမည်ပေးခဲ့သည်။[၅]

ကိုးကား[ပြင်ဆင်ရန်]

  1. Euripides, Phoenissae
  2. Sophocles, Oedipus Rex 1026–1030; Euripides, Phoenissae
  3. Sophocles, Oedipus Rex 136, 1578; Euripides, Phoenissae
  4. Sophocles, Oedipus Rex 1316
  5. Bruno Bettelheim (1983)။ Freud and Man's Soul။ Knopf။ ISBN 0-394-52481-0