မနုဿီဟ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
မြန်မာဝစ်ရှင်နရီ
မြန်မာ ဝစ်ရှင်နရီ တွင် ဤစကားလုံးအတွက်
အဓိပ္ပါယ်ဖွင့်ဆိုချက် ရှိသည် -
မနုဿီဟ (ဘေးတိုက်ပုံ)
မနုဿီဟ (ရှေ့မျက်နှာစာပုံ)

မနုဿီဟ ဆိုသည်မှာ ရှေးက အကယ်ရှိခဲ့ဖူးသော သတ္တဝါတစ်မျိုး မဟုတ်ချေ။ ရှေးခေတ်က လူများ စိတ်ကူးဉာဏ် ဆန်းကြယ်စွာ တီထွင် ပြုလုပ်ခဲ့သော တိရစ္ဆာန် ကိုယ်တစ်ပိုင်း လူကိုယ်တစ်ပိုင်း အရုပ်မျိုး ဖြစ်သည်။ ယင်းကို မြန်မာနိုင်ငံ အချို့သော စေတီပုထိုးများတွင် တွေ့ရသည်။ မနုဿီဟဟူသော စကားမှာ ပါဠိ စကားဖြစ်၍ လူခြင်္သေ့ဟု အဓိပ္ပာယ်ရသည်။ ခြင်္သေ့ကိုယ်၌ လူဦးခေါင်း တပ်ဆင်ထားသော အရုပ်ဖြစ်ခြင်းကြောင့် မနုဿီဟဟု ခေါ်တွင်လာဟန် တူသည်။ မြန်မာတို့စိတ်၌မူ မနုဿီဟဆိုလျှင် ကိုယ်နှစ်ခုရှိသည်ဟု စွဲယူပြီး ဖြစ်သည်။

မနုဿီဟရုပ်ကို ထုလုပ်ထားပုံမှာမူ အနုပညာမြောက် သည်။ လူဦးခေါင်း၌ မကိုဋ်သဏ္ဌာန်ရှိသော အချွန် အတက် များနှင့် ဦးဆောင်းကို ဆောင်းထားပေသည်။ မြန်မာနိုင်ငံရှိ မနုဿီဟရုပ်များသည် အီဂျစ်ပြည်ရှိ စဖင့်ရုပ်များနှင့် ဆင် သည်။ လူဦးခေါင်း၌ မကိုဋ်သဖွယ် ဆောင်းထားပေးခြင်း ကြောင့် အီဂျစ်ပြည် စဖင့်ရုပ် ဦးခေါင်း များကဲ့သို့ဘုရင် တစ်ဦးဦး၏ ပုံတူ၊ သို့မဟုတ် ကိုးကွယ်သည့် နတ်၊ ဗြဟ္မာ တစ်ဦးဦး၏ ရုပ်ပုံကို စိတ်ကူးဖြင့် မှန်းဆ၍ ထုလုပ်ထားဖွယ် ရှိသည်ဟု တွေးထင်ယူဆရသည်။

ယင်းမနုဿီဟရုပ်များသည် မည်သည့် ခုနှစ်သက္ကရာဇ် က ထုလုပ်ပေါ်ပေါက်လာခဲ့သည်ဟု အသေအချာ မသိရချေ။ သို့သော် သာသနာ လင်္ကာရ စာတန်းတွင် မြတ်စွာဘုရား သခင် ပရိနိဗ္ဗာန် စံယူတော်မူပြီးနောက် သာသနာ ၂၃၅ ခုနှစ်ရောက်လတ်သော် ရာမညတိုင်း အစိတ် သုဝဏ္ဏဘုမ္မိသို့ အရှင်သောဏ၊ အရှင်ဥတ္တရမထေရ် နှစ်ပါးကို အရှင်မောဂ္ဂလိ ပုတ္တတိဿက ရဟန်းပြုကံ မြောက်လောက်အောင် သံဃာ ငါးပါးနှင့် သာသနာပြု စေလွှတ်တော်မူ၏။ --- ထိုရောအခါ သုဝဏ္ဏဘုမ္မိတိုင်း သထုံပြည်ဝယ် သီရိမာသောက မင်းပြု၏။ --- ထိုမြို့သည် သမုဒ္ဒရာနှင့် နီးသောကြောင့် ရေစောင့် ဘီလူးမသည် မင်းအိမ်၌ သားဖွားတိုင်း စားလေ၏။

သာသနာပြု မထေရ်တို့ရောက်သောနေ့လယ် မင်းအိမ်၌ သားဖွားခိုက်ကြိမ်၍ ဘီလူးမ စားမည်ဟု အရံငါးရာနှင့် လာသည်ကို လူတို့မြင်၍ ကြောက်လန့်ကြွေးကြော်ကြ၏။ ထိုသို့စဉ်တွင် မထေရ်လည်း ကြောက်မက်ဖွယ်ရှိအောင် ခြင်္သေ့နှင့် တူသော ခေါင်းတစ်လုံး ကိုယ် ၂ ခုရှိသော မနုဿီဟသဏ္ဌာန်နှင့် အရေအတွက် နှစ်ဆထက်သာအောင် ဖန်ဆင်းပြီးမှ ဘီလူးမတို့ကို လိုက်၍ ပိတ်ဆီးကုန်လျှင် ဘီလူးမတို့ပြေးသွားလေကုန်၏။

မထေရ်တို့လည်း တစ်ဖန် ဘီလူးမတို့မလာစိမ့် သောငှာ ပရိတ် အရံတားကို ပြုပေ၏။ ထိုကာလ စည်းဝေး လာသူတို့အား ဗြဟ္မဇာလသုတ်ကို ဟောတော်မူသော် ခြောက် သောင်းသော လူတို့အကျွတ်တတန် သောတာပန်စသော အရိယာဖြစ်လေကုန်၏။ ထိုကာလမှစ၍ ယနေ့ဖွားစ မင်းသား ငယ်တို့အား သောဏုတ္တရဟူ၍ ငယ်မည်မှည့်လင့်ကုန်သတည်း။

သူငယ်ခပ်သိမ်းတို့အားလည်း ဘီလူးဘေးကို ဆီးတားခြင်းငှာ ထန်းရွက်၊ သလူရွက်များတွင် မထေရ်တို့ ဖန်ဆင်းသော မနုသီဟရုပ်ကိုရေး၍ ခေါင်းထက်တင်ထား ကုန်၏။ ထိုအရုပ်ကို သထုံမြို့၏ အရှေ့မြောက်ထောင့် တောင်ထိပ်ထက် ကျောက်ရုပ်ထု၍ ယခုထက်တိုင် ထားရှိ သတည်း။ ဟူ၍ ဖော်ပြပါရှိလေသည်။[၁]


မှတ်ဖူးတွေ့ဖူးခဲ့သော မနုဿီဟ စာ၊ ပုံများကို ၁၉၈၁၊ ဩဂုတ်၊ ရှုမဝတွင် မောင်အေးမြင့် ရေးခဲ့ဖူးပါသည်။ မူလအစ ကလျာဏီကျောက်စာကဟု ဆိုရမည်ဖြစ်သော်ငြားလည်း မနုဿီဟရုပ်များ အထူးသဖြင့် ပန်းရန်ပန်းတော့ပန်းတမော့ရုပ်များဖြင့် ခေတ်စားခဲ့သည်မှာ အမရပူရခေတ်ဟု ဆိုနိုင်ပါသည်။ အကြီးဆုံးနှင့် အချိုးအကျဆုံး မနုဿီဟများကို အမရပူရ တောင်သမန် ကျောက်တော်ကြီး (မဟာသကျရံသီ၊ ၁၈၅ဝ ခုနှစ်) တွင် တွေ့မြင်နိုင်သည်။ ပုဂံမင်းသည် အမရပူရခေတ် နောက်ဆုံး (၆)နှစ်တွင် နန်းစံခဲ့သည်။ အပျော်အပါးများသော မင်းငယ်တစ်ပါးဖြစ်ခဲ့သော်လည်း အောက်ခြေစီမံသူ ပညာရှင်များ တော်ခြင်းကြောင့် ထိုတောင်သမန်ကျောက်တော်ကြီးနှင့်အတူ မနုဿီဟ (၁၂)ရုပ် အပါအဝင် ပန္နက်ပုံကောင်းလှသည်။ သူ၏ ဘေးတော် ပဒုံမင်း၏ မင်းကွန်းစေတီတော်ကြီး ဗိသုကာစနစ် မကောင်းသမျှ ဤတောင်သမန် ကျောက်စာတော်ကြီး ဗိသုကာစနစ် ကောင်းမွန်လှ၍ စံထားမိပါသည်။ မနုဿီဟ ဖင်နှစ်ခွ ဖြစ်နေခြင်းမှာ “ထောင့်” နေရာ၌ လိုက်လျောစေလိုသော ဒီဇိုင်း အယူအဆအရ ဖြစ်ရသည်ဟု မောင်အေးမြင့် သုံးသပ်ထားပါသည်။ [၂]


အခြားကြည့်ရန်။ စဖင့်ရုပ်များ

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)
  2. (၂ဝဝ၃၊ ဇွန်၊ ရတနာမွန်)