မာတိကာသို့ ခုန်သွားရန်

အာခိလိ

ဝီကီပီးဒီးယား မှ
အခိလေဝ သည် အဲသယောပိမင်း မေမနွန် ကို အနိုင်သတ်ခန်း။ ဘီစီ ၃၀၀ခန့်မှ ရှေးဟောင်းဂရိ ဟေလဲနစ် အိုးပန်းချီ။

အာခီးလဲစ် (လက်တင်: Akhillēs) သို့မဟုတ် အာခိလိ (အင်္ဂလိပ်: Achilles) သို့မဟုတ် အခိလေဝ (ဝါ) 'အာခီလျုပ်'စ် (ရှေးဟောင်းဂရိ: Aχιλλεύς, IPA: /a.kʰil.lěu̯s/; မြန်မာသံပြု /အခီလေ့ဝု'စ်/~/အာခီလေးဝ်'စ်/) သည် ဂရိဒဏ္ဍာရီလာ သူရဲကောင်းဖြစ်ပြီး ထရိုဂျန်စစ်ပွဲတွင် ပါဝင်သည်။ ဟိုးမား၏ ဣလိယဒ် ကဗျာရှည်တွင် အဓိကဇာတ်ကောင်ဖြစ်သည်။[]

အာခိလိတကိုယ်လုံးတွင် သေနိုင်သည့်နေရာဟူ၍ ဖနောင့်သာ ရှိသည်။ သို့သော်လည်း ထိုနေရာသို့ ထိသည့် ဒဏ်ရာကြောင့်ပင် သေလေသည်။ ဤသည်ကိုစွဲ၍ တဦးတယောက်၏ အားပျော့မှတ်ကို နှောင်းလူတို့က အာခိလိဖနောင့်ဟု ခေါ်ကြသည်။

အမည်နာမ

[ပြင်ဆင်ရန်]

အာခိလိ သည် အင်္ဂလိပ်အသံထွက် /əˈkɪliːz/ ကို တုပခြင်းဖြစ်သည်။ Achilles မှာ ရောမ လက်တင် စာလုံးပေါင်းဖြစ်ပြီး ပါဠိမှုပြုက အခိလ္လေ (Akhille) မြန်မာအသံထွက်ဖြင့် /အာ့ခစ်လေး'စ်/ ~/အာခိလေး'စ်/ ဖြစ်ရာ၏။ မူရင်းနာမည်မှာ (ရှေးဟောင်းဂရိ: Aχιλλεύς) ဖြစ်ပြီး ဘီစီ ၅ ရာစုအသံထွက်ကို လိုက်ရလျှင် /အခီလေ့ဝု'စ်/ သို့မဟုတ် /အာခီလေး ဝ်'စ်/ ဖြစ်ရာ၏။ တဖန် ပါဠိပြုရလျှင် အခိလေဝ (Akhileva)[မှတ်စု ၁] သို့မဟုတ် အခိလျု (Akhilyu) အခိလ္လေဝုသ် (Akhillewus) ဖြစ်ရာ၏။

နာမည်၏ နိရုတ္တိအစစ်အမှန်မှာ မသေချာမရေရာသော်လည်း စာပေအစဉ်အလာအရ ᾰ̓́χος (ắkhos, “ဒုက္ခဆင်းရဲ၊ ဝေဒနာ”) ပုဒ် နှင့် λᾱός (lāós, “လူသူ”) ပုဒ်မှ လာသည်ဟု ဝိဂြိုဟ်ကျင်းကြသည်။ လူအပေါင်းကို နာကျင်ပူဆွေး‌အောင် စစ်ထိုးတတ်သော‌ကြောင့် ဟူ၏။

Apollodoros ကဲ့သို့ အချို့စာရေးဆရာတို့ကမူ ᾰ- (အ- = မရှိ-မရ-ကင်းခြင်း) ပကတိနိပါတ်ပုဒ် နှင့် χεῖλος (ခီးလို့စ်= နှုတ်ခမ်း) ပုဒ်မှ ကြံဖန် ဝိဂြိုဟ်ကျင်းကြသည်။ ငယ်စဉ်က မိခင်ရင်နို့ မသောက်သုံးခဲ့ရ၍၊ နှုတ်ခမ်းမီးလောင်ခဲ့၍ ဟူသော ပုံပြင်ကို အစွဲပြုခြင်းဖြစ်သည်။

ဖထိယာပြည့်ရှင် ပယ်လေ့ဝု'စ် (Πηλεύς) နှင့် ပင်လယ်နတ်သမီး ထေ့တိ'စ် (Θέτις) တို့မှ အာခိလိ ကို မွေးသည်။ []ချောမောသော ထေ့တိ'စ်ကို ဇု ရော ပိုဆိုင်ဒန်ပါ အပြိုင်ပိုးကြသော်လည်း ဖခင်ထက်စွမ်းသောသား မွေးမည်ဟု ပရိုမီးသီးယပ်က ဟောသဖြင့် နှစ်ဦးလုံး လက်လျှော့သွားသည်။ သို့ဖြင့် ထေ့တိ'စ်ကို ပီးလိရပ်နှင့် လက်ထပ်ပေးရန် ဇုက စီစဉ်လိုက်သည်။ အာခိလိမွေးသော် ထေ့တိ'စ်က မသေသူဖြစ်စေရန် မရဏမြစ်၌ ရေနှစ်သည်။ သူ့လက်နှင့် ကိုင်ထားသည့် ဖနောင့်နှစ်ခုသာ ပျော့ကွက်ဟူ၍ ကျန်သည်။[]

သားဖြစ်သူ၏ အစွမ်းကို သိလို၍ ယခင်က ရန်စဟောင်းရှိသည့် ပီလီယွန်တောင်ရှိ အစွမ်းဆုံး မနုအဿ ခီရွန်ကို အာခိလိအား ပယ်လေ့ဝု'စ် က သွား၍ ဦးနှိမ်စေသည်။

ထရိုဂျန်စစ်ပွဲ

[ပြင်ဆင်ရန်]

တိုက်ပွဲသံကြားလျှင် အာခိလိ မနေနိုင်၊ ရဲသွေးစစ်သွေးကြွကာ တိုက်ချင် ခိုက်ချင်ဖြစ်တတ်၏။ သားဖြစ်သူအတွက် စိတ်မအေးသော သဲတစ်က အာခိလိကို စကွီးရို့စ်ပြည်သို့ ပို့ထားသည်။ စကွီးရို့ဘုရင် လွိ​ကိုမဲးဒဲ'စ်၏ သမီးများအကြားတွင် ပွီးရာ (“မီးလျှံဆံနီမ”) အမည်ဖြင့် မိန်းမအသွင် ရုပ်ဖျက်နေသည်။ ထိုကာလတွင် ဒဲယိဒါ့မီယာ မင်းသမီးနှင့် ယဉ်ပါးမိရာ သားတယောက် ရသည်။ သားဖြစ်သူကိုလည်း ပွီးရို့’စ်(“မီးလျှံဆံနီမောင်”) ဟု မှည့်၏။ နောင်၌ကား ပွီးရို့’စ်သည် နေဝိုပ္တို့လေမို့စ် ( “စစ်သစ်”) ဟု တွင်၏။

အိုဒွစ်စေ့ဝု (Odysseus) ကို အာခိလိမကူလျှင် ထရွိုင်ကို သိမ်းနိုင်မည်မဟုတ်ဟု ရှေ့ဖြစ်ဟောဆရာ ကယ်ချာက ဟောသည်။ သို့ဖြစ်ရာ အိုဒွစ်စေဝု က အာခိလိကို ရှာပြီး တိုက်ပွဲအကြောင်း ပြောသည်။ သို့ဖြင့် ထရိုဂျန်စစ်ပွဲသို့ အာခိလိ ပါလာသည်။ မန်နီစသီယပ်၊ ယူဒိုရပ်၊ ပိုင်ဆန်ဒါ၊ ဖီးနစ်၊ အယ်စီမဒွန်တို့ ငါးဦးအား တဦးလျှင် လူ ၅၀၀ စီ အုပ်ချုပ်စေကာ သင်္ဘော (၅၀) နှင့် ထရွိုင်သို့ လာသည်။ အာခိလိသည် မိမိအချစ်ဆုံး "ခင်ပွန်း"ဟူသော ပတြိုကလို့နှင့် လက်တွဲကာ တိုက်ပွဲဝင်သည်။

စစ်ပွဲကာလတွင် ဗြီစဲအိကို အာခိလိက ကိုယ်လုပ်အဖြစ် သိမ်းထားသည်။ ခါရီဆီးအား ပြန်ပေးရပြီးနောက် သူ့ရှင် အဂါမေံမနွန် သည် ဗြီစဲအိကို သိမ်းသွားသည်။ သိက္ခာမရှိသော လုပ်ရပ်ဟု အာခိလိက ယူဆကာ သူ့လူများကို စစ်အတွင်း မပါခိုင်းတော့။

စစ်မျက်နှာ၌ အရေးမလှသည့်နောက် ဗြီစဲအိနှင့် အာခိလိလက်အောက်ရှိ အေဂျက်၊ ဖီးနစ် သူရဲကောင်းနှစ်ယောက်နှင့် လဲမည်ဟု အိုဒစ်ဆီယပ်မှတဆင့် သူ့ရှင်က ကမ်းလှမ်းသည်။ ပို၍ စိတ်ပျက်သွားသော အာခိလိက သင်္ဘောပြင်က အိမ်ပြန်မည်ပြုသည်။

ဟက်တာခေါင်းဆောင်သော ထရိုဂျန်သားတို့က ကမ်းကိုလွန်ကာ သင်္ဘောပေါ်အထိ တိုက်လာသည်။ သို့ဖြစ်ရာ အာခိလိ၏ တိုက်ပွဲဖော် ပက်ထရိုကလပ်က အာခိလိ၏ ချပ်ဝတ်တန်ဆာကို ဝတ်ကာ အာခိလိအသွင်နှင့် ခုခံသည်။ သင်္ဘောမှ ထရိုဂျန်သားတို့ ဆုတ်သွားအောင် ပြုနိုင်ခဲ့သော်လည်း ပက်ထရိုကလပ်ကမူ ဟက်တာလက်ချက်နှင့် သေသည်။

ပတြိုကလို့ သေပြီးနောက် တိုက်ပွဲကို အာခိလိ စိတ်လည်လာသည်။ သားအား စိတ်မချသည့် သဲတစ်က နတ်ပန်းပဲဆရာ ဟပ်ဖေးစတပ်ထံ ချပ်ဝတ်သစ်နှင့် ဒိုင်းကို တောင်းကာ အာခိလိကို ပေးသည်။ ထိုမှစ၍ အာခိလိ ရေကုန်ရေခန်း တိုက်ပြန်သည်။

ပိုလစ်ဆီနာနှင့် သူ့အစ်ကို ထရွိုင်လပ်တို့ ရေခပ်လာစဉ် အာခိလိနှင့်တွေ့ရာ ခုခံသူ ထရွိုင်လပ် သေပြီး ပိုလစ်ဆီနာကို အရှင်ဖမ်းမိသည်။ ပတြိုကလို့အတွက် ဝမ်းနည်းမှုကို ပရီယမ်၏သမီး ပိုလစ်ဆီနာက လျော့ပါးစေခဲ့သည်။

အာခိလိ၏ ပစ်မှတ်မှာ ဟက်တာ ဖြစ်သည်။ ဟက်တာကလည်း အာခိလိကို အမြဲရှောင်သည်။ တကြိမ်သော် အထယ်နာ နတ်သမီး က ဟက်တာ့ညီ ဒယိုဖိဗို့၏ အသွင်ယူကာ မျှားခေါ်ပြီး မြို့ရိုးပေါ်တွင် အာခိလိနှင့် တွေ့စေသည်။ သူ့ဓားမှာ အာခိလိကို မတိုးနိုင်မှန်း သိသည့်နောက် အသက်ကို အသနားမခံသော်လည်း အလောင်းဈာပနကို လေးစားရန် တောင်းဆိုသည်။ သို့တစေ အာာခိလိ ဂရုမစိုက်ဘဲ ပတြိုကလို့အတွက် လက်စားချေချင်သော ဒေါဇောမောနှင့် ဟက်တာမင်းသားကို အနိုင်သတ်ကာ အသေကောင်ကိုပါ ရထားနောက်မြီးဖြင့် စခန်းထဲထိ တရွတ်တိုက်ဆွဲယူသွားလေ၏။

ဟာမိ၏ ညှိနှိုင်းပေးမှုကြောင့် ထရွိုင်ဘုရင် ပရီယမ်က အာခိလိ၏ တဲသို့ လာတွေ့ကာ သားအလောင်းကို တောင်း၍ သင်္ဂြိုဟ်လေသည်။ ထိုဈာပနကာလကို အာခိလိက အတိုက် နားလိုသည်။ အမေဇုန်ဘုရင်မ ပန်သယ်ဆီလီယာက စိတ်အားနည်းသည်ကို နင်း၍တိုက်လိုသည်။ နှစ်ဦးသား အချင်းများ တိုက်ခိုက်ကြသည်။ အလွန်လှသော ပန်သယ်ဆီလီယာသည် တိုက်ခိုက်စတွင် အာခိလိအား စိတ်ထွေပြားစေသော်လည်း အသက်အား ခြိမ်းခြောက်လာသည့် အခါတွင်မူ သတိဝင်ပြီး ခပ်ကြမ်းကြမ်းတိုက်ရာ ဘုရင်မ သေလေသည်။

ဘဝနိဂုံး

[ပြင်ဆင်ရန်]

ပိုလစ်ဆီနာကို ယုံကြည်သော အာခိလိက သူ့တခုတည်းသော အားနည်းချက်ကို ပြောပြသည်။ နှုတ်ဖွာသော ပိုလစ်ဆီနာကြောင့် ပဲရစ်နှင့် ဒိုင်ဖိုဘတ်တို့ သိသွားပြီး အပိုလိုဝတ်ပြုကျောင်းသို့ အလာတွင် မြားနှင့် ချောင်းပစ်ရာ အာခိလိသေသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Dorothea Sigel; Anne Ley; Bruno Bleckmann။ "Achilles"။ in Hubert Cancik; et al. (eds.)။ AchillesBrill's New Pauly။ Brill Reference Online။ doi:10.1163/1574-9347_bnp_e102220 Retrieved 5 May 2017.
  2. Harper, Douglas။ achilles Online Etymology Dictionary
  3. Ptolemy Hephaestion, New History, Book 6 (summary from Photius, Myriobiblon 190, trans. Pearse): "It is said ... that he [Akhilleus (Achilles)] was called Podarkes (Podarces, Swift-Footed) by the Poet [i.e. Homer], because, it is said, Thetis gave the newborn child the wings of Arke (Arce) and Podarkes means that his feet had the wings of Arke. And Arke was the daughter of Thaumas and her sister was Iris; both had wings, but, during the struggle of the gods against the Titanes (Titans), Arke flew out of the camp of the gods and joined the Titanes. After the victory Zeus removed her wings before throwing her into Tartaros and, when he came to the wedding of Peleus and Thetis, he brought these wings as a gift for Thetis."
  1. 𐀀𐀑𐀩𐀄 ကို မှီးခြင်း
ကိုးကား အမှား - <ref> tags exist for a group named "မှတ်စု", but no corresponding <references group="မှတ်စု"/> tag was found.