အနုပဒသုတ်

ဝီကီပီးဒီးယား မှ

အရှင်သာရိပုတ္တရာ၏ ပဏ္ဍိတ, မဟာပည, ပုထုပည, ဟာသပည, ဇဝနပည, တိက္ခပည, နိဗ္ဗေဓိကပညာရှိဖြစ်ပုံ၊ (၁၅) ရက်မျှဖြင့် အနုပဒဓမ္မဝိပဿနာကို ရှုမှတ်နိုင်ပုံတို့ကို ချီးကျူးဟောကြားတော်မူပြီး၊ အရှင်သာရိပုတ္တရာ၏ အနုပဒဓမ္မဝိပဿနာ (သမာပတ်ကိုးပါး) ကိုးမျိုးကို ဟောကြားတော်မူသည်။

အရှင်သာရိပုတ္တရာသည် အရိယသီလ, အရိယသမာဓိ, အရိယပညာ, အရိယ ဝိမုတ္တိတို့၌ ဝသိပ္ပတ္တ, ပါရမိပ္ပတ္တဖြစ်ပုံ၊ အရှင်သာရိပုတ္တရာထေရ်သည် “ဘုရားရှင်၏ ဩရသပုတ္တ, မုခဇာတ, ဓမ္မနိမ္မိတ, ဓမ္မဒါယာဒဖြစ်ပါပေသည်။ အာမိသဒါယာဒ မဖြစ်ပေ” ဟု ချီးကျူးခြင်းသည် မှန်ကန်စွာ ချီးကျူးပြောဆိုရာရောက်ပုံ၊ အရှင်သာရိပုတ္တရာထေရ်သည် ငါဘုရားသည် ဟောကြားတော်မူအပ်သော အမြတ်ဆုံး တရားစကြာကို ကောင်းစွာအတုလိုက်၍ ဟောကြားနိုင်ပေသည်-ဟု အရှင်သာရိပုတ္တရာထေရ်အား ချီးကျူး၍ ဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ၌ -ပညာရှိ၏ ဂုဏ်ပုဒ်များကို မလေ့လာလျှင် မသိကြပုံ၊ အရှင်သာရိပုတ္တရာ၏ ဂုဏ်ပုဒ်များကို ချီးကျူးတော်မူရန် ဘုရားရှင်သည် သဘာဂပရိသသန္နိပါတကို ဆိုင်းငံ့တော်မူပုံ၊ ဝိသဘာဂရိသတ်၏ အနေအထား၊ အရှင်သာရိပုတ္တရာ၏ ပညာခြောက်မျိုး၊ အရှင်သာရိပုတ္တရာ၏ အရဟတ္တဖိုလ်ရောက်ချိန်၊ ဉာဏ်ပေါင်း (၇၆) ပါး၊ ပညာ (၁၆) ပါး၊ အနုပဒဓမ္မဝိပဿနာမရိယာဒ (၂) ပါး၊ အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလ္လာန်တို့ အနုပဒဓမ္မဝိပဿနာနှိုင်းယှဉ်ချက်တို့ကို ဖွင့်ပြထားပါသည်။

ဋီကာ၌ -ဓာတုနာနတ္တ၊ ဝိပဿနာဘူမိ၊ ဝိပဿနာစာရ၊ ယုဂနဒ္ဓစသည်တို့ကို ဖွင့်ပြထားပါသည်။ [၁] [၂]

ဝတ္ထုနှင့် အာရုံကို ပူးတွဲ သိမ်းဆည်းပါ[ပြင်ဆင်ရန်]

နာမ်တရားတို့ကို သိမ်းဆည်းရာ၌ ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင်လျက် လိုက်နာပြုကျင့်ရမည့် ရှေးထုံးဟောင်း ဥပဒေသတစ်ရပ်ကား – ဝတ္ထုနှင့် အာရုံကို ပူးတွဲသိမ်းဆည်းလျက် နာမ်တရားတို့ကို သိမ်းဆည်းခြင်းပင် ဖြစ်သည်။ ယင်းစည်းကမ်းဥပဒေသကား အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး ရိုရိုသေသေ လိုက်နာပြုကျင့်သွားတော်မူသော ရှေးထုံးဟောင်း ဥပဒေသတစ်ရပ် ဖြစ်၏၊ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ ဝိပဿနာ ရှုကွက်တို့တွင် တစ်ခုသော ပထမစျာန်နာမ်တရား ရှုကွက်ကို ပုံစံအဖြစ် ထုတ်ပြအပ်ပါသည်။ ဘုရားရှင်သည် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ ပထမစျာန်နာမ်တရား ရှုကွက်ကို ဤသို့ ဟောကြားထားတော်မူ၏၊[၃]

ပထမစျာန်နာမ်တရား ရှုကွက်[ပြင်ဆင်ရန်]

ထိုသာရိပုတ္တရာသည် ထို ပထမစျာန်နာမ်တရားတို့ကို အစဉ်အတိုင်း တစ်လုံးစီ တစ်လုံးစီ ပိုင်းခြား၍ သိ၏၊ ထိုစျာန်နာမ်တရားတို့သည် ထိုသာရိပုတ္တရာ၏ အသိဉာဏ်၌ ထင်ထင်ရှားရှား သိအပ်သည် ဖြစ်၍ ဖြစ်နေကုန်၏၊ ထင်ထင်ရှားရှား သိအပ်သည်ဖြစ်၍ တည်နေကုန်၏၊ ထင်ထင်ရှားရှား သိအပ်သည်ဖြစ်၍ ချုပ်နေကုန်၏ = ထိုသာရိပုတ္တရာသည် ထိုစျာန်နာမ်တရားတို့၏ ဖြစ်မှု ဥပါဒ်ကို ထင်ထင်ရှားရှား သိ၏၊ တည်မှု ဌီကို ထင်ထင်ရှားရှား သိ၏၊ ပျက်မှု ဘင်ကို ထင်ထင်ရှားရှား သိ၏၊ ဤစျာန်နာမ်တရားတို့သည် ရှေးက ထင်ရှားမရှိဘဲ ယခုမှ ရုတ်ခြည်း အသစ် ဖြစ်ပေါ်လာကုန်၏၊ ဖြစ်ပြီးလျှင် ခဏတိုင်း ရုတ်ခြည်း ချုပ်ပျက်ကုန်၏ဟု ထိုသာရိပုတ္တရာသည် ဤသို့ သိ၏၊[၄][၃]

အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည် ပထမစျာန်မှသည် အာကိဉ္စညာယတနစျာန်သို့တိုင်အောင် ယင်း စျာန်နာမ်တရား အသီးအသီးကို အနုပဒဓမ္မဝိပဿနာနည်းအားဖြင့် အစဉ်အတိုင်း တစ်လုံးစီ တစ်လုံးစီ ဝိပဿနာ ရှုပွားသုံးသပ်တော်မူ၏၊ နေဝသညာနာသညာယတနစျာန်အတွင်း၌ တည်ရှိကုန်သော စျာန်နာမ်တရားတို့ကိုကား ကလာပသမ္မသနနည်းအားဖြင့် ပေါင်းစုခြုံငုံ၍ ဝိပဿနာ ရှုပွားသုံးသပ်တော်မူ၏၊[၅၉၀] ထိုသို့ ရှုပွားသုံးသပ်တော်မူရာ၌ ထိုစျာန်နာမ်တရား တစ်လုံးစီ တစ်လုံးစီ၏ ဖြစ်မှု တည်မှု ပျက်မှုကို ထင်ထင်ရှားရှား သိတော်မူ၏၊ ထိုသို့ သိတော် မူနိုင်ခြင်း၏ အကြောင်းရင်းကို ဥပရိပဏ္ဏာသ အဋ္ဌကထာ ဋီကာတို့[၅]က အောက်ပါအတိုင်း ရှင်းလင်းတင်ပြထားတော် မူကြ၏ ..။[၃]

စျာန်နာမ်တရားတို့ အသိဉာဏ်၌ ထင်ရှားရတဲ့အကြောင်း[ပြင်ဆင်ရန်]

အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး၏ ထိုကဲ့သို့ ဝိပဿနာရှုပွားသုံးသပ်တော်မူနိုင်ခြင်း၏ အကြောင်းရင်းမှာ ဝတ္ထုနှင့် အာရုံကို ပူးတွဲ သိမ်းဆည်းထားနိုင်သောကြောင့် ဖြစ်၏[၆] မှန်ပေသည် – အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ် ကြီးသည် စျာန်စိတ္တုပ္ပါဒ်တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော စျာန်နာမ်တရား တစ်လုံးစီ တစ်လုံးစီကို မသိမ်းဆည်းမီ ရှေ့အဖို့က ကြိုတင်၍ ယင်းစျာန်နာမ်တရားတို့၏ မှီရာဝတ္ထုကိုလည်းကောင်း (= စွဲမှီ၍ ဖြစ်ရာ ဘဝင်မနောဒွါရကို လည်းကောင်း) ယင်းစျာန်နာမ်တရားတို့၏ အာနာပါနပဋိဘာဂနိမိတ် သို့မဟုတ် ကသိုဏ်းပဋိဘာဂနိမိတ် စသော ဆိုင်ရာ သမထနိမိတ်အာရုံကိုလည်းကောင်း ပူးတွဲ၍ သိမ်းဆည်းထားတော်မူ၏၊ ယင်းသို့ ပူးတွဲ သိမ်းဆည်းထားနိုင် သောကြောင့် ထိုစျာန်စိတ္တုပ္ပါဒ်၏ အတွင်း၌ တည်ရှိသော ထိုစျာန်နာမ်တရားတို့၏ ဖြစ်မှု ဥပါဒ်ကို ဆင်ခြင်လိုက်သော အခါ ယင်းဖြစ်မှု ဥပါဒ်သည် အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး၏ အသိဉာဏ်၌ ထင်ရှားနေ၏၊ တည်မှု ဌီကို ဆင်ခြင်လိုက်သောအခါ ယင်းတည်မှု ဌီသည် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ အသိဉာဏ်၌ ထင်ရှားနေ၏၊ ပျက်ခြင်း ဘင်ကို ဆင်ခြင်လိုက်သောအခါ ယင်းပျက်ခြင်း ဘင်သည် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ အသိဉာဏ်၌ ထင်ရှားနေ၏၊ ထိုကြောင့် ထိုစျာန်နာမ်တရားတို့သည် ထိုသာရိပုတ္တရာ၏ အသိဉာဏ်၌ ထင်ထင်ရှားရှား သိအပ်သည်ဖြစ်၍ ဖြစ်နေကုန်၏၊ ထင်ထင်ရှားရှား သိအပ်သည်ဖြစ်၍ တည်နေကုန်၏၊ ထင်ထင်ရှားရှား သိအပ်သည် ဖြစ်၍ ချုပ်နေကုန်၏ဟု ဘုရားရှင်က ဟောကြားထားတော်မူခြင်း ဖြစ်ပေသည်။

ဤဥပဒေသကား နာမ်ကမ္မဋ္ဌာန်းကို အားသစ်လိုသော ယောဂါဝစရပုဂ္ဂိုလ်အတွက် မဏိဇောတ ပြည်တန်မြ ကဲ့သို့ တန်ဖိုးမဖြတ်နိုင်သော စည်းမျဉ်း ဥပဒေသတစ်ရပ်ပင် ဖြစ်သည်။ [၃]

နာမ်တရား (၁၆)လုံးသာ သိမ်းဆည်းကြောင်း[ပြင်ဆင်ရန်]

အနုပဒသုတ္တန်တွင် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည် ပထမစျာန်နာမ်တရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုရာ၌ ပါဠိတော်ဝယ် ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဖဿ ဝေဒနာ သညာ စေတနာ စိတ္တ ဆန္ဒ အဓိမောက္ခ ဝီရိယ သတိ ဥပေက္ခာ (= တတြမဇ္ဈတ္တတာ ) မနသိကာရဟု နာမ်တရား (၁၆)လုံးတို့ကိုသာ သရုပ်ထုတ်၍ တိုက်ရိုက်ဟောကြားထားတော်မူ၏၊ အဋ္ဌကထာ[၇]၌လည်း – သောဠသ ဓမ္မာ - ဟုပင် သာမညအားဖြင့် နာမ်တရား (၁၆)မျိုးကို သိမ်းဆည်းရှုပွားကြောင်းကို ဖွင့်ဆိုထားတော်မူ၏၊ သို့သော် အာစရိယဓမ္မပါလ အမည်ရတော်မူသော ဆရာတော် အရှင်ဓမ္မပါလမထေရ်မြတ်[၈]က ဝဒန္တိဝါဒ, အပရေဝါဒ နှစ်မျိုး ခွဲ၍ အောက်ပါအတိုင်း ဖွင့်ဆိုသွားတော် မူ၏၊[၃]

ဝဒန္တိဝါဒ[ပြင်ဆင်ရန်]

ဤအရာ၌ (၁၆)မျိုးသော စျာနဓမ္မတို့ကိုသာလျှင် တိုက်ရိုက်ယူ၍ ဟောကြားတော်မူခြင်း ဖွင့်ဆိုတော်မူခြင်းမှာ ထို (၁၆)မျိုးသော တရားတို့ကိုသာလျှင် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ပိုင်းခြား မှတ်သားအပ်သည်၏ အဖြစ်ကြောင့်တည်း။ ထိုအခါဝယ် ထို အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး၏ အသိဉာဏ်၌ ထို (၁၆)မျိုးသော တရားတို့သည်သာလျှင် ထင်ရှား တည်ရှိနေကုန်၏၊ အခြားသော စျာနဓမ္မတရားတို့သည် ထင်ရှား မတည်ရှိကြကုန်ဟု ဆရာမြတ်ကြီးတို့က မိန့်ဆိုတော်မူကြကုန်၏၊[၃]

အပရေဝါဒ[ပြင်ဆင်ရန်]

ဤပထမစျာန်နာမ်တရားတို့၌ ဝီရိယနှင့် သတိကား ဝီရိယိန္ဒြေ သတိန္ဒြေ အမည်ရှိသည့် ဣန္ဒြေထိုက်သော တရားတို့ ဖြစ်ကြ၏၊ ဣန္ဒြေထိုက်သော ဝီရိယနှင့် သတိကို တိုက်ရိုက် သရုပ်ထုတ်ဆောင်၍ ယူဆောင် လျက် ဟောကြားတော်မူခြင်းဖြင့် ဣန္ဒြေဖြစ်ပုံခြင်း တူညီမှုရှိသောကြောင့် သဒ္ဓါနှင့် ပညာတို့ကိုလည်း ယူပြီးသာလျှင် ဖြစ်၏၊ ဟောပြီးသာလျှင် ဖြစ်၏၊ (လက္ခဏာဟာရနေတ္တိနည်းတည်း)။ သတိသည် သောဘဏစိတ်တို့၌သာ အမြဲယှဉ် သဖြင့် ဧကန် အပြစ်ကင်းစင်သော တရားဓမ္မတစ်ခု ဖြစ်၏၊ အပြစ်ကင်းသော သတိကို တိုက်ရိုက် သရုပ်ထုတ်ဆောင်၍ ယူဆောင်လျက် ဟောကြားတော်မူခြင်းဖြင့်ပင်လျှင် ဧကန် အပြစ်ကင်းစင်သည့် သဘောအားဖြင့် တူညီသောကြောင့် ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ ကာယလဟုတာ စိတ္တလဟုတာ ကာယမုဒုတာ စိတ္တမုဒုတာ ကာယကမ္မညတာ စိတ္တကမ္မညတာ ကာယပါဂုညတာ စိတ္တပါဂုညတာ ကာယုဇုကတာ စိတ္တုဇုကတာ ဟူသော အစုံအစုံအားဖြင့် ဟောကြားထားအပ်ကုန်သော ယုဂဠစေတသိက် (၆)စုံတို့ကိုလည်းကောင်း, အလောဘ အဒေါသတို့ကိုလည်းကောင်း ယူပြီးသာလျှင် ဖြစ်၏၊ ဟောပြီးသာလျှင်ဖြစ်၏၊ ထိုတရားတို့၏လည်း စျာန်စိတ္တုပ္ပါဒ်၌ အကျုံးဝင်သော တရားတို့ ဖြစ်ခြင်းကြောင့်တည်း။ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည်လည်း စျာနဓမ္မတို့ကို သာမညအားဖြင့် တစ်လုံးစီ တစ်လုံးစီ ပိုင်းခြား မှတ်သားလျက် ဝိပဿနာကို အားထုတ်တော်မူသည်သာ ဖြစ်၏၊ ထိုကြောင့် ထို (၁၆)မျိုးသော တရားတို့မှ ကြွင်းကျန် ကုန်သော စျာနဓမ္မတရားတို့သည်လည်း အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး၏ အသိဉာဏ်၌ မထင်လာကြပါကုန်ဟု ပြောဆိုခြင်းငှာ မတတ်ကောင်းသည်သာတည်းဟု အပရေဆရာမြတ်တို့က မိန့်ဆိုတော်မူကြသည်။[၃]

နောက်ဆုံးဝါဒသာလျှင် အနှစ်သာရ[ပြင်ဆင်ရန်]

အကြင် အကြင် အဋ္ဌကထာဝါဒကိုလည်းကောင်း, ထေရဝါဒကိုလည်းကောင်း နောက်ဆုံးထား၍ ဖွင့်ဆိုထား၏၊ ထိုနောက်ဆုံးထား၍ ဖွင့်ဆိုထားသော ဝါဒကိုသာလျှင် အနှစ်သာရအားဖြင့် ပမာဏအားဖြင့် မှတ်သားပါ[၉] ဟူသော စာပေယူဆပုံ စည်းကမ်းသတ်မှတ်ချက်အရ ဋီကာဆရာတော်သည် အပရေဝါဒကို နောက်ထား၍ ဖွင့်ဆိုထားသဖြင့် ထိုအပရေဝါဒကိုသာလျှင် အနှစ်သာရအားဖြင့် မှတ်သားရမည် ဖြစ်သည်။ အပရိဇာနနသုတ္တန်များနှင့် အညီပင်တည်း။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -မ၊၃၊၇၅-၉။ မ၊မြန်၊၃၊၇၉-၈၃။ မ၊ဋ္ဌ၊၄၊၅၆-၆၂။ မ၊ဋီ၊၃၊၂၇၀-၂၈၁။ -မဇ္ဈိမနိကာယ၊ ဥပရိပဏ္ဏာသ၊ ၂-အနုပဒဝဂ္ဂ၊ ပဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ ၃.၅ ၃.၆ ၃.၇ ဖားအောက်တောရဆရာတော်နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း
  4. တျာဿ ဓမ္မာ အနုပဒဝဝတ္ထိတာ ဟောန္တိ၊ တျာဿ ဓမ္မာ ဝိဒိတာ ဥပ္ပဇ္ဇန္တိ၊ ဝိဒိတာ ဥပဋ္ဌဟန္တိ၊ ဝိဒိတာ အဗ္ဘတ္ထံ ဂစ္ဆန္တိ။ သော ဧဝံ ပဇာနာတိ ဧဝံ ကိရမေ ဓမ္မာ အဟုတွာ သမ္ဘောန္တိ၊ ဟုတွာ ပဋိဝေန္တီတိ။ (မ၊၃၊၇၅။)
  5. ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယ။ ထေရေန ဟိ ဝတ္ထု စေဝ အာရမ္မဏဉ္စ ပရိဂ္ဂဟိတံ၊ တေနဿ တေသံ ဓမ္မာနံ ဥပ္ပါဒံ အာဝဇ္ဇန္တဿ ဥပ္ပါဒေါ ပါကဋော ဟောတိ၊ ဌာနံ အာဝဇ္ဇန္တဿ ဌာနံ ပါကဋံ ဟောတိ၊ ဘေဒံ အာဝဇ္ဇန္တဿ ဘေဒေါ ပါကဋော ဟောတိ။ တေန ဝုတ္တံ ဝိဒိတာ ဥပ္ပဇ္ဇန္တိ ဝိဒိတာ ဥပဋ္ဌဟန္တိ ဝိဒိတာ အဗ္ဘတ္ထံ ဂစ္ဆန္တီတိ။ (မ၊ဋ္ဌ၊၄၊၆၀။) ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယာတိ ယသ္မိံ စ အာရမ္မဏေ ယေ စျာနဓမ္မာ ပဝတ္တန္တိ၊ တေသံ ဝတ္ထာရမ္မဏာနံ ပဂေဝ ဉာဏေန ပရိ စ္ဆိဇ္ဇ ဂဟိတတ္တာ။ ပ။ တေသံ ဓမ္မာနန္တိ စျာနစိတ္တုပ္ပါဒပရိယာပန္နာနံ ဓမ္မာနံ။ (မ၊ဋီ၊၃၊၂၇၈။)
  6. ဤအရာ၌ ဝတ္ထုနှင့် အာရုံကို ပူးတွဲ သိမ်းဆည်းရမည်ဟူသော စကားရပ်ဝယ် ဝတ္ထုအရ စက္ခုဒွါရ သောတဒွါရ ဃာနဒွါရ ဇိဝှါဒွါရ ကာယဒွါရ မနောဒွါရ ဟူသော ဒွါရ (၆)ပါးကို ဆိုလိုသည်ဟု မှတ်ပါ။
  7. (မ၊ဋ္ဌ၊၄၊၆၀။)
  8. သောဠသန္နံ ဧဝ စေတ္ထ ဓမ္မာနံ ဂဟဏံ တေသံယေဝ ထေရေန ဝဝတ္ထာပိတဘာဝတော၊ တေ ဧဝဿ တဒါ ဥပဋ္ဌဟိံသု, န သောဠသန္နံ ဧဝ စေတ္ထ ဓမ္မာနံ ဂဟဏံ တေသံယေဝ ထေရေန ဝဝတ္ထာပိတဘာဝတော၊ တေ ဧဝဿ တဒါ ဥပဋ္ဌဟိံသု, န ဣတရေတိ ဝဒန္တိ။ ဝီရိယ-သတိဂ္ဂဟဏေန စေတ္ထ ဣန္ဒြိယဘာဝသာမညတော သဒ္ဓါ-ပညာ, သတိဂ္ဂဟဏေနေဝ ဧကန္တာနဝဇ္ဇဘာဝ သာမညတော ပဿဒ္ဓိအာဒယော ဆ ယုဂဠာ, အလောဘာဒေါသာ စ သင်္ဂဟိတာ စျာနစိတ္တုပ္ပါဒပရိယာပန္နတ္တာ တေသံ ဓမ္မာနံ၊ ထေရေန စ ဓမ္မာ ဝဝတ္ထာနသာမညတော အာရဒ္ဓါ၊ (တသ္မာ) တေ န ဥပဋ္ဌဟိံသူတိ န သက္ကာ ဝတ္တုန္တိ အပရေ။ (မ၊ဋီ၊၃၊၂၇၇။)
  9. ယော ယော အဋ္ဌကထာဝါဒေါ ဝါ ထေရဝါဒေါ ဝါ ပစ္ဆာ ဝုစ္စတိ၊ သော ပမာဏတော ဒဋ္ဌဗ္ဗော။ (ဝိ၊ဋ္ဌ၊၁၊၂၆၀။)