မာတိကာသို့ ခုန်သွားရန်

မြန်မာ–ပါကစ္စတန် ဆက်ဆံရေး

ဝီကီပီးဒီးယား မှ
မြန်မာ–ပါကစ္စတန် ဆက်ဆံရေး
Pakistan နှင့် Myanmar တို့၏ တည်နေရာများပြ မြေပုံ

ပါကစ္စတန်

မြန်မာ

မြန်မာ–ပါကစ္စတန် ဆက်ဆံရေး သည် မြန်မာနိုင်ငံ နှင့် ပါကစ္စတန်နိုင်ငံ တို့အကြား ထားရှိသည့် သံတမန်ဆက်ဆံရေးဖြစ်သည်။၁၉၄၇ ခုနှစ် ဩဂုတ် ၁ရက် တွင် သံတမန်စတင်ထူထောင်သည်။အစ္စလာမာဘတ်မြို့ တွင် မြန်မာသံရုံး ရှိပြီး ရန်ကုန်မြို့ တွင် ပါကစ္စတန်သံရုံး ရှိသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ သည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ရက် နေ့တွင် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခု ဖြစ်လာသည်။ပါကစ္စတန်နိုင်ငံသည်လည်း ၁၉၄၇ ခုနှစ် ဩဂုတ် ၁၄ ရက်နေ့တွင် အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်) နှင့်အတူတွဲဆက်၍ နိုင်ငံတစ်ခုအဖြစ် ပေါ်ထွန်းလာခဲ့သည်။မြန်မာနိုင်ငံ သည် အရှေ့ပါကစ္စတန် နှင့် နယ်နိမိတ်ခြင်းထိစပ်သည်။နှစ်နိုင်ငံစလုံးသည် လွတ်လပ်ရေးကြိုးပမ်းစ ကာလ ၁၉၄၇ ခုနှစ် ဩဂုတ် ၁ရက်ကတည်းက သံအဆက်အသွယ်ပြုလုပ်ထားကြသည်။[၁]ထိုရက်ကိုသာ တရားဝင်သံဆက်သွယ်သည်ဟု မှတ်တမ်းပြုသည်။မြန်မာနိုင်ငံ အနေဖြင့် သံတမန်အဆက်အသွယ် ထူထောင်ထားရှိသောနိုင်ငံများစာရင်းတွင် ပါကစ္စတန်နိုင်ငံ သည် ဗြိတိန်နိုင်ငံ ပြီးလျှင် ဒုတိယမြောက်နိုင်ငံ ဖြစ်သည်။အလားတူ ပါကစ္စတန်နိုင်ငံ သည်လည်း သံတမန်အဆက်အသွယ် ထူထောင်ထားရှိသောနိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံ သည် ပထမဦးဆုံးသောနိုင်ငံ ဖြစ်ခဲ့သည်။သံစတင်ထူထောင်သည့် ၁၉၄၇ ခုနှစ် တွင်  ဦးဖေခင် သည် ပါကစ္စတန်နိုင်ငံ၏ ပထမဦးဆုံး ဘုရင်ခံချုပ် မိုဟာမက် အလီဂျင်နာ ထံ သံအမတ်ခန့်အပ်လွှာပေးသည်။[၂] ဦးဖေခင် သည် ပါကစ္စတန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ၁၉၄၇ ခုနှစ် မှ ၁၉၅၂ ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့သော မြန်မာမွတ်ဆလင် တစ်ဦးဖြစ်သည်။

သံတမန်ဆက်ဆံရေးအစောပိုင်းကာလ[ပြင်ဆင်ရန်]

ဗြိတိသျှကိုလိုနီလက်အောက် မြန်မာကျရောက်စဉ် အရှေ့ပါကစ္စတန် ဖြစ်လာမည့် စစ်တကောင်းဒေသ မှ ဘင်္ဂလီတို့သည်  ရခိုင်ဒေသ (ယခု ရခိုင်ပြည်နယ်မြန်မာနိုင်ငံ)သို့ တံခါးမရှိ၊ဓါးမရှိ ဝင်ထွက်ခွင့်ရကြသည်။ ယင်းအပြင် ဒုတိယကမ္ဘာစစ်ကာလတွင် မူဂျာဟစ်လက်နက်ကိုင်များ  လက်နက်ခဲယမ်းရရှိခဲ့ရာမှတဆင့် ၁၉၄၂ ခုနှစ်တွင် ထိုဒေသအတွင်းတွင် နှစ်ဖက် ပဋိပက္ခများ ရှိလာကြသည်။မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုကာလအတွင်း ၁၉၄၆ခုနှစ် မေလ တွင် ရခိုင်ဒေသရှိ မွတ်ဆလင်ခေါင်းဆောင်အချို့က  မြန်မာနိုင်ငံ မေယုဒေသရှိ  ဘူးသီးတောင်၊  မောင်တောဒေသတို့အား အရှေ့ပါကစ္စတန် (ယခုဘင်္ဂလားဒေ့ရှ်)နှင့် ပေါင်းစည်းရေးကြိုးပမ်းခဲ့ကြသည်။[၃] ပါကစ္စတန်နိုင်ငံ တည်ထောင်သူ မိုဟာမက် အလီဂျင်နာ နှင့်လည်း တွေ့ဆုံပြီး ရခိုင်ဒေသရှိ နယ်မြေအချို့အား သိမ်းပိုက်ရန်တောင်းဆိုကြသည်။သို့သော်လည်း မြန်မာပြည်တွင်းရေးအား ဝင်မစွက်သည့် မိုဟာမက် အလီဂျင်နာ က တောင်းဆိုချက်များအား ငြင်းဆိုခဲ့သည်။မူဂျာဟစ်လက်နက်ကိုင်များက လွတ်လပ်ရေးရပြီးနောက်ဖွဲ့စည်းလိုက်သည့် မြန်မာအစိုးရ ထံသို့ ထိုတောင်းဆိုချက်ကိုပင် ဆက်လက်တောင်းဆိုရာ မြန်မာလွှတ်တော် က လက်မခံပယ်ချပြီးနောက် မူဂျာဟစ်လက်နက်ကိုင်များ၏ အင်အားကြီးမားသည့် သူပုန်ထမှုများ ပေါ်ပေါက်လာသည်။ဒေသခံ ရခိုင်ရွာများအား တိုက်ခိုက်သည်။၁၉၄၈ ခုနှစ် နိုဝင်ဘာလ တွင် မြန်မာအစိုးရက ရခိုင်ဒေသအား  စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး ဗမာ့သေနတ်ကိုင်တပ်ရင်း (၅) တပ်ရင်း နှင့် ချင်းတပ်ရင်း (၂) တို့ဖြင့် မူဂျာဟစ်ဒင်သူပုန်များအား ချေမှုန်းခဲ့သည်။ထိုသို့ ချေမှုန်းရာတွင် ၁၉၅၂ ခုနှစ် မေယုစစ်ဆင်ရေး၊ ၁၉၅၃ ခုနှစ်  မေယုတောင် စစ်ဆင်ရေး၊ ၁၉၅၄ ခုနှစ် မုတ်သုန်စစ်ဆင်ရေး တို့မှာ အထူးထင်ရှားသည်။[၄]ပါကစ္စတန်အစိုးရသည် ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်များအပေါ် မြန်မာက ဆက်ဆံပုံနှင့်ပတ်သက်၍ သတိပေးချက်ရှိလာရာ ၁၉၅၀ ခုနှစ် တွင် ဝန်ကြီးချုပ်ဦးနုက မွတ်စလင်သံတမန်တဦးဖြစ်သည့် သံအမတ်ကြီး ဦးဖေခင် အား နားလည်မှုစာချွန်လွှာပါးပြီး ပါကစ္စတန် ဘုရင်ခံချုပ်ထံ စေလွတ်ရှင်းပြခဲ့သည်။ရန်ကုန်အခြေစိုက် ပါကစ္စတန်သံအမတ် နှင့် ဦးနု တို့ မောင်တော သို့ သွားသည်။[၅] ၁၉၅၄ ခုနှစ်တွင် မူဂျာဟစ်ဒင် ခေါင်းဆောင် Kassem ကို ပါကစ္စတန်အာဏာပိုင်များက ဖမ်းဆီးလိုက်ရာမှတဆင့် မူဂျာဟစ်ဒင်သူပုန်ထမှု အင်အားနည်းပါးသွားသည်။တပ်မတော်၏ စစ်ဆင်ရေးများကြောင့် မူဂျာဟစ်ဒင်လက်နက်ကိုင်များ မြန်မာအစိုးရ ထံလက်နက်ချခဲ့ကြကာ ၁၉၆၁ ခုနှစ် တွင် လက်နက်ကိုင်အုံကြွမှု အဆုံးသတ်သည်။ ထိုကာလများတွင် မြန်မာ-ပါကစ္စတန်ဆက်ဆံရေးမှာ အဖုအထစ်များ ရှိခဲ့ကြသည်။ထို့နောက်ပိုင်းတွင်မူ နှစ်နိုင်ငံဆက်ဆံရေးအား ကောင်းမွန်စွာဖြင့် ပြန်လည်တည်ဆောက်ကြရာ တိုးတက်လာကြသည်။

စီးပွားရေးဆက်ဆံရေး[ပြင်ဆင်ရန်]

၁၉၅၀ပြည့်နှစ် နှင့် ၁၉၆၀ပြည့်နှစ်  ခုနှစ်များအတွင်း မြန်မာနှင့် ပါကစ္စတန်ကြား ကုန်သွယ်မှုသည် အခြားအရှေ့တောင်အာရှနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အကြီးဆုံးဖြစ်ခဲ့သည်။ သို့သော်လည်း ထိုနောက်ပိုင်းကာလများတွင် ကုန်သွယ်မှုက ကျဆင်းသွားသည်။သို့သော်လည်း ၁၉၉၅ ခုနှစ်တွင် ရင်းနှီးမြှပ်နှံမှုနှင့် ကုန်သွယ်မှုပြန်တက်လာသည်။ ၁၉၉၉ ခုနှစ် တွင်  အမေရိကန်ဒေါ်လာ ၁၀ သန်း၊ ၂၀၀၀ ပြည့်နှစ်တွင် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၄ သန်းအထိ တိုးတက်လာသည်။ မြန်မာနိုင်ငံမှ ပါကစ္စတန်သို့ တင်ပို့သည့် ပို့ကုန်များမှာ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက် ထုတ်ကုန်များ၊ သစ်သား၊ ပင်လယ်စာ၊ ဂုန်လျှော်နှင့် အခြားသော ချည်မျှင်မျှင်များ၊ ဆေးဖက်ဝင်အပင်များဖြစ်သည်။ မြန်မာနိုင်ငံသို့ ပါကစ္စတန်၏ တင်ပို့မှုတွင် စစ်ဘက်ဆိုင်ရာနည်းပညာများ၊ ဆေးဝါးများ၊ ဘိလပ်မြေ၊ ဆေးဖက်ဝင်အပင်များ၊ သားရေ၊ ချည်ထည်များ၊ လျှပ်စစ်ဆေးဘက်ဆိုင်ရာ ကိရိယာများ ပါဝင်သည်။

၂၀၁၀ နောက်ပိုင်းကာလ ဆက်ဆံရေး[ပြင်ဆင်ရန်]

၂၀၁၀ ပြည့် နှစ် နောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေးသည် ထူးခြားကောင်းမွန်လာသည်။မြန်မာ့ဒီမိုကရေစီအရေးကိုလည်း အားပေးသည်။ထိုစဉ်က အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အား  ပါကစ္စတန်က ၎င်းတို့၏ ပြည်သူများ အတွက် အတုယူ အားကျစရာပုဂ္ဂိုလ်အဖြစ် သတ်မှတ်ပြီး Benazir Bhutto Shaheed ဆု ၂၀၁၀ပြည့်နှစ် တွင် ပေးအပ်ခဲ့သည်။မြန်မာနိုင်ငံ တွင် စစ်တပ်ကအာဏာစွန့်ပြီးနောက် ရွေးကောက်ခံအစိုးရတက်လာချိန် ၂၀၁၂ခုနှစ် ဇန်နဝါရီ လတွင်  ပါကစ္စတန် သမ္မတ အဆစ်ဖ် အလီဇာဒါရီ (Asif Ali Zardari) သည် မြန်မာနိုင်ငံ သို့ ချစ်ကြည်ရေးခရီး လာရောက်သည်။ ခရီးစဉ်အတွင်း မြန်မာသမ္မတ ဦးသိန်းစိန် နှင့် နှစ်နိုင်ငံ ကုန်သွယ်ရေး အပါအဝင်  စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေး သဘောတူညီမှုများရခဲ့သည်။ထိုခရီးစဉ်အတွင်းမှာပင် ပါကစ္စတန်ပြည်သူ့ပါတီက ၂၀၁၀ ခုနှစ်ထဲက ပေးအပ်ထားသည့်ဆုကို ပါကစ္စတန်သမ္မတ ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည် ကို ကိုယ်တိုင်တွေ့ဆုံပေးအပ်ခဲ့သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ တက်လာသည့် ၂၀၁၆ခုနှစ် တွင် မြန်မာ - ပါကစ္စတန်နှစ်နိုင်ငံ ဆက်ဆံရေးပိုမိုခိုင်မာစေရန် တည်ဆောက်သွားလိုကြောင်း ပါကစ္စတန်သံအမတ်ကြီး အား ဖိတ်ခေါ်ခဲ့ရာ လက်ခံသည်။[၆] ၂၀၁၇ ခုနှစ် အရောက်တွင်မူ ရခိုင်ပြည်နယ်အကျပ်အတည်းကြောင့် လူသိန်းချီ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားရာ မြန်မာနိုင်ငံက  ရိုဟင်ဂျာမူဆလင်များ အပေါ် အကြမ်းဖက် လုပ်ရပ်များ လုပ်နေသည်ဟု ပါကစ္စတန်ဘက်က စွပ်စွဲခဲ့သည်။ပါကစ္စတန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမြင့်ကို ပါကစ္စတန်နိုင်ငံ နိုင်ငံခြားရေးရုံးသို့ ဆင့်ခေါ်ပြီး အပြင်းအထန် ကန့်ကွက်ခြင်းလည်း ဆောင်ရွက်ခဲ့သည်။[၇] အစ္စလာမာဘတ် နှင့် နေပြည်တော် အကြား ထိုကာလဆက်ဆံရေးသည် အေးခဲသွားသည်။၂၀၁၉ ခုနှစ် နောက်ပိုင်းတွင် မြန်မာစစ်တပ် က ရခိုင်အရေးနှင့် ပတ်သတ်ပြီး ပါကစ္စတန်သံအမတ်ကြီးနှင့်တွေ့ဆုံ၍ ရှင်းပြမှုများပြုလုပ်ကာ ဆက်ဆံရေးပြန်လည်တည်ဆောက်သည်။ [၈]

စစ်ရေးဆက်ဆံရေး[ပြင်ဆင်ရန်]

မြန်မာနိုင်ငံသည် ပါကစ္စတန်နှင့် စစ်ရေးအဆင့် ဆက်ဆံရေးကို ဖော်ဆောင်ထားသည်။ မြန်မာစစ်တပ်ကို ပါကစ္စတန်က စစ်ဘက်ဆိုင်ရာများ လေ့ကျင့်သင်ကြားပေးသည်။တရုတ် နှင့်ပါကစ္စတန်ထုတ် JF -17 Thunder တိုက်လေယာဉ် ၁၆စီးကို မြန်မာက ဝယ်ယူထားသည်။ မြန်မာနိုင်ငံသည် အဆင့်မြင့် တိုက်လေယာဉ်များကို ပထမဆုံးနိုင်ငံခြားမှ ဝယ်ယူသူ ဖြစ်လာခဲ့သည်။ပါကစ္စတန်သည် မြန်မာရေတပ် ကို ရေငုပ်သင်္ဘောအကြောင်း လေ့ကျင့်သင်ကြားပေးခဲ့သည်။မြန်မာရေတပ် အရာရှိ ၂၀ ဝန်းကျင် သည် ၂၀၁၃ခု နှစ်လယ် တွင် ပါကစ္စတန် မြို့တော်ကရာချီ သို့ သွားရောက်ခဲ့သည်။၂၀၁၄ ခုနှစ် သြဂုတ်လ တွင် ပါကစ္စတန် စစ်ဘက်အကြီးအကဲ နှင့်  လေတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်တို့ မြန်မာနိုင်ငံ တွင် တွေ့ဆုံကြသည်။၂၀၁၅ခုနှစ် မေလ ၇ရက်နေ့ တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါကစ္စတန်နိုင်ငံပူးတွဲစစ်ဦးစီးချုပ်များကော်မတီဥက္ကဋ္ဌ ၏ ဖိတ်ကြားချက်အရ ပါကစ္စတန်နိုင်ငံ သို့ သွားရောက်သည်။[၉] စစ်ဘက်ဆိုင်ရာထိပ်တန်းခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့သည်။၂၀၁၅ ခုနှစ် မေလ ၂၁ ရက်နေ့တွင် မြန်မာ့လေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်သည် အစ္စလာမဘတ် လေတပ်ဌာနချုပ်သို့ သွားရောက်၍ PAF လေတပ်ဦးစီးချုပ် Air Chief Marshal Sohail Aman နှင့် အပြန်အလှန် အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။မြန်မာစစ်တပ်သည် ပါကစ္စတန် နှင့် စစ်ရေးဆိုင်ရာပူးပေါင်းမှုများအား အရှိန်မြင့်ရန်၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် မြန်မာ-ပါကစ္စတန်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးအား တတိယအကြိမ်အထိ ကျင်းပခဲ့သည်။[၁၀]၂၀၁၉ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်း တွင် နေပြည်တော် သို့ ပါကစ္စတန်တပ်မတော် ပူးတွဲဌာနချုပ် ညွှန်ကြားရေးမှူးချုပ် စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် နေပြည်တော်သို့ လာရောက်သည်။

၂၀၂၁ နောက်ပိုင်းကာလ ဆက်ဆံရေး[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံစစ်အာဏာသိမ်း ပြီးနောက် မြန်မာ နှင့် ပါကစ္စတန် စစ်ရေးဆက်ဆံရေးမှာ အထူးမြင့်တက်လာသည်။၂၀၂၁ ခုနှစ် စက်တင်ဘာလဆန်းပိုင်းတွင် ပါကစ္စတန်နိုင်ငံမှ စစ်ဘက်ဆိုင်ရာထိပ်တန်းအဆင့်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်သည်။[၁၁]၂၀၂၂ ခုနှစ် ဇွန်လ တွင် ပါကစ္စတန်လေတပ်မှ နည်းပညာပိုင်းကျွမ်းကျင်သူ ၁၅ ဦးပါဝင်သည့်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်သည်။[၁၂] အပြန်အလှန်ကိုယ်စားလှယ်များ စေလွှတ်ကြသည်။ တရုတ်နိုင်ငံ ၏ လမ်းညွှန်မှုအောက် ပါကစ္စတန်-မြန်မာ စစ်ဘက်ဆက်ဆံရေး ပိုနက်ရှိုင်းလာသည်ဟု သတင်းမီဒီယာများက ဖော်ပြကြသည်။[၁၃]၂၀၂၃ ခုနှစ် တွင် ပါကစ္စတန်နိုင်ငံ ၌ ကျင်းပမည့် အကြီးမားဆုံးသော နိုင်ငံတကာအထည် အလိပ်ပြပွဲသို့ မြန်မာအား ဖိတ်ခေါ်ခြင်းဖြင့် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများလည်း ရှိလာသည်။[၁၄] နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ထံ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ အင်မရန် ဟိုက်ဒါ (H.E. Mr. Imran Haider)[၁၅] သည် ၂၀၂၄ ခုနှစ် မေလ ၈ရက်နေ့ တွင်  ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။[၁၆]

ကိုးကား[ပြင်ဆင်ရန်]

  1. List of Countries having Diplomatic Relations with the Republic of the Union of MyanmarMinistry of Foreign Affairs။ 30 June 2024 တွင် ပြန်စစ်ပြီး။
  2. Pakistan for boosting bilateral economic ties with Myanmar: President | Associated Press of Pakistan။ 2019-01-25 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2018-02-17 တွင် ပြန်စစ်ပြီး။
  3. အကြမ်းဖက်အဖွဲ့အစည်းနှင့် မူးယစ်မှောင်ခိုတို့ခိုလှုံရာMOI Myanmar (၁၃ နိုဝင်ဘာ ၂၀၂၂)။ ၃၀ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. “RSO က စစ်တပ်ကို တိုက်ခိုက်မယ်” လို့ ပြောတာဟာ “နိုင်ငံတော်ကို စော်ကားတိုက်ခိုက်တာဖြစ်ပြီး နိုင်ငံသူ၊ နိုင်ငံသားအားလုံးကို တိုက်ခိုက်မယ်” လို့ ပြောတာနဲ့ အတူတူဖြစ်NP News (၁၆ ဇွန် ၂၀၂၁)။ ၃၀ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. RSO နှင့် မူဂျာဟစ်ဒင် နောက်ခံသမိုင်းThe Irrawaddy (၁၄ အောက်တိုဘာ ၂၀၁၆)။ ၃၀ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးH. E. Mr. Ehsan Ullah Batth ဦးဆောင်သည့် National Management College မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံMyanmar National Portal (၁ နိုဝင်ဘာ ၂၀၁၆)။ ၃၀ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  7. မြန်မာသံအမတ် ပါကစ္စတန်နိုင်ငံခြားရေးရုံး ဆင့်ခေါ်VOA Burmese (၁၀ စက်တင်ဘာ၊ ၂၀၁၇)။ ၃၀ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  8. တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီးအား လက်ခံတွေ့ဆုံကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၇ ဩဂုတ် ၂၀၁၉)။ ၃၀ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  9. တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏နိုင်ငံတကာခရီးစဉ်များကိုလေ့လာချက်တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့။ ၃၀ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  10. တတိယအကြိမ် မြန်မာ-ပါကစ္စတန်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပCINCDS Myanmar (၁၁ စက်တင်ဘာ ၂၀၁၉)။ ၃၀ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  11. Pakistan's high-level military delegation secretly visits MyanmarZee News (9 Sep 2021)။ 30 June 2024 တွင် ပြန်စစ်ပြီး။
  12. Pakistan provides key support to boost Myanmar Air ForceThe Economic Times (4 June 2022)။ 30 June 2024 တွင် ပြန်စစ်ပြီး။
  13. တရုတ်ရဲ့ လမ်းညွှန်မှုအောက် ပါကစ္စတန်-မြန်မာ စစ်ဘက်ဆက်ဆံရေး ပိုနက်ရှိုင်းလာBBC Burmese (၂၂ နိုဝင်ဘာ ၂၀၂၂)။ ၃၀ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  14. “ 4TH EDITION OF TEXPO ” သို့ မြန်မာနိုင်ငံမှ လုပ်ငန်းများပါဝင်ပြသရန်ဖိတ်ကြားMinistry of Commerce,Myanmar (၂ မေ ၂၀၂၃)။ ၃၀ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  15. မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီးအဖြစ် မစ္စတာ အင်မရန် ဟိုက်ဒါ အား ခန့်အပ်ရန်သဘောတူညီMyanmar Digital News (၁၅ ဖေဖော်ဝါရီ ၂၀၂၄)။ ၃၀ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  16. နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်MOI Myanmar (၈ မေ ၂၀၂၄)။ ၃၀ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။