မြန်မာ–ရုရှား ဆက်ဆံရေး
မြန်မာ |
ရုရှား |
---|
မြန်မာ - ရုရှား ဆက်ဆံရေးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ဖြစ်သည်။ မြန်မာနိုင်ငံသည် မော်စကိုမြို့တွင် သံရုံးဖွင့်လှစ်ထားကာ ရုရှားနိုင်ငံသည် ရန်ကုန်မြို့တွင် သံရုံး ဖွင့်လှစ်ထားသည်။ ရုရှားနှင့် မြန်မာတို့သည် ၁၉၄၈ခုနှစ် ဖေဖော်ဝါရီလ (၁၈)ရက်နေ့ကပင်[၁] သံတမန်ဆက်သွယ်ခဲ့ပြီး ၂၀၂၃ခုနှစ်တွင် (၇၅)နှစ် ပြည့်မြောက်မည်ဖြစ်သည်။
မြန်မာအကြီးအကဲများဖြစ်ကြသည့် ဦးနု၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့သည် ဆိုဗီယက်/ရုရှားသို့ သွားရောက်ခဲ့ကြသည်။ ထို့အတူ ဆိုဗီယက်ပြည်ထောင်စုမှခေါင်းဆောင်ကြီးများနှင့် ရုရှားနိုင်ငံမှ အစိုးရထိပ်တန်းတာဝန်ရှိသူများသည်လည်း မြန်မာပြည်သို့ လာခဲ့ကြသည်။ နှစ်နိုင်ငံပြည်သူများအကြား ယဉ်ကျေးမှုချင်း စိတ်ဝင်စားမှုရှိကြသကဲ့သို့ ရုရှားနိုင်ငံရှိတက္ကသိုလ်များတွင် မြန်မာဘာသာစကား၊ မြန်မာနိုင်ငံရှိတက္ကသိုလ်များတွင် ရုရှားဘာသာစကား သင်ကြားနေမှုများလည်းရှိသည်။[၂]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ဘုရင်များလက်ထက်
[ပြင်ဆင်ရန်]မင်းတုန်းမင်းလက်ထက် ၁၈၇၃ခုနှစ်တွင် ရုရှားခရီးသွားတစ်ယောက်မှတဆင့် ဇာဘုရင်ထံ သံတမန်ဆက်ဖို့ စာချွန်လာ ပေးပို့ခဲ့သည်။ ၁၈၇၄ခုနှစ်တွင် ပါရှားသို့ မြန်မာသံအဖွဲ့ရောက်လာပြီး ရုရှားနှင့်ဆက်သွယ်ရန် ကြိုးပမ်းခဲ့သည်။ ၁၈၇၅ခုနှစ်တွင် ကင်းဝန်မင်းကြီးက စာချွန်ထပ်ပို့ခဲ့ပြန်သည်။ ၁၈၇၆ခုနှစ်တွင် အရှေ့တိုင်းပညာရှင် ပီတာပါရှီနို မြန်မာပြည်သို့ လာရောက်ခဲ့သည်။
ကိုလိုနီခေတ်တွင်လည်း မြန်မာလူကယ်များအကြား ဆိုဗီယက်ကွန်မြူနစ်အကြောင်းများ ထင်ရှားခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့ကို တော်လှန်ရာတွင် ကွန်မြူနစ်လှုပ်ရှားမှု ကြီးမားလာသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆိုရှယ်လစ်ခေါင်းျဆာင်များသည် ဆိုဗီယက်ပုံစံ ပြည်ထောင်စုစနစ်ကို တည်ဆောက်ရန် ကြိုးပမ်းခဲ့ကြသည်။[၃]
လွတ်လပ်ပြီးခေတ်
[ပြင်ဆင်ရန်]ရုရှားနိုင်ငံသည် မြန်မာနိုင်ငံလွတ်လပ်ရေးရသည့် ၁၉၄၈ခုနှစ်ကပင်စ၍ သံတမန်ဆက်သွယ်ရေး ထူထောင်ခဲ့ပြီး ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသွားသည့်တိုင် သံတမန်ဆက်သွယ်ရေး ဆက်လက်၍ တည်ရှိနေသည်။ ၁၉၄၈ခုနှစ်တွင် သံတမန်စတင်သည်ဟုဆိုသော်လည်း ၁၉၅၀ပြည့်နီစ်တွင်မှ သံရုံးဖွင့်ခဲ့ပြီး ပထမဆုံးမြန်မာသံအမတ်မှာ ဦးအုန်းဖြစ်သည်။[၃] မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို အသိအမှတ်ပြုခဲ့သော အစောပိုင်းနိုင်ငံများတွင် ဆိုဗီယက်တို့လည်း ပါဝင်ခဲ့သည်။[၄]၁၉၅၅ခုနှစ် အောက်တိုဘာလတွင် မြန်မာအစိုးရအဖွဲ့အကြီးအကဲ ဝန်ကြီးချုပ် ဦးနုသည် ဆိုဗီယက်ပြည်ထောင်စုသို့ ပထမဆုံးသွားရောက်ခဲ့သည်။ ဆိုဗီယက်ပြည်ထောင်စုမှ ခေါင်းဆောင်ကြီးများဖြစ်ကြသည့် နီကီတာ ခရုရှော့ နှင့် နီကိုလိုင်း ဘူဂါနင်တို့သည် ၁၉၅၅ခုနှစ် ဒီဇင်ဘာလတွင် မြန်မာပြည်သို့ လာခဲ့ကြသည်။ နီကီတာ ခရုရှော့သည် ၁၉၆၀ပြည့်နှစ်တွင် နောက်တစ်ကြိမ် လာရောက်ခဲ့ပြန်သည်။ ၁၉၅၅ခုနှစ်မှ ၁၉၆၀ပြည့်နှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီမှု ရရှိစေခဲ့သည်။ ထိုအချိန်က မြန်မာပြည်သည် ပြည်တွင်းစစ်မီးတောက်လောင်နေချိန်ဖြစ်ကာ ဘဏ္ဍာရေးနည်းပါးနေပြီး အခြေခံအဆောက်အဦးများတည်ဆောက်ရန် ခက်ခဲနေခဲ့သည်။။ မြန်မာနိုင်ငံမှ ဆိုဗီယက်သို့ ဆန်များတင်ပို့ခဲ့ပြီး ဆိုဗီယက်တို့မှ ရန်ကုန်စက်မှုတက္ကသိုလ်၊ ရန်ကုန်အင်းယားလိတ်ဟိုတယ်၊ တောင်ကြီးစဝ်စံထွန်းဆေးရုံ၊ ကျောက်ပန်းတောင်းအနီး ကြက်မောက်တောင်ဆည်ကဲ့သို့သော အခြေခံအဆောက်အဦးများ တည်ဆောက်ပေးခဲ့သည်။[၅][၁][၃] ထို့အပြင် ဆိုဗီယက်တို့က ရန်ကုန်မြို့တွင် ပရိသတ် (၈၀,၀၀၀)ဆံ့ အားကစားကွင်းကြီးနှင့် အားကစားရုံများပါဝင်သည့် အားကစားပြိုင်ဝင်းကြီးတစ်ခုကို တည်ဆောက်ပေးရန် ကမ်းလှမ်းခဲ့သည်။ သို့သော် ကွန်မြူနစ်ဝါဒကို ဆန့်ကျင်သည့် တိုက်နယ်ဖဆပလအမတ်များက ကွန်မြူနစ်တို့၏လက်ဆောင်ကို မယူလိုဟုဆိုကာ ကန့်ကွက်ခဲ့သည်။ ထို့ကြောင့် မတည်ဆောက်ဖြစ်ခဲ့ပေ။[၆]
၁၉၆၅ခုနှစ်တွင် တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းသည် ဆိုဗီယက်သို့ သွားရောက်လည်ပတ်ခဲ့သည်။[၂] ၁၉၈၈နောက်ပိုင်းစစ်အစိုးရများလက်ထက်၌ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံကို ပြစ်ဒဏ်ချမှတ်ရန် မဲခွဲသည့်အခါတိုင်းလိုလိုတွင် ရုရှားနှင့် တရုတ်နိုင်ငံတို့က ဗီတိုအာဏာဖြင့် ပယ်ချလေ့ရှိသည်။ ၂၀၁၈ခုနှစ်တွင် မြန်မာနိုင်ငံမှ ရုရှားနိုင်ငံသို့ ပညာတော်သင်စေလွှတ်ပြီး မဟာဘွဲ့နှင့် ပါရဂူဘွဲ့ရသူ (၆,၀၀၀)ကျော်ရှိသည်။ မြန်မာနိုင်ငံမှ စစ်ဖက်၊ အရပ်ဖက် ပုဂ္ဂိုလ်များကိုလည်း ရုရှားနိုင်ငံသို့ ပညာတော်သင် စေလွှတ်လေ့ရှိသည်။ ၂၀၁၁ခုနှစ်နောက်ပိုင်းတွင် မြန်မာသမ္မတများသည် ရုရှားနိုင်ငံသို့ အလုပ်ခရီးစဉ်များ သွားရောက်ခဲ့ကြသည်။
၂၀၂၁ခုနှစ်နောက်ပိုင်းဆက်ဆံရေး
[ပြင်ဆင်ရန်]၂၀၂၁ခုနှစ်တွင် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၎င်း၏ဒုတိယမြောက်နိုင်ငံခြားခရီးစဉ်အဖြစ် ရုရှားနိုင်ငံသို့ သွားရောက်ခဲ့သည်။ စစ်အာဏာသိမ်းမှုကြောင့် မြန်မာအစိုးရအကြီးအကဲကို ဒေသတွင်းအဆင့်မြင့်ဆုံးဖြစ်သည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ ၂၀၂၁ခုနှစ်မှစ၍ ဖိတ်ကြားခဲ့ခြင်းမရှိပေ။[၇] ဤကာလများအတွင်းတွင် မြန်မာနိုင်ငံအနေဖြင့် ရုရှားနှင့်ဆက်ဆံရေး သိသာစွာမြှင့်တင်လာပြီး မြန်မာနိုင်ငံ၏ အစိုးရအဖွဲ့နှင့်တပ်မတော်အကြီးအကဲများဖြစ်ကြသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့သည် ရုရှားနိုင်ငံသို့ မကြာခဏသွားရောက်ခဲ့ကြသည်။ ထို့အပြင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တပ်မတော်မှ အဆင့်မြင့်အရာရှိများသည်လည်း ရုရှားသို့သွားရောက်ခဲ့ကြသည်။ ၂၀၂၂ခုနှစ်တွင် ရုရှားနိုင်ငံသည် ယူကရိန်းသို့ကျူးကျော်မှုကြောင့် အနောက်နိုင်ငံများ၏ ပြစ်တင်မှုခံနေရပြီး မြန်မာနိုင်ငံသည်လည်း စစ်အာဏာသိမ်းမှုကြောင့် အလားတူပင်ဖြစ်သည်။ ထိုကာလတွင် နှစ်နိုင်ငံဆက်ဆံရေး မြင့်တက်လာခြင်းဖြစ်သည်။[၈] ရုရှား၏ ယူကရိန်းနိုင်ငံအပေါ်လုပ်ရပ်များကို မြန်မာအစိုးရဘက်မှ ထောက်ခံကြောင်း ပြောကြားခဲ့သည်။[၉]
၂၀၂၂ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် စက်သုံးဆီအကြပ်အတည်းများ ဖြစ်ပေါ်ခဲ့ပြီး ရုရှားနိုင်ငံမှ တင်သွင်းရန် ကြိုးပမ်းခဲ့သည်။[၁၀][၁၁] ထို့အပြင် ရုရှားနိုင်ငံ၏အကူအညီဖြင့် အသေးစားနယူးကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရန် စီစဉ်နေသည်။[၁၂] ၂၀၂၂ခုနှစ် စက်တင်ဘာလတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံခဲ့သည်။[၁၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ မြန်မာ-ရုရှားဆက်ဆံရေးသည် သွေးစည်းချစ်ကြည်ထာဝရတည်။
- ↑ ၂.၀ ၂.၁ နှစ် ၇၀ ပြည့် ရုရှား - မြန်မာ သံတမန်ဆက်ဆံရေး။
- ↑ ၃.၀ ၃.၁ ၃.၂ ကမ္ဘာတဖက်က ရုရှားမိတ်ဆွေများနဲ့ မြန်မာ့နိုင်ငံရေး။
- ↑ Dmitry Medvedev meets with President of Myanmar Thein Sein။
- ↑ ရုရှား-မြန်မာ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးစတင်ခြင်း။ 16 October 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 October 2022 တွင် ပြန်စစ်ပြီး။
- ↑ ခင်မောင်ထွေး(ပျဉ်းမနား)။ မြန်မာနိုင်ငံနှင့် အားကစား ပြိုင်ဝင်းကြီးများ (၁)။
- ↑ အာဆီယံထိပ်သီးအစည်းအဝေးများသို့ နိုင်ငံ့အကြီးအကဲအဆင့် တက်ရောက်ခွင့် မရရှိသောကြောင့် မတက်ရောက်နိုင်ခဲ့ခြင်းမှာ အာဆီယံကို သပိတ်မှောက်နေခြင်းမဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်။
- ↑ စစ်ခေါင်းဆောင်တွေရဲ့ ရုရှားခရီးစဉ်တွေစိပ်- ရုရှားကို စစ်ကောင်စီ ဒုခေါင်းဆောင် သွားပြန်။
- ↑ ရုရှား ကျူးကျော်စစ်ပွဲကို မြန်မာစစ်ကောင်စီထောက်ခံ။
- ↑ ရုရှားက စက်သုံးဆီ ဝယ်ဖို့ စစ်ကောင်စီကြိုးပမ်း။
- ↑ ရုရှားက စက်သုံးဆီ ဝယ်ဖို့ပြင်နေတဲ့ စစ်ကောင်စီ။
- ↑ ရုရှားရဲ့နျူကလီးယားနည်းပညာ မြန်မာဘာကြောင့်အားကိုးလဲ။
- ↑ SAC Chairman Prime Minister Senior General Min Aung Hlaing holds talks with President of Russian Federation Mr Vladimir Vladimirovich Putin။