မာတိကာသို့ ခုန်သွားရန်

မြန်မာ-တရုတ်ပြည်သူ့သမ္မတနိုင်ငံဆက်ဆံရေး

ဝီကီပီးဒီးယား မှ
မြန်မာ–တရုတ်သမ္မတနိုင်ငံ ဆက်ဆံရေး နှင့် မရောထွေးပါနှင့်။
တရုတ်-မြန်မာ ဆက်ဆံရေး
People's Republic of China နှင့် Burma တို့၏ တည်နေရာများပြ မြေပုံ

တရုတ်

မြန်မာ

တရုတ်-မြန်မာဆက်ဆံရေးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် လက်ရှိအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဟုခေါ်သော နိုင်ငံတို့အကြား နိုင်ငံတကာဆက်ဆံရေးဖြစ်သည်။ တရုတ်နှင့်မြန်မာသည် နှစ်ဦးနှစ်ဘက် အပြန်အလည်ရှိသော ဆက်ဆံရေးမျိုးဖြစ်သည်။ သို့သော် တရုတ်မှနိုင်ငံရေးအတိုက်အခံလက်နက်ကိုင်တို့ကြောင့်လည်းကောင်း၊ မြန်မာဘက်မှ တိုင်းရင်းသားလက်နက်ကိုင်တို့ကြောင့်လည်းကောင်း ပြဿနာတက်ရသည်လည်း ရှိသည်။

နိုင်ငံရေးအရဆက်ဆံမှုတွင် အရှေ့တောင်အာရှ၌ မြန်မာမှာ ဗီယက်နမ်နောက်တွင် တရုတ်နှင့် ပလဲပနံအသင့်ဆုံးဖြစ်ပြီး စီးပွားရေးအရလည်း လာအိုနောက်တွင် ဒုတိယနေရာယူသည်။ သို့သော် ကြွေးမြီထောက်ချောက်ဆင်သည်ဟု စွပ်စွဲချက်ကြောင့်လည်းကောင်း၊ မြန်မာနယ်မြောက်ပိုင်းရှိ တရုတ်ကိုကျောထောက်နောက်ခံပြုထားသော တိုင်းရင်းသားလက်နက်ကိုင်တို့ကြောင့်လည်းကောင်း မီးစာတဖက်ရေမှုတ်တဖက်ဟု ယူဆရမည်ဖြစ်သည်။

နောက်ကြောင်းရာဇဝင်

[ပြင်ဆင်ရန်]

တရုတ်ရော မြန်မာပါ လူမျိုးနည်းတူ ဘာသာစကားတို့သည်လည်း တရုတ်-တိဘက်ဘာသာစကားမိသားစုမှ သက်ဆင်းလာခြင်းဖြစ်သည်။ ယွမ်မင်းဆက်၌ မွန်ဂိုတို့ မြန်မာသို့ ၂ ကြိမ် ကျူးကျော်ခဲ့သည်။ ကင်မင်းဆက်၌ တရုတ်နှင့်မြန်မာ စစ်ဖြစ်သည်။ တရုတ်ပြည်မှ အွိုင်ဂါတို့ (ဘမာတို့က ပန်းသေး ခေါ်သည်) မြန်မာပြည်သို့ အများအပြား လာရောက်ရွှေ့ပြောင်းနေထိုင်သည်။ မြန်မာပြည်ကို ဗြတိသျှတို့ အုပ်စိုးစဉ်ပင် တရုတ်ပြည်မှ ကင်မင်းဆက်က မြန်မာကို ပဏ္ဏာဆက်နိုင်ငံအဖြစ် ဆက်၍ သတ်မှတ်နေသေးသည်။

ဒုတိယကမ္ဘာစစ်တွင် အိန္ဒိယမှ တရုတ်ပြည်သို့ဆက်သော ဘားမားရုတ် (Burma Road) ခေါ် ဗမာလမ်းမကြီးကို ဖေါက်ခဲ့သည်။

ခေတ်သစ်ဆက်ဆံရေး

[ပြင်ဆင်ရန်]

မြန်မာသည် တရုတ်တို့က ၁၉၄၉ ခု၌ ကွန်မြူနစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို စထောင်သည်နောက် ကွန်မြူနစ်မဟုတ်သည့် နိုင်ငံအနေဖြင့် ပထမဆုံး အသိအမှတ်ပြုခဲ့သည်။ ၁၉၅၀ ခု၊ ဇွန်လ ၈ ရက်တွင် သံတမန်ဆက်သွယ်မှူးကို ဥပဒေစည်းမျဉ်းစည်းကမ်းနှင့်အညီ ထူထောင်သည်။ ၁၉၅၄ ခု၊ ဇွန်လ ၂၉ ရက်တွင် မိတ်ဆွေဖြစ်မှုနှင့် အပြန်အလှန် ကျူးကျော်တိုက်ခိုက်မှုမပြုရေး နိုင်ငံချင်းသဘောတူစာချုပ်နှင့် ပူးတွဲကြေညာချက်တစောင် ထုတ်သည်။ ယင်းတွင် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးမူ ၅ ရပ်အပေါ်တွင် အခြေခံသည်။ "ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး" ဟူသော စကားလုံး၏အစပင်ဖြစ်သည်။

မည်သို့ဆိုစေ မြန်မာနိုင်ငံသည် ကုလသမဂ္ဂသို့ စဝင်ကတည်းကပင် ဖော်ဆောင်ထားသော ကြားနေဝါဒကို ၁၉၅၀-၆၀ ကာလတွင် ထိန်းထားသည်။ ၁၉၆၇ ခုတွင် တရုတ်-ဗမာအရေးအခင်းဖြစ်သည့်နောက် နှစ်နိုင်ငံဆက်ဆံရေး တန်းသွားသည်။ ၁၉၇၀ နောက်ပိုင်းမှ နယ်နိမိတ်သတ်မှတ်ရာတွင် ယူနန်ဘက်သို့ မြေများပေးခြင်းဖြင့် ဆက်ဆံရေးပြန်ကောင်းလာသည်။

တရုတ်၌ တိန့်ရှောင်ဖန်ခေါင်းဆောင်သည်နောက် မော်စီတုန်းကဲ့သို့ ကွန်မြူနစ်ဝါဒပြန့်ပွားရေးကို အာရုံမစိုက်တော့ဘဲ စီးပွားရေးကို ဇောင်းပေးကာ ဗကပတို့အား ထောက်ပံ့မှုလျှော့ခဲ့သည်။

၁၉၈၈ ခု၊ ဩဂုတ်လ ၅ ရက်တွင် တရားဝင်နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးနှင့် စစ်ရေးဆိုင်ရာထောက်ပံ့ရေးတို့အတွက် အရေးပါသော ကုန်သွယ်ရေးစာချုပ်ချုပ်ခဲ့သည်။

ကုန်သွယ်ဆက်ဆံရေး

[ပြင်ဆင်ရန်]

၂၀၀၇ ခုတွင် တရုတ်-မြန်မာ နှစ်ဖက်ကုန်သွယ်မှုသည် ဒေါ်လာ ၁.၄ ဘီလီယံ ကျော်သည်။ တရုတ်မှ ရေနံ၊ သံမဏိနှင့် အထည်များ သွင်း၍၊ မြန်မာမှ သဘာဝရော်ဘာနှင့် သစ်လုံးများ ပို့သည်။

တရုတ်သည် စက်မှုအခြေခံအဆောက်အုံများ ဖွံ့ဖြိုးစေကာ မြန်မာမှ ရေနံနှင့်သဘာဝဓာတ်ငွေ့သိုက်များ၏ ထုတ်လုပ်မှုကို အဓိကအကျိုးခံစားရရှိသူဖြစ်ရန် ရည်ရွယ်ထားသည်။ စစ်အစိုးရလက်ထက်တွင် စစ်တွေပင်လယ်ဆိပ်ကမ်းကို ပြုပြင်ချဲ့ထွင်ရာ၌ အဓိကလုပ်ငန်းဖက်များအနက် တနိုင်ငံဖြစ်ခဲ့ပြီး ရခိုင်ဒေသတွင် သဘာဝဓာတ်ငွေ့သိုက်တူးဖော်မှုတို့အတွက် အခွင့်အရေးရခဲ့သည်။

တရုတ်နိုင်ငံသည် စစ်အစိုးရအား ချေးငွေနှင့် အတိုးဆိုင်းခွင့်များ ပေးခဲ့သည့်အပြင် ဆည်မြောင်း၊ လမ်းတံတား၊ ဆိပ်ကမ်းဆောက်ခြင်းများအတွက်နှင့် စက်မှုစီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံမှုများ ပေးခဲ့သည်။ ထပ်တိုးဆောက်ရွက်ချက်မှာ ဧရာဝတီမြစ်ဘေးလမ်းများမှသည် ယူနန်မှ ဘင်္ဂလားပင်လယ်အော်သို့ဆက်သော ဗျူဟာမြောက်လမ်းမကြီးကို ဖော်ဆောင်ရန်ဖြစ်သည်။ တရုတ်ပြည်မှ အဖွဲ့အစည်းများသည် ရခိုင်ကမ်းရိုးတန်းမှ ယူနန်နယ်အထိ ၂၃၈၀ ကီလိုမီတာ (၁၄၇၉ မိုင်) အရှည်ရှိသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ဆောက်လုပ်မှုတွင်လည်း ပါဝင်ခဲ့သည်။ တရုတ်အမျိုးသားကမ်းလွန်ရေနံကော်ပိုရေးရှင်း (China National Offshore Oil Corporation) နှင့် တရုတ်အမျိုးသားစက်သုံးဆီကော်ပိုရေးရှင်း (China National Petroleum Corporation) တို့သည် မြန်မာ့ရေနံမြေများနှင့် ရေနံချက်စက်ရုံများ အဆင့်မြှင့်ကာ ထုတ်လုပ်မှုကို မျှဝေခံစားရန်အရေးကြီးစာချုပ်များ ချုပ်ခဲ့သည်။ ပက်ထရိုချိုင်းနား (PetroChina) သည် ရခိုင်ပြည်နယ် ကမ်းခြေ အေ-၁ ရွှေရေနံမြေမှ ယူနန်သို့ ဦးတည်ထားသည့် အဓိက သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဆောက်လုပ်မှုကို ဆောင်ရွက် နေဆဲ ဖြစ်သည်။ ယင်းသည် ခန့်မှန်းခြေအားဖြင့် ကုဗပေ ၂.၈၈ မှ ၃.၆ ထရီလီယံ ရှိသည့် သဘာဝဓာတ်ငွေ့များကို ရမည်ဖြစ်သည်။ အဆိုပြုချက်အနေဖြင့် ဆောင်ရွက်နေဆဲဖြစ်သော မြန်မာအနောက်ဘက်ကမ်းခြေမှ တရုတ်-မြန်မာရေနံပိုက်လိုင်းသည် အရှေ့အလယ်ပိုင်းမှ ရေနံများကို မလက္ကာရေလက်ကြားအား ဖြတ်ရန်မလိုတော့ဘဲ တရုတ်ပြည်သို့ တင်သွင်းနိုင်မည်ဖြစ်သည်။

တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း (China Power Investment Corporation) သည် ဧရာဝတီမြစ်ပေါ်ရှိ မြစ်ဆုံရေအားလျှပ်စစ်စက်ရုံ၌ ဒေါ်လာ ၃.၆ ဘီလီယံ ထည့်ဝင်ထားသည်။ ၎င်းမှရသော လျှပ်စစ်ဓာတ်အားကို ယူနန်နယ်သို့ ပို့မည်ဖြစ်သည်။ ၂၀၁၁ ခု၊ အောက်တိုဘာအစောပိုင်းတွင် သဘာဝပတ်ဝန်းကျင်သမားတို့ လှုံ့ဆော်ပေးမှုကြောင့် မြန်မာနိုင်ငံသားတို့ သတိထားမိလာကာ ဆန္ဒပြမှုများရှိလာသည်။ လုပ်ကွက်ပြလိုသော သမ္မတသစ် ဦးသိန်းစိန်က ၎င်းစီမံကိန်းကို ဒေသခံများ၏ အကျိုးစီးပွား၊ သဘာဝပတ်ဝန်းကျင်အတွက် အကျိုးသက်ရောက်နိုင်မှုတို့ကို သုံးသပ်၍ ဆိုင်းငံ့ထားမည်ဟု ကြေညာသည်။ တရုတ်အစိုးရက ၎င်းစီမံကိန်းကြောင့် အခွန်အနေဖြင့် ဒေါ်လာ ၅၄ ဘီလီယံခန့် ရမည်ဖြစ်ကြောင်း၊ ရှယ်ယာအနေဖြင့်လည်း ရဦးမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားတချို့ကိုလည်း အခမဲ့ရမည်ဖြစ်ကြောင်း ကောင်းကွက်များကို ထောက်ပြသည်။ ပြဿနာကြီးလာချိန်၌ တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်းသည် မဖြစ်မနေပြောင်းရန်လိုသော ရွာ ၅ ရွာမှ ဒေသခံ ၂၁၄၆ ဦးကို နှစ်ထပ်ဆောင်များဆောက်ကာ ကျပ် ၁ သိန်းစီထောက်ပံ့၍ ရွှေ့ခဲ့သည်။

ဗျူဟာမြောက်ဆက်ဆံရေး

[ပြင်ဆင်ရန်]

တရုတ်နိုင်ငံသည် အရေးကြီးဆုံးသော စစ်ဖက်အကူအညီများ ထောက်ပံ့သူဖြစ်၍၊ ကျယ်ပြန့်သည့် နည်းဗျူဟာနှင့် စစ်ရေးပူးပေါင်းမှုများကိုလည်း ထိန်းသိမ်းထားသည်။၁၉၈၉ ခုနှစ် ကတည်းက တရုတ်နိုင်ငံ သည် မြန်မာနိုင်ငံအား ဂျက်တိုက်လေယာဉ်များ၊သံချပ်ကာကားများနှင့်ရေတပ်သင်္ဘောများပံ့ပိုးပေးခဲ့၍ကုန်းတပ်၊လေတပ်နှင့်ရေတပ်သားများကိုသင်တန်းများပေးခဲ့သည်။ မြန်မာနိုင်ငံ၏ ဆိပ်ကမ်းများ၊ ရေတပ်တည်ဆောက်မှုများကို ရရှိထားနိုင်မှုသည်၊ တရုတ်နိုင်ငံအား ပိုမိုကျယ်ပြန့်သည့် အင်ဒီးယန်းပင်လယ်ဒေသနှင့် အရှေ့တောင်အာရှရှိ ဘင်္ဂလားပင်လယ်အော်ကို နည်းဗျူဟာကျသည့် လွှမ်းမိုးမှုများပြုနိုင်စေသည်။ တရုတ်နိုင်ငံသည် ဘင်္ဂလားပင်လယ်အော်တွင် ကျောက်ဖြူမြို့၌ ရေနက်ပိုင်းဆိပ်ကမ်းတစ်ခုကို တည်ဆောက်ခဲ့သည်။ ၎င်းသည် ကြီးမားသည့် ကိုကိုးကျွန်းပေါ်တွင် ရေတပ်လွယ်ကူမှုများ၊ အဓိကထောက်လှမ်းခြင်းများနှင့် လျှပ်စစ်ပိုင်းဆိုင်ရာ တန်ဖိုးရှိသည့် သတင်းစနစ် များဖြင့် ၈၅ မီတာ ရှိသည့် ဆိပ်ခံတံတားတစ်ခုကိုလည်း တည်ဆောက်ခဲ့သည်။

ယင်းသည် အိန္ဒိယ၏ အန်ဒမန်နှင့် နီကိုဘာ ကျွန်းများမှ ၁၈ ကီလိုမီတာ အကွာအဝေးတွင် တည်ရှိ၍၊ တရုတ်နိုင်ငံအား အိန္ဒိယ၏ ဒုံးကျည်စမ်းသပ်မှုများအပါအဝင် စစ်ရေးဆောင်ရွက်မှုများကို စောင့်ကြပ်ကြည့်ရှုနိုင်သည့် အခွင့်အလမ်း များကို ဖြစ်ပေါ်စေသည်။ စစ်တွေတွင် ရေတပ်အခြေစိုက်စခန်း တည်ဆောက်ရန် တရုတ်နိုင်ငံက အကူအညီပေးသည်။ ၎င်းသည် အရှေ့ဘက်အိန္ဒိယနိုင်ငံ၏ အကြီးဆုံးမြို့တော်နှင့် ဆိပ်ကမ်းဖြစ်သော ကာလကတ္တားနှင့် နည်းဗျူဟာကျစွာ အရေးကြီးသည့် ပင်လယ်ဆိပ်ကမ်းပင် ဖြစ်သည်။ ဘေဂျင်းသည်လည်း တောင်ဘက် တရုတ်ပြည်မှ အင်ဒီယန်းပင်လယ်သို့ အတိုဆုံးလမ်းကြောင်းဖြစ်သည့် ရန်ကုန်နှင့် စစ်တွေ ဆက်သွယ် သည့်လမ်းကို ဖေါက်လုပ်ရန် ရန်ပုံငွေများ ပေးခဲ့သည်။

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် တစ်ချိန်တစ်ခါက ကုလသမဂ္ဂလုံခြုံရေးကောင်စီ တွင် မြန်မာနိုင်ငံအား အပြစ်ပေးမည့် ဆုံးဖြတ်ချက်အစီအစဉ်ချခဲ့ခြင်းကို ဗီတိုအာဏာဖြင့် ပါယ်ချခဲ့သည်။ နောက်ပိုင်းနှစ်များတွင် တရုတ်နိုင်ငံသည် မြန်မာအစိုးရကို ကျောထောက်နောက်ခံပြုရန် ဆန္ဒလျော့နည်းလာပြီး၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ များအား တည်ငြိမ်စေရန် ကြိုးပမ်းမှုများကိုမူ ပြုလုပ်ခဲ့သည်။ များမကြာမှီနှစ်များက မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် နည်းဗျူဟာကျသည့် ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံမှုများ ဖွံ့ဖြိုးတိုးတက်စေရန် ပြောင်းလဲဆောင်ရွက်ခဲ့ခြင်းအားဖြင့် ဘင်္ဂလား ပင်လယ်အော်နှင့် ရှည်လျားသည့် နယ်နိမိတ်ကို မျှဝေပါသည်။ ယင်းသည် အိန္ဒိယနိုင်ငံနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှု ရရှိစေ၍၊ ဂျပန်နိုင်ငံနှင့် နှစ်ဦးနှစ်ဖက်ပါဝင်သော ဆက်ဆံရေးကို အရှေ့တောင်အာရှ နိုင်ငံများ(အာဆီယံ) နှင့်ဖွံ့ဖြိုးတိုးတက်စေပြီး၊ မြန်မာနိုင်ငံ၏နိုင်ငံခြားရေးမှုဝါဒကို တရုတ်နိုင်ငံအပေါ်တွင်သာ လွန်ကဲစွာ မှီခိုနေရခြင်းအား အနေအထား ပြောင်းလဲမှုတစ်ရပ်ကို ပြသသည်။

နယ်နိမိတ်မှ စိတ်အနှောင့်အယှက်ဖြစ်မှု

[ပြင်ဆင်ရန်]

၂၀၀၉ ခုနှစ်၊ ဩဂုတ်လက ကိုးကန့်အခင်း ဖြစ်ပွားမှုနောက်ပိုင်း နိုင်ငံတကာ သတင်းမီဒီယာများ စိတ်ဝင်စား မှုကို ရရှိစေပြီး၊ အချို့သော ကျွမ်းကျင်သူများ မေးခွန်းထုတ်ခဲ့မှုများသည် ခိုင်မာသည်ဟု ယူဆခဲ့ကြသော ဗမာ-တရုတ် ဆက်ဆံရေးများကို ထိခိုက်ခဲ့သည်။ ဘာတေး(လ်)လစ်တနာက မြန်မာနိုင်ငံ သည် တရုတ်နိုင်ငံနှင့်ချည်နှောင်မှုများအပေါ် ပြည်တွင်းတိုက်ခိုက်မှုများအား ဦးစားပေး အဆင့်သတ်မှတ်ခဲ့သည်ဟုဖော်ပြခဲ့သည်။ မည်သို့ပင်ဖြစ်စေ၊ ရှီရင်ဟောင်ကဲ့သို့သော အချို့သောတရုတ်သရုပ်ခွဲဆန်းစစ်သူများမှ မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့၏ဆက်ဆံရေးကိုအလေးမထားပြောဆိုခဲ့ သည်မှာ “သူတို့သည် ခမ်းနားကြီးကျယ်သည့် မိတ်ဆွေများ မဟုတ်ကြပါ။ သူတို့သည် တရုတ်နိုင်ငံမှ ပြောဆိုသည်များကို နား မထောင်ကြပါ” ဟူ၍ဖြစ်သည်။

တရုတ်နိုင်ငံသည်မြန်မာနိုင်ငံအားနယ်နိမိတ်ဧရိယာတည်ငြိမ်မှုကို သေချာစေရန်နှင့် မြန်မာနိုင်ငံရှိ၎င်း၏တိုင်းသူပြည်သားများ၏အကျိုးကိုအကာအကွယ်ပေးရန်တောင်းဆိုခဲ့သည်။ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနသည် နောက်ပိုင်းတွင် တရုတ်နိုင်ငံအား ယင်းအခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ တောင်းပန်ခဲ့သည်။ သို့ရာတွင် အစိုးရသတင်းစာတစ်စောင်ဖြစ်သော Myanmar Times တွင် ဒလိုင် လာမာ ပုံပြင်တစ်ခုကိုလည်း ဖော်ပြခဲ့သည်။ ၎င်းသည် နိုင်ငံတော်မှ အနှစ် ၂၀ မျှ ချုပ်ကိုင်ထားသည့် မီဒီယာမှ ၎င်းအား ပထမဦးစွာ ဖော်ပြချက်ပင်ဖြစ်၏။ တရုတ်အရာထမ်းများသည် နယ်နိမိတ်မှ စိတ်အနှောင့် အယှက် ဖြစ်စေသော စော်ကားမှုအတွက် ကြိုတင်သတိပေးခြင်း မရှိခဲ့သည်ကို “ဒေါသထွက်” ကြ၍ “လွန်ကဲစွာ စိတ်မချမ်းမသာ” ဖြစ်ခဲ့ကြရသည်ဟု ပြောဆိုခဲ့ကြသည်။

၂၀၂၁ အာဏာသိမ်းမှု

[ပြင်ဆင်ရန်]

၂၀၂၁ ခု၊ ဖေဖော်ဝါရီလ၌ မြန်မာစစ်တပ်က အရပ်သားအစိုးရအဖွဲ့ဝင်များကို ဖမ်းဆီးကာ အာဏာသိမ်းသည်။ ဖေဖော်ဝါရီလ ၃ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ မြန်မာအား စီးပွားရေးပိတ်ဆို့ရန် အဆိုသွင်းသောအခါ တရုတ်နှင့်ရုရှားက ပယ်ချသည်။ ကနဦးတွင် တရုတ်သည် ဒုသမ္မတဖြစ်သူက သမ္မတဖြစ်လာသည့် အစိုးရအဖွဲ့ဝင်အပြောင်းအလဲသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထို့နောက် တပ်မတော်ခေါင်းဆောင် မင်းအောင်လှိုင်၏ ၁၂-လ အရေးပေါ်ကာလ ကြေညာသည့်အခါ အောင်ဆန်းစုကြည်အား လွှတ်ပေးရန်တောင်းဆိုကြောင်း ပြောင်းလဲပြောဆိုသည်။

၂၀၂၁ ခု၊ ဖေဖော်ဝါရီလ ၁၆ ရက်တွင် ရန်ကုန်ရှိ တရုတ်သံရုံးရှေ့၌ ဆန္ဒပြမှုများရှိခဲ့ပြီး အာဏာသိမ်းမှုအတွက် တရုပ်အား အပြစ်တင်ကြသည်။ မြန်မာဆိုင်ရာ တရုတ်သံအမတ် ချန်ဟိုင်က "လက်ရှိမြန်မာအခြေအနေမှာ တရုတ်တို့မြင်လိုသောအနေအထား လုံးဝမဟုတ်" ဟု ဆိုသည်။ ၎င်းအဆိုနှင့် မဆီလျော်သောအကြောင်းမှာ ဖေဖော်ဝါရီလ ၃ ရက်တွင် အိန္ဒိယမှလာသော ကိုဗစ်ကာကွယ်ဆေးတင်လေယာဉ်အပါအဝင် အခြား နိုင်ငံတကာလေယာဉ်များကို နိုင်ငံတွင်း ပေးမဝင်သော်လည်း တရုတ်သံရုံးက ပင်လယ်စာဟု ကြေညာချက်ထုတ်ရသည့် လေယာဉ်များကိုမူ အာဏာသိမ်းအစိုးရက ကြည်ကြည်ဖြူဖြူ ဆင်းခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ၎င်းအချက်အတွက် အာဏာအသိမ်းခံပြည်သူတို့ စိတ်ထွက်ပေါက်မှာ နိုင်ငံအတွင်းရှိ တရုတ်စက်ရုံများ ဖြစ်လာသည်။ မတ်လ ၁၅ ရက်တွင် လူ ၁၅ ဦး သေဆုံးခဲ့ပြီးနောက် တရုတ်သံရုံးက ရှို့မီးများအား အလွန်စိုးရိမ်မိကြောင်း စာထုတ်သည်။

၂၀၂၁ ခု၊ မတ်လအလယ်ပိုင်းတွင် တရုတ်-မြန်မာ လူထုဆက်ဆံရေးမှာ အလွန်မှေးမှိန်သွားသည့်နည်းတူ မြန်မာရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများလည်း စိုးရိမ်ဖွယ်ဖြစ်လာသည်။ မည်သို့ဆိုစေကာမူ လုံခြုံရေးကောင်စီ၌ စစ်အစိုးရအား ခေါင်းစဉ်တပ်လေတိုင်း တရုတ်နှင့်ရုရှားက ပယ်ချပေးနေသည်။ အကြောင်းမှာ မြန်မာ၏ ဒုတိယအကြီးဆုံး ရင်းနှီးမြှုပ်နှံသူမှာ တရုတ်ဖြစ်ပြီး မြန်မာမှအကျိုးအမြတ်ကိုလည်း တရုတ်ကသာ ရနေခြင်းကြောင့်ဖြစ်သည်။ အကြီးဆုံးရင်းနှီးမြှုပ်နှံသူဖြစ်သော ဂျပန်မှာ စီးပွားအမြင်နည်းသည် ဖြစ်ဟန်တူ၏။

၂၀၂၁ ခု၊ မေလ ၃ ရက်တွင် စိုင်နိုဗက် (Sinovac) နှင့် စိုင်နိုဖန်း (Sinopharm) ကိုဗစ်ကာကွယ်ဆေး အလုံး ၅ သိန်းကို အကူအညီအနေဖြင့် ပေးခဲ့သည်။ ၎င်းဆေးမှာ လိုအပ်ပါက ကာကွယ်ဆေးအဖြစ် သုံးသင့်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြုပြီးဖြစ်သည်။ သို့သော် အများပြည်သူများက တရုတ်အနေဖြင့် စစ်အာဏာရှင်စနစ်ကို ထောက်ပံ့ကြောင်းအဖြစ်သာမြင်ခဲ့၍ တရုတ်ဆန့်ကျင်ရေးမှာ ပိုမိုပြင်းထန်လာခဲ့သည်။[]

ရည်ညွှန်းကိုးကား

[ပြင်ဆင်ရန်]