ဂျာမနီ-မြန်မာ ဆက်ဆံရေး
ဂျာမနီ |
မြန်မာ |
---|---|
သံတမန် | |
သံအမတ်ကြီး | သံအမတ်ကြီး |
ဂျာမနီ–မြန်မာ ဆက်ဆံရေး သည် ဂျာမနီနိုင်ငံ နှင့် မြန်မာနိုင်ငံ တို့အကြား ထားရှိသည့် နှစ်နိုင်ငံဆက်ဆံရေး ဖြစ်သည်။ ဂျာမနီနိုင်ငံ နှင့် မြန်မာနိုင်ငံ တို့သည် ၁၉၅၄ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့တွင် သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့ကြသည်။[၁]ဂျာမနီနိုင်ငံ ဘာလင်မြို့ တွင် မြန်မာသံရုံး ရှိပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့ တွင် ဂျာမနီသံရုံး ရှိကာ သံအမတ်ကြီးအဆင့်များဖြင့် သံအဆက်အသွယ်ပြုကြသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ဂျာမနီ-မြန်မာ ဆက်ဆံရေးသည် ရှည်လျားသည့် သမိုင်းကြောင်းရှိသည်။ရှေးမြန်မာမင်းများလက်ထက် ကတည်းက ဆက်သွယ်မှုရှိခဲ့သည်။ခရစ်နှစ် ၁၈၈၅ ခုနှစ် တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲဖြစ်ပွားခဲ့သည့်နှစ်တွင် ဂျာမန်-မြန်မာ မဟာမိတ်စာချုပ် (၁၈၈၅) ချုပ်ဆိုခဲ့ကြသည်က နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး၏ သမိုင်းရှည်ကြာခဲ့ပုံကို သိသာပေါ်လွင်စေသည်။နှစ်နိုင်ငံသည် ၁၉၅၄ ခုနှစ် တရားဝင်သံတမန်စတင်ကတည်းက နီးကပ်သည့် ဆက်ဆံရေးအား ထူထောင်ထားနိုင်ခဲ့ကြသည်။
စစ်ရေးပူးပေါင်းဆောင်ရွက်မှု
[ပြင်ဆင်ရန်]နှစ်နိုင်ငံဆက်ဆံရေးတွင် အထူးအခန်းကဏ္ဍအနေဖြင့် ဂျာမနီနိုင်ငံက မြန်မာတပ်မတော် အတွက် လက်နက်ထုတ်လုပ်နိုင်ရေး ဂျာမန်ကုမ္ပဏီ ဖရစ်ဝါနာ (Fritz Werner) မှတစ်ဆင့် အကူအညီအများအပြားအား ကာလရှည်ကြာပေးခဲ့သည်။Fritz-Werner GmbH သည် တပ်မတော်၊ အစိုးရ အပါအဝင် ဗိုလ်ချုပ်ကြီးနေဝင်း နှင့် ကာလကြာရှည်စွာ ကောင်းမွန်သည့် ဆက်ဆံရေးအား နှစ်များစွာကြာအောင်စနစ်တကျ တည်ဆောက်ခဲ့သည့် ကုမ္ပဏီ ဖြစ်သည်။မြန်မာ့တပ်မတော် တွင် အသုံးများခဲ့သည့် G3, G4 အော်တိုမက်တစ် ရိုင်ဖယ်များသည် ဂျာမနီ၏ ပံ့ပိုးကူညီမှုဖြင့် ထုတ်လုပ်တပ်ဆင်ခဲ့သော လက်နက်များဖြစ်သည်။[၂] ၁၉၈၈ခုနှစ် အထိ မြန်မာလူငယ် စစ်အရာရှိအင်ဂျင်နီယာ ၆၀၀ နှင့် ၇၀၀ ကြားအား Fritz-Werner GmbH အလုပ်ရုံတို့တွင် လေ့ကျင့်သင်ကြားစေခဲ့သည်။Fritz-Werner GmbH သည် ၁၉၈၈ ခုနှစ်အထိ မြန်မာနိုင်ငံတွင် စီမံကိန်း (၂၂) ခု နှင့် အခြား ပြင်ပ စီမံကိန်းတို့အား အကြံပေးလုပ်ကိုင်ခဲ့သည်။ ဦးနေဝင်းအစိုးရ ခေတ် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခွင့်ရသည့် တစ်ခုတည်းသော နိုင်ငံခြားကုမ္ပဏီဖြစ်ခဲ့သည်။
အခြားပူးပေါင်းဆောင်ရွက်မှု
[ပြင်ဆင်ရန်]ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း ဂျာမနီနိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဘက် နိုင်ငံ ဖြစ်ခဲ့သည်။ဂျာမန်နိုင်ငံက နာမည်ကျော်ကုမ္ပဏီကြီးအချို့ သည် ရန်ကုန်မြို့တွင် ရုံးစိုက်ကာ စီးပွားရေးလုပ်ကိုင်ကြသည်။ဂျာမနီအစိုးရအနေဖြင့် ဂျာမန်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေး ဝန်ကြီးဌာန (BMZ) မှတစ်ဆင့် မြန်မာနိုင်ငံသို့ ဖွံ့ဖြိုးမှုအကူအညီများအား ပေးအပ်သည်။ဂျာမနီအစိုးရသည် ၁၉၅၆ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း မြန်မာနိုင်ငံ အား ဂျာမန်ငွေ ဒွိုက်ရှမတ် ၁ဒသမ၁၅ ဘီလီယံ ပံ့ပိုးခဲ့သည်။ယင်းအပြင် မြန်မာအစိုးရအရာရှိများ၊ စစ်ဘက်ဆိုင်ရာအရာရှိများအား အကြိမ်ကြိမ်ခေါ်ယူပြီး လေ့လာမှုများ၊ လေ့ကျင့်မှုများအပြင် မြန်မာကျောင်းသားများအား မြောက်မြားစွာသော ပညာသင်ဆုများ ဆက်တိုက် ပေးအပ်ခဲ့သည်။မြန်မာအစိုးရအဖွဲ့အစည်းတစ်ခုဖြစ်သည့် စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေး ဦးစီးဌာန သည် ဂျာမနီရောက် မြန်မာပညာတော်သင်အဖွဲ့ ၏ ၁၉၆၈ ခုနှစ်၊ နိုဝင်ဘာလခရီးစဉ်ပြီးနောက် ပေါ်ပေါက်လာခဲ့သည့် ဦးစီးဌာနတစ်ခုဖြစ်သည်။[၃]စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ၁၉၈၈-၁၉၈၉ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် ဇွန်လကုန်အထိ ဂျာမနီနိုင်ငံက မြန်မာနိုင်ငံတွင် ဒေါ်လာ ၄၃ ဒသမ ၉၃၀ သန်း ဝင်ရောက်မြှုပ်နှံထားသည်။[၄]
နှစ်နိုင်ငံဆက်ဆံရေးအခြေအနေ
[ပြင်ဆင်ရန်]အရှေ့ဂျာမနီ နှင့် အနောက်ဂျာမနီ တို့ မပေါင်းစည်းမီအထိ မြန်မာနိုင်ငံ တွင် နှစ်နိုင်ငံလုံး၏ သံရုံးများ ရှိကြသည် အထိ ဆက်ဆံရေးကောင်းမွန်ခဲ့သည်။စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများအပြင် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီများနှင့်ပံ့ပိုးမှုများ၊ စစ်ရေး နှင့် နှစ်နိုင်ငံအစိုးရအဖွဲ့အစည်း အကြား ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ကြသည်။သံတမန်စတင်ချိန်မှစ၍ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းသည့် ၁၉၈၈ ခုနှစ် မတိုင်မီအထိ အထူးဆက်ဆံရေးကောင်းမွန်ခဲ့ပြီး ထိုကာလနောက်ပိုင်းတွင် ရပ်တန့်လုနီးပါးဆက်ဆံရေးရှိခဲ့ကာ ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင်မူ ဆက်ဆံရေးပို၍တိုးတက်ကောင်းမွန်လာခဲ့သည်။၂၀၂၁ ခုနှစ် နောက်ပိုင်းတွင်မူ ဆက်ဆံရေးက ဆိုးရွားသွားခဲ့သည်။
၁၉၈၈ခုနှစ်နောက်ပိုင်း ဆက်ဆံရေး
[ပြင်ဆင်ရန်]၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံစစ်အာဏာသိမ်းလိုက်ပြီးသည့်နောက် ဂျာမနီနိုင်ငံသည် မြန်မာနိုင်ငံအပေါ် နိုင်ငံခြားရေးမူဝါဒအား ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ဂျာမန်ငွေကြေး သန်း ၅၀ တန်ဖိုးရှိ စီမံကိန်း၁၀ခုအား ၁၉၈၈ ခုနှစ် ဒီဇင်ဘာလတွင် ပိတ်သိမ်းခဲ့ပြီး မြန်မာနိုင်ငံထဲက ဂျာမနီနိုင်ငံသား ကျွမ်းကျင်သူအများစုအား ဂျာမနီနိုင်ငံသို့ ပြန်ခေါ်ခဲ့သည်။၁၉၉၀ ခုနှစ်တွင် ဥရောပသမဂ္ဂ က မြန်မာနိုင်ငံအပေါ် ပထမဆုံးသော ပိတ်ဆို့အရေးယူမှုများလုပ်ဆောင်ခဲ့ရာတွင် ဂျာမနီက တက်တက်ကြွကြွပါဝင်ခဲ့သည်။မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချမှု ပိတ်ပင်လိုက်ပြီး၊ စစ်သံမှူးများအားလုံးကို ရုပ်သိမ်းခဲ့ကာ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုကိုလည်း ဆိုင်းငံ့ထားလိုက်သည်။ ၁၉၉၃ ခုနှစ်တွင် စစ်အစိုးရအဖွဲ့ဝင်များ နှင့် မိသားစုဝင်များအား ဗီဇာပိတ်ပင်ခဲ့သည့်အပြင် ၁၉၉၈ ခုနှစ်တွင် ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံအပေါ် အထွေထွေ ဦးစားပေးစနစ်ဆိုင်ရာ အခွင့်အရေးများအား ရုပ်သိမ်းခြင်းဖြင့် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် စီးပွားရေးပိတ်ဆို့မှုများအား ချမှတ်သည်။ ၂၀၀၃ ခုနှစ်တွင် ပိတ်ဆို့အရေးယူမှုများအား သက်တမ်းတိုးခဲ့သည်။
၂၀၁၁ ခုနှစ် အချိုးအကွေ့
[ပြင်ဆင်ရန်]၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင် ပထမဆုံးပြန်လည်ကျင်းပသည့် ရွေးကောက်ပွဲအား တုံ့ပြန့်သည့် အနေဖြင့် ဂျာမနီပါဝင်သည့် ဥရောပသမဂ္ဂ က ပိတ်ဆို့မှုများအား ( လက်နက်အရောင်းအဝယ်ကလွဲပြီး) တစ်နှစ်ကြာ ဆိုင်းငံ့ထားခဲ့ပြီး၂၀၁၂ ခုနှစ်တွင် အလုံးစုံ ရုပ်သိမ်းသည်။
၂၀၁၂ခုနှစ် ကာလနောက်ပိုင်းဆက်ဆံရေး
[ပြင်ဆင်ရန်]၂၀၁၂ ခုနှစ်ကတည်းကစပြီး နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေး ပြန်လည်ရှင်သန်ရန် အပြန်အလှန်ကြိုးစားခဲ့ကြပြီး စီးပွားရေးအရ ဆက်ဆံမှုများ ပြန်လည် မြင့်တက်လာခဲ့သည်။၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလကစပြီး ဂျာမနီအစိုးရ၏ အထောက်အပံ့များအား ဂျာမန် အဖွဲ့အစည်း (၄) ဖွဲ့ဖြစ်သည့် German Development Cooperation (GIZ), Federal Institute for Geosciences and Natural Resources (BGR), German Development Bank (KfW) နှင့် National Metrology Institute (PTB) တို့က သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးမှုဆိုင်ရာစီမံချက်များအား အကောင်အထည်ဖော်သည်။၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်မှ ၁၂ ရက်အထိ ဂျာမန်သမ္မတ Joachim Gauck မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်အထိ ဆက်ဆံရေးက တစ်ရှိန်ထိုးတိုးတက်ကောင်းမွန်သွားခဲ့သည်။[၅]ဂျာမနီသမ္မတ ခရီးစဉ်အတွင်း မြန်မာနိုင်ငံက ကြွေးမြီဟောင်းများဆိုင်ရာ သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကာ တင်ရှိနေသည့် ယူရို ၁ဒသမ ၁ ဘီလီယံခန့်ထဲမှ ၅၀ ရာခိုင်နှုန်းအား အပြည့်အဝ လျှော်ပေးခဲ့သည်။၂၀၁၅ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့တွင် ယခင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီးတို့က မြန်မာ-ဂျာမနီ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးသည်။ဂျာမနီအစိုးရမှ မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် နည်းပညာအကူအညီများအဖြစ် ၂၀၁၂ ခုနှစ်တွင် ယူရို (၁၂.၅) သန်းကိုလည်းကောင်း၊ နည်းပညာအကူအညီနှင့် ငွေကြေးပူးပေါင်းဆောင်ရွက်မှု အကူအညီများအဖြစ် ၂၀၁၃ ခုနှစ်တွင် ယူရို (၃၄.၃) သန်း၊ ၂၀၁၄ ခုနှစ်တွင် ယူရို (၃၂.၂) သန်း၊ ၂၀၁၅ ခုနှစ်တွင် ယူရို (၃၇.၈) သန်းနှင့် ၂၀၁၆ ခုနှစ်တွင် ယူရို (၅၀.၀၈၈) သန်းတို့ကိုလည်းကောင်း၊ ၂၀၁၇ ခုနှစ်အတွက် ငွေကြေးပူးပေါင်းဆောင်ရွက်မှုအကူအညီ ယူရို(၅) သန်းကိုလည်းကောင်း နှစ်အလိုက် အသီးသီးပေးအပ်ခဲ့သည်။[၆] ၂၀၁၈ ခုနစ်မှ ၂၀၂၂ ခုနစ်အတွင်း အကူအညီ ယူရို ၃၄.၅ သန်း ပေးအပ်ရန်ကိုလည်း ဂျာမနီနိုင်ငံအစိုးရမှ ကတိကဝတ်ပြုခဲ့သည်။ ဦးထင်ကျော်အစိုးရ လက်ထက်၊ဦးဝင်းမြင့်အစိုးရ လက်ထက် တို့တွင်လည်း နှစ်နိုင်ငံဆက်ဆံရေးက နီးကပ်ခဲ့ပြီး နည်းပညာပိုင်းဆိုင်ရာ အပါအဝင် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခဲ့သည်။ နှစ်နိုင်ငံကုန်သွယ်မှုလည်း ပိုတိုးလာ၍[၇] မြန်မာနိုင်ငံက ဂျာမနီနိုင်ငံ တွင် ဂျာမနီနိုင်ငံဆိုင်ရာမြန်မာစီးပွားရေးသံမှူး ခန့်ထားခဲ့ရသည်။[၈][၉]ထို့အပြင် ၂၀၁၇ ခုနှစ်တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျာမနီနိုင်ငံသို့ သွားရောက်ပြီး နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ပူးပေါင်းမှုတိုးမြင့်ရေးအား ဆွေးနွေးနိုင်ခဲ့သည်အထိ ဖြစ်ခဲ့သည်။ [၁၀]
၂၀၂၁ နောက်ပိုင်းအခြေအနေ
[ပြင်ဆင်ရန်]မြန်မာနိုင်ငံတွင် တကျော့ပြန်စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ နောက်ပိုင်း ကစပြီး နှစ်နိုင်ငံဆက်ဆံရေးသည် ပြန်လည် အေးစက်သွားသည်။[၁၁]
နှစ်နိုင်ငံခေါင်းဆောင်များ၏ခရီးစဉ်များ
[ပြင်ဆင်ရန်]ဂျာမနီသမ္မတ Richard von Weizsäcker သည် ၁၉၈၆ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ သို့ နိုင်ငံတော် ခရီးစဉ်အဖြစ်လာရောက်ခဲ့ပြီး မြန်မာနိုင်ငံတော်သမ္မတ ဦးစန်းယု သည်လည်း ၁၉၈၇ ခုနှစ် အောက်တိုဘာလတွင် ဂျာမနီနိုင်ငံ သို့ တရားဝင်ခရီးစဉ်အဖြစ်သွားရောက်ခဲ့သည်။၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ တွင် ဂျာမနီ သမ္မတ ရိုအာဟင်းမ် ဂေါ့(က်) သည် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးလာရောက်ခဲ့ပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာလ တွင် မြန်မာသမ္မတ ဦးသိန်းစိန် သည် ဂျာမနီနိုင်ငံသို့ သွားရောက်ခဲ့သည်။[၁၂]ဂျာမနီနိုင်ငံ ၏ တရားဝင် ဖိတ်ခေါ်မှုဖြင့် ဒေါ်အောင်ဆန်းစုကြည် သည် အတိုက်အခံလွှတ်တော်အမတ်တစ်ဦးအနေဖြင့် ၂၀၁၄ ခုနှစ် ဧပြီလတွင် သွားရောက်ခဲ့သည်။ [၁၃]
ယဉ်ကျေးမှုဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်း
[ပြင်ဆင်ရန်]နှစ်နိုင်ငံအကြား အနာဂတ်တွင် ယဉ်ကျေးမှုဆိုင်ရာပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၂ ခုနှစ်ကစပြီး ဆွေးနွေးမှုများနှင့် အပြန်အလှန်လေ့လာရေးခရီးစဉ်များရှိခဲ့ကြသည်။ ယဉ်ကျေးမှုဆိုင်ရာသဘောတူညီချက်လက်မှတ်ရေးထိုးထားပြီး ရန်ကုန်မြို့တွင် ဂျာမနီနိုင်ငံမှ Goethe-Institute တစ်ခုဖွင့်လှစ်ထားသည်။[၁၄]ဂျာမနီနိုင်ငံ ဟာနိုဗာမြို့ ရှိ Gottfried Wilhelm Leibniz Library တွင် သက်တမ်းအားဖြင့် နှစ်ပေါင်း၂၅၀ ကျော်ရှိ မြန်မာဘုရင် အလောင်းမင်းတရား၏ အင်္ဂလိပ်ဘုရင် ဒုတိယမြောက် ဂျော့ဘုရင်ထံ ပေးပို့ခဲ့သော ရွှေပေလွှာ မှာ အထူးထင်ရှားလှသည်။[၁၅]
ကိုးကား
[ပြင်ဆင်ရန်]- ↑ List of Countries having Diplomatic Relations with the Republic of the Union of Myanmar။ Ministry of Foreign Affairs,Myanmar။ 29 May 2024 တွင် ပြန်စစ်ပြီး။
- ↑ ဂျာမနီဟာ မြန်မာရဲ့ မိတ်ဆွေစစ် ဟုတ်၊မဟုတ်။ The Irrawaddy (၆ ဧပြီ ၂၀၁၄)။ ၁၄ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေး ဦးစီးဌာနနောက်ခံသမိုင်း။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန။ ၁၄ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဂျာမနီနိုင်ငံက မြန်မာနိုင်ငံအား ငွေကြေးနှင့် နည်းပညာ အကူအညီအဖြစ် ယူရို ၃၁ ဒသမ ၅ သန်း ထောက်ပံ့မည်ဖြစ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ငွေကြေးကဏ္ဍ ဖွံ့ဖြိုးရေး စီမံကိန်းများ ပူးပေါင်းဆောင်ရွက်မည်။ Eleven Media Group (၂၀ ဩဂုတ် ၂၀၂၀)။ ၁၄ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဂျာမနီသမ္မတ မြန်မာနိုင်ငံလာမည်။ VOA Burmese (၇ ဖေဖော်ဝါရီ ၂၀၁၄)။ ၁၄ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြန်မာ - ဂျာမနီ။ ရင်းနှီးမြှပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန။ ၁၄ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဂျာမနီသို့ မြန်မာပို့ကုန်များ တိုးတက်တင်ပို့သင့်ကြောင်း မြန်မာစီးပွားရေးသံမှူးသုံးသပ်။ MOI Myanmar (၁၆ စက်တင်ဘာ ၂၀၂၂)။ ၁၄ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ စီးပွားရေးသံမှူးများ။ myantrade။ ၁၄ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဘာလင်မြို့ မြန်မာစီးပွားရေးသံမှူးနှင့် ဂျာမန်ကော်ဖီအသင်း တွေ့ဆုံဆွေးနွေး။ infosheet (၂ စက်တင်ဘာ ၂၀၂၂)။ ၁၄ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ- ဂျာမနီ တပ်မတော် ၂ရပ်အကြား ပူးပေါင်းမှု တိုးမြှင့်ရေးဆွေးနွေး။ The Irrawaddy (၂၉ ဧပြီ ၂၀၁၇)။ ၁၄ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဥရောပသမဂ္ဂက စစ်ကောင်စီကို သတ္တမမြောက်စီးပွားရေးပိတ်ဆို့မှုများလုပ်ရန် ဂျာမနီကြိုးပမ်း။ Myanmar Now (၁၀ ဇူလိုင် ၂၀၂၃)။ ၁၄ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ သမ္မတ ဦးသိန်းစိန် ဂျာမနီနိုင်ငံကို ရောက်ရှိ။ BBC Burmese (၃ စက်တင်ဘာ ၂၀၁၄)။ ၁၄ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ Myanmar's Suu Kyi visits Berlin။ DW (10 April 2014)။ 14 June 2024 တွင် ပြန်စစ်ပြီး။
- ↑ LEARN GERMAN EXPERIENCE FOR YOUR SUCCESS။ Goethe Institute။ 14 June 2024 တွင် ပြန်စစ်ပြီး။
- ↑ ဂျာမနီခရီးစဉ်အတွင်း မျက်မြင်ကြုံတွေ့ခဲ့ရသော ၁၈ ရာစုဆီက မြန်မာမင်း၏ သံတမန်ဆိုင်ရာ ရွှေပေလွှာ။ MOI Myanmar (၃၀ မတ် ၂၀၂၃)။ ၁၄ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။