ကမ္ဘာ့စီးပွားပျက်ကပ်ကြီး

ဝီကီပီးဒီးယား မှ
ဒေါ်ရသီယာလန်းချ် ရိုက်ကူးခဲ့သော ရွှေ့ပြောင်းအလုပ်သမားမိခင် ဟု အမည်ရသည့် ဓာတ်ပုံမှာ ၁၉၃၆ခုနှစ် မတ်လ ကယ်လီဖိုးနီးယားပြည်နယ် နီပိုမိုရှိ အသက် ၃၂ နှစ်အရွယ် ကလေး ၇ ယောက်မိခင် ဖလောရင့် အိုဝင် သွန်ဆင်ကို အခြေပြု၍ ကယ်လီဖိုးနီးယားပြည်နယ်မှ ပဲကောက်သမားတို့၏ ဆင်းရဲခြင်းကို ဖော်ပြရိုက်ကူးထားသည်။

ကမ္ဘာ့စီးပွားပျက်ကပ်ကြီးမှာ တကမ္ဘာလုံး စီးပွားရေးကျဆင်းခဲ့သော အချိန်ဖြစ်ပြီး နေရာအများစုတွင် ၁၉၂၉ ခုနှစ်မှ စတင်ခဲ့ပြီး နေရာဒေသပေါ်မူတည်၍ ၁၉၃၀ နှစ်များ နှင့် ၁၉၄၀ နှစ်များတွင် ပြီးစီးခဲ့သည်။ ထိုအဖြစ်အပျက်မှာ ခေတ်သစ်သမိုင်းတွင် အကြီးအကျယ်ဆုံးနှင့် အရေးအပါဆုံး စီးပွားကျဆင်းမှုဖြစ်ပြီး ၂၁ရာစုတွင် ကမ္ဘာ၏ စီးပွားရေးမှာ ဘယ်ရွေ့ဘယ်မျှအထိ ကျဆင်းနိုင်သည် ကို သတ်မှတ်သော စံတစ်ခုဖြစ်သည်။ ကမ္ဘာ့စီးပွားပျက်ကပ်ကြီးသည် အမေရိကန်နိုင်ငံ မှစတင်ခဲ့ပြီး သမိုင်းပညာရှင်တို့က အမည်းရောင်ကြာသပတေးနေ့ ဟု သိကြသော ၁၉၂၉ ခုနှစ် အောက်တိုဘာလ ၂၉ရက် စတော့ဈေးကွက် ပြိုလဲသည့်နေ့ကို စတင်သည့်နေ့အဖြစ် အမြဲလိုလိုရည်ညွှန်းကြသည်။ အမေရိကန်နိုင်ငံ တွင် စီးပွားပျက်ကပ် ပြီးဆုံးသည့်အချိန်မှာ ၁၉၃၉ခုနှစ်ဝန်းကျင်တွင် စတင်ခဲ့သည့် ဒုတိယကမ္ဘာစစ်၏ စစ်စီးပွားရေးစတင်ချိန် တွင်ဖြစ်သည်။

ငွေကျုံ့ခြင်းသည် ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများအပေါ်တွင် အလွန်တရာ ဆိုးရွားလှသော ဆိုးကျိုးများကို ဖြစ်စေသည်။ နိုင်ငံတကာကုန်သွယ်ရေးတွင် လွန်စွာမှပင်ထိခိုက်ပြီး လူတစ်ဦးချင်းဝင်ငွေ၊ အမြတ်ခွန်၊ ဈေးနှုန်းနှင့် အမြတ်အစွန်းတို့ အပေါ်တွင် လည်း အလွန်ထိခိုက်စေသည်။ ကမ္ဘာတဝှမ်းလုံးရှိ မြို့တော်များမှာ အလွန်ပင်ထိခိုက်ကြပြီး အကြီးစားလုပ်ငန်းများ အပေါ်တွင် မှီတင်းနေသော မြို့ပြများမှာ အဆိုးရွားဆုံးပင်ဖြစ်သည်။ နိုင်ငံအများအပြားတွင် ဆောက်လုပ်ရေး လုပ်ငန်းများကို လုံးဝနီးပါးရပ်ထားရသည်။ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသတို့တွင်လည် သီးနှံဈေးနှုန်းများ ၄၀ ရာခိုင်နှုန်းမျ ၆၀ ရာခိုင်နှုန်းအထိ ကျဆင်းသဖြင့် အလွန်ထိခိုက်စေသည်။ ဇောက်ထိုးဆင်းလာသော ဝယ်လိုအားနှင့် အပြောင်းအလဲအဖြစ်လုပ်နိုင်သော အလုပ်အနည်းငယ်သာရှိသဖြင့် အခြေခံလူသုံးကုန်ပစ္စည်းထုတ်လုပ်ငန်းများ ဖြစ်သော လယ်စိုက်ခြင်း၊ သတ္တုတူးဖော်ခြင်းနှင့် သစ်ထုတ်လုပ်ငန်း ဧရိယာများမှာ အခံရဆုံးဖြစ်သည်။ ၁၉၂၉ ဝေါစထရိ ဈေးကွက်ပျက်ပြီး သိပ်မကြာမီအချိန်အထိ အကောင်းမြင်မှုများ ရှိနေကြသေးသည်။ ဂျွန် ဒီ ရော့ဖဲလားမှ "အခုလိုအချိန်တွင် လူတော်တော်များများ စိတ်ပျက်နေကြသည်။ ကျွန်တော့် အသက် ၉၃ နှစ်တွင် စီးပွားကျမှုများ ဖြစ်လိုက်ပျက်လိုက်ပင် ဖြစ်သည်။ ပြည့်စုံချမ်းသာမှုသည် အမြဲတမ်းပြန်လာတတ်ပြီး အခုလည်း ပြန်လာဦးမည် ဖြစ်သည်။ " ဟု ဆိုခဲ့သည်။

ကမ္ဘာ့စီးပွားပျက်ကပ်ကြီးသည် နိုင်ငံပေါ်မူတည်၍ အချိန်ကာလကွဲပြားစွာ ပြီးဆုံးခဲ့သည်။ နောက်ပိုင်း သမိုင်းကြောင်းများအတွက် လူတို့ ဒုတိယကမ္ဘာစစ်တွင် နေထိုင်ပုံ ကို ဖတ်ရှုပါ။ နိုင်ငံအများစုမှာ သက်သာချောင်ချိရေးအတွက် အစီအစဉ်များကို စတင်ခဲ့ကြပြီး အများစုမှာ နိုင်ငံရေးအရ အလွန်တိုးတက်ပြောင်းလဲခဲ့ပြီး လက်ဝဲသို့ လက်ယာလမ်းစဉ်သို့ တွန်းပို့ခဲ့သည်။ အချို့သော နိုင်ငံများတွင် စိတ်ပျက်လက်ပျက်ဖြစ်နေသော နိုင်ငံသားများသည် မျိုးချစ် demagogues များအဖြစ် ပြောင်းလဲခဲ့ကြသည်။ အဆိုးဆုံးသူမှာ ၁၉၃၉ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကို စတင်ခဲ့သော အဒေါ့ဖ်ဟစ်တလာ ဖြစ်သည်။

ဆင့်ကဲဖြစ်ပေါ်မှုများ[ပြင်ဆင်ရန်]

ကမ္ဘာ့စီးပွားပျက်ကပ်ကြီးသည် နေ့ချင်းညချင်း ဆိုသလို စီးပွားရေးပြိုလဲသွားခြင်းမျိုး မဟုတ်ပေ။ စတော့ဈေးကွက်သည် ၁၉၃၀ အစောပိုင်းတွင် ပြန်တက်လာခဲ့ပြီး ၁၉၂၉ ခုအစောပိုင်းနှင့်တူသော အခြေအနေသို့ ဧပြီလတွင် ပြန်ရောက်လာခဲ့သည်။ သို့သော်လည်း ၁၉၂၉ ခုနှစ် စက်တင်ဘာလ စတော့ဈေးကွက် အမြင့်ဆုံးအချိန်ထက် ၃၀ရာခိုင်နှုန်းမျှ လျော့နည်းနေခဲ့သေးသည်။ ၁၉၃၀ ခုနှစ် ပထမနှစ်ဝက်တွင် အစိုးရများနှင့် စီးပွားရေးလုပ်ငန်းများသည် လွန်ခဲ့သောနှစ် ထိုအချိန်က သုံးစွဲသည်ထက်ပင် ပို၍ သုံးစွဲခဲ့ကြသေးသည်။ သို့သော် လွန်ခဲ့သောနှစ်မှ စတော့ဈေးကွက်တွင် အလွန်ရှုံးထားသောသူ အများအပြားပါဝင်သော စားသုံးသူများသည် သူတို့၏ အသုံးစရိတ်ကို ၁၀ ရာခိုင်နှုန်းမျှ လျော့ချခဲ့ကြသည်။ ၁၉၃၀ ခုနှစ် မြောက်ပိုင်းနွေရာသီတွင် အမေရိကန်ပြည်ထောင်စု၏ စိုက်ပျိုးရေး ၏ အချက်အချာ နယ်မြေသည် အကြီးအကျယ်မိုးခေါင်ခြင်းကြောင့် ဆိုးရွားစွာ ပျက်စီးစေခဲ့သည်။

၁၉၃၀ အစောပိုင်းတွင် အကြွေးပေးမည့်သူ အများအပြားရှိပြီး အတိုးနှုန်းသက်သာစွာဖြင့် ရနိုင်သော်လည်း လူအများစုမှာ ချေးငှားခြင်းဖြင့် အကြွေးအသစ်ဖြစ်မည်ကို မလိုလားခဲ့ကြပေ။ ၁၉၃၀ ခုနှစ် မေလတွင် ကားရောင်းဝယ်မှုသည် ၁၉၂၈ ခုတွင် ရှိခဲ့သော ရောင်းအား၏ အောက်သို့ ကျဆင်းခဲ့သည်။ ယေဘူယျအားဖြင့် ဈေးနှုန်းများ စတင်ကျဆင်းခဲ့သော်လည်း လုပ်ခများမှာမူ ၁၉၃၀ ခုနှစ်တွင် ပုံမှန်အတိုင်းပင် ရှိနေခဲ့သေးသည်။ သို့သော် ၁၉၃၁ ခုနှစ်တွင် လုပ်ခများ စတင်ကျဆင်းခဲ့သည်။ စားသုံးကုန် ပစ္စည်းများ ဈေးကျလာသည့်အတွက် လယ်ယာဒေသများတွင် အခြေအနေအဆိုးဆုံးဖြစ်သည်။ အလုပ်လက်မဲ့များပြားလာပြီး အခြားအလုပ်အကိုင်ပြောင်းရန် အခွင့်အလမ်း အနည်းငယ်မျှသာရှိသော သတ္တုတူးဖော်ခြင်းနှင့် သစ်ထုတ်လုပ်ခြင်းတို့မှာလည်း အလားတူပင်ဖြစ်သည်။ အမေရိကန်၏ စီးပွားရေးကျဆင်းမှုသည် အစောပိုင်းတွင် အခြားနိင်ငံများ၏ စီးပွားရေးကို ကျဆင်းစေသော အကြောင်းအချက်ဖြစ်သည်။ သို့သော် နိုင်ငံတစ်နိုင်ငံစီ၏ အတွင်းပိုင်း အားကောင်းမှု အားမကောင်းမှုပေါ်မူတည်၍ အခြေအနေမှာ ပိုကောင်းလာစေသည် သို့ ပိုဆိုးသွားစေလေသည်။ ၁၉၃၀ အမေရိကန်မှ ပြဋ္ဌာန်းသော စမု-ဟော်လေ(Smoot-Hawley) သွင်းကုန် ထုတ်ကုန် ဆိုင်ရာ အက်ဥပဒေ နှင့် အခြားနိုင်ငံများမှ တန်ပြန်ကျင့်သုံးသည့် သွင်းကုန်ထုတ်ကုန် ကန့်သတ်မှုများ အစရှိသည့် နိုင်ငံအသီးသီးမှ မိမိတို့ စီးပွားရေးကို ခိုင်မာစေရန် အလန့်တကြား ကြိုးပမ်းမှု အနေနှင့် ပြဋ္ဌာန်းသော ကိုယ်ကျိုးစီးပွားကာကွယ်ရေး ပေါ်လစီများက တကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပြိုလဲခြင်းကို ပို၍ ဆိုးရွားသွားစေသည်။ ၁၉၃၀ ခုနှစ်နှောင်းပိုင်းမှ စ၍ တဖြည်းဖြည်း စီးပွားရေးကျဆင်းလာခဲ့ပြီး ၁၉၃၃ ခု မတ်လတွင် အနိမ့်ဆုံး အခြေအနေသို့ ရောက်ရှိခဲ့သည်။

အကြောင်းရင်းများ[ပြင်ဆင်ရန်]