အသေးစားငွေရေးကြေးရေးလုပ်ငန်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အသေးစားငွေရေးကြေးရေးလုပ်ငန်းကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင် ကနဦးပိုင်းတွင် တိကျရှင်းလင်းသော ဖွင့်ဆိုချက်များစွာမရှိချေ။ ၎င်းအဓိပ္ပါယ်ကို ဖွင့်ဆိုရာတွင် "ပမာဏနည်းပါးသော ငွေပမာဏကို ဘဏ်လုပ်ငန်းနှင့် မထိတွေ့နိုင်သည့် နွမ်းပါးသော လုပ်ငန်းရှင်များနှင့် လုပ်ငန်းအငယ်စားများကို ငွေရေးကြေးရေးဝန်ဆောင်မှုပေးခြင်း"ဟု အဓိပ္ပါယ်ဖွင့်သည်။ ဖော်ပြပါ ပုဂ္ဂိုလ်များအတွက် ဝန်ဆောင်မှုပေးရာတွင် နည်းလမ်းနှစ်သွယ်ကို အသုံးချလေ့ရှိသည်။ (၁) တစ်ဦးတစ်ယောက်ချင်းဝန်ဆောင်မှု- တစ်ဦးတစ်ယောက်ချင်းစီကို ရင်းနီးမှု၊ ယုံကြည်ရမှုအရ  ဝန်ဆောင်မှုပေးခြင်း (၂) အဖွဲ့လိုက်ဝန်ဆောင်မှု- ဝန်ဆောင်မှု ရယူလိုသူများက အုပ်စုလိုက် အပြန်အလှန်အာမခံခြင်းစနစ်ဖြင့် ချေးငွေနှင့် ဝန်ဆောင်မှုကို လျောက်ထားခြင်းကို လက်ခံခြင်းတို့ ဖြစ်သည်။

အသေးစားချေးငွေလုပ်ငန်းသည် အဖိုးအခသင့်တင့်ပြီး အရည်အသွေးမြင့်မားသော ငွေရေးကြေးရေးဆိုင်ရာ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုအမျိုးမျိုးကို နွမ်းပါးသူများနှင့် ဘဏ်ကဲ့သို့သော ငွေရေးကြေးရေးဝန်ဆောင်မှုများကို လက်လှမ်းမမီနိုင်လူများ၊ အိမ်ထောင်စုများမှ လက်လှမ်းမီအောင် ဖန်တီးရေး လှုပ်ရှားမှုအဖြစ် စတင်ပေါ်ပေါက်လာခြင်းဖြစ်သည်။ ငွေရေးကြေးရေးဆိုင်ရာ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများဟု ဆိုရာတွင် ငွေစုခြင်းအာမခံလုပ်ငန်းငွေပေးချေခြင်းဝန်ဆောင်မှုနှင့် ငွေလွှဲခြင်း တို့လည်းပါဝင်ပါသည်။ အဆိုပါလှုပ်ရှားမှုကို လှုံဆော်ကြသူများသည် ငွေကြေးမပြည့်စုံသူများကို အသေးစားငွေရေးကြေးရေးလုပ်ငန်းနှင့် ထိတွေ့လက်တွဲစေပြီး ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်အောင် လုပ်ဆောင်နိုင်မည်ဟု ယုံကြည်နေကြပါသည်။ အများစုအတွက် အသေးစားငွေရေးကြေးရေးလုပ်ငန်းသည် ဒေသစီးပွားဖွံဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် အသေးစားလုပ်ငန်းရှင်များကို အားပေးကူညီခြင်းအားဖြင့် ဖွံဖြိုးတိုးတက်စေမည်ဟု အဓိပ္ပါယ်ဖွင့်ဆိုကြပြီး အနည်းငယ်သောလူအချို့ကတော့ အဆိုပါလုပ်ငန်းသည် နွမ်းပါးသူများ၏ နေ့စဉ်ငွေရေးကြေးရေးစီမံခန့်ခွဲရာတွင် ဆုံးရှုံးနိုင်ချေအနည်းငယ်ကို လက်ခံပြီး စိးပွားရေးအခွင့်အလမ်းကို အမိအရထိန်းချုပ်ရန် အခွင့်အလမ်းအတွက် ထိရောက်သောအကူအညီဖြစ်သည်ဟု ထင်မြင်ကြပါသည်။ ယခုလုပ်ငန်းအတွက် အခေါ်အဝေါ်သည်လည်း အသေးစားချေးငွေ (Microcredit)မှ အသေးစားငွေရေးကြေးရေး (Microfinance)၊ အသေးစားငွေရေးကြေးရေးမှ ခြုံငုံနိုင်သော ငွေရေးကြေးရေးဝန်ဆောင်ခြင်း (Financial Inclusion)ဟု အချိန်နှင့်အမျှ အဆင့်ဆင့်ပြောင်းလဲလာခဲ့သည်။

အသေးစားငွေရေးကြေးရေးလုပ်ငန်းတွင်အသေးစားချေးငွေလုပ်ငန်းအပြင် အမျိုးမျိုးသောဝန်ဆောင်မှုများပါဝင်သည်။ အသေးစားချေးငွေသည် ငွေကြေးမပြည့်စုံသူများကို ချေးငွေဝန်ဆောင်မှု ပေးခြင်းသာဖြစ်သောကြောင့် ငွေရေးကြေးရေးလုပ်ငန်း၏ တစ်စိတ်တစ်ပိုင်းသာဖြစ်သော်ငြားလည်း အဆိုပါအခေါ်အဝေါ်နှစ်ခုကို အမြဲလိုလို အမှတ်မှား ရှုပ်ထွေးတတ်သည်။ ဝေဖန်ရေးသမားများသည် အသေးစားချေးငွေ၏ မကောင်းသည့်အချက်သည် အကြွေးဝန်ပိမှုကို ဖြစ်စေခြင်းဟု အမြဲလိုလို ထောက်ပြကြသည်။ အမှန်စင်စစ်တွင် အသေးစားငွေရေးကြေးရေးလုပ်ငန်း၏ အမျိုးအစားစုံလင်သော ဝန်ဆောင်မှုများ၏ သဘောသဘာဝအရ ၎င်း၏ အကျိုးသက်ရောက်မှုများကို တရားသေကောက်ချက်ချ ဆုံးဖြတ်ရန် မဖြစ်နိုင်သည့်အပြင် မပြည့်စုံနိုင်ပါ။ ၎င်းကို ထောက်ခံအားပေးသူများကတော့ အသေးစားငွေရေးကြေးရေးလုပ်ငန်းသည် ငွေရေးကြေးရေးမပြည့်စုံသူများကို ဆင်းရဲနွမ်းပါးမှုမှ ဆွဲထုတ်နိုင်သည်ဟု အမြဲပြောတတ်ကြသော်လည်း လက်တွေ့အထောက်အထားများအရ အဆိုးနှင့်အကောင်းသည် ဒွန်တွဲနေပါသည်။ အသေးစားငွေရေးကြေးရေးဝန်ဆောင်မှု၏ ရည်ရွယ်ချက်ကို မေးလျှင် ငွေရေးကြေးရေးဝန်ဆောင်မှုကို လူတိုင်းရရှိနိုင်ရေးကို မြှင့်တင်ရန်ဟု ဖြေရမည်။ 

အသေးစားငွေရေးကြေးရေး၏ စံနှုန်းများနှင့် မူဝါဒများ[ပြင်ဆင်ရန်]

အိန္ဒိယအမျိုးသမီးများ ဝါးနှင့်လုပ်သော ပစ္စည်းများကို အရောင်းအဝယ်လုပ်ရန် စုဝေးနေကြပုံ

နွမ်းပါးသူများသည် အများအားဖြင့် တရားမဝင် ငွေချေးသူများတွင် ငွေချေးလေ့ရှိပြီး တရားမဝင် စုဆောင်းသူများထံတွင် ငွေစုတတ်သည်။ ၎င်းတို့သည် ငွေအဖြစ် ချေးငွေနှင့် အလှူငွေများမှတစ်ဆင့်ရရှိကြသည်။ နိုင်ငံပိုင် အာမခံလုပ်ငန်းများမှ အာမခံကို ရယူကြသည်။ တရားဝင် သို့မဟုတ် တရားမဝင်ငွေလမ်းကြောင်းမှ ငွေလွှဲကြသည်။ အဆိုပါ ဝန်ဆောင်မှုများသည် အသေးစားငွေရေးကြေးရေးလုပ်ငန်းတို့၏ အလုပ်လုပ်ပုံနှင့် များစွာ မကွာခြားလှချေ။ နွမ်းပါးသူများကို ငွေရေးကြေးရေးဝန်ဆောင်မှုလက်လှမ်းမီနိုင်ရေး သေချာစေရန် အကောင်းဆုံးနည်းလမ်းသည် ၎င်းတို့လက်လှမ်းမီနိုင်သော ငွေရေးကြေးရေးအဖွဲ့အစည်းများ အရေအတွက် တိုးချဲ့ပေးခြင်းနှင့် ၎င်းအဖွဲ့အစည်းများ၏ အရည်အသွေးကို မြှင့်တင်ရေးဖြစ်သည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ငွေရေးကြေးရေးအဖွဲ့အစည်းအမျိုးအစားများ စုံနိုင်သမျှစုံအောင် အားထုတ်မှုများ ရှိခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် အဖွဲ့အစည်းအမျိုးမျိုးသည် လိုအပ်ချက်အမျိုးမျိုးကို ဝန်ဆောင်မှုပေးနိုင်သောကြောင့်ဖြစ်သည်။


၂၀၁၄ခုနှစ်တွင် ရာစုနှစ်တစ်ခုနှင့် တစ်ဝက်စာ အတွေ့အကြုံအနှစ်ချုပ်ဖြစ်သော အချို့မူဝါဒများကို  CGAP က ပြုစုဖော်ပြခဲ့ပြီး ဇွန်လ ၂၀ရက် ၂၀၀၄ခုနှစ် G8 ထိပ်သီးအစည်းအဝေးပွဲတွင် ရှစ်ဦးအဖွဲ့ (Group Of Eight)မှ ခေါင်းဆောင်များမှ ထောက်ခံအတည်ပြုခဲ့သည်။ :

  1. နွမ်းပါးသူများ၏ ငွေရေးကြေးရေးလိုအပ်ချက်သည် ချေးငွေသက်သက်မဟုတ် ငွေစုခြင်းအာမခံလုပ်ငန်းနှင့် ငွေလွှဲခြင်း ဝန်ဆောင်မှုများလည်း ပါဝင်သည်။
  2. အသေးစားငွေရေးကြေးရေးလုပ်ငန်းသည် နွမ်းပါးသော အိမ်ထောင်စုများအတွက် ဝင်ငွေတိုးတက်စေခြင်းနှင့်အတူ ပိုင်ဆိုင်မှုများ တိုးတက်စေခြင်းနှင့် ၎င်းတို့ မထင်မှတ်ထားသည့် ငွေကြေးကြပ်တည်းချိန်တွင် အားကိုးရာအဖြစ် အသုံးဝင်စေရမည်။
  3. အသေးစားငွေရေးကြေးရေးလုပ်ငန်းသည် ကိုယ့်ဝင်ငွေအပေါ်တွင် ရပ်တည်နိုင်သည်။ အလှူရှင်များနှင့် အစိုးရ၏ ထောက်ပံ့ငွေများသည် ရှားပါးပြီး သေချာမှုမရှိသောကြောင့် နွမ်းပါးသူများများကို ဝန်ဆောင်မှုပေးနိုင်ရန် အသေးစားငွေရေးကြေးရေးလုပ်ငန်းများသည် ကိုယ်ဝင်ငွေအပေါ်ကိုယ် ရပ်တည်နိုင်ရမည်။
  4. အသေးစားငွေရေးကြေးရေးလုပ်ငန်းဆိုသည်မှာ အမြဲတည်တံ့နိုင်သော ဒေသအခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်ရမည်။
  5. အသေးစားငွေရေးကြေးရေးလုပ်ငန်းသည် နိုင်ငံ၏ နွမ်းပါးသော လူထု၏ ငွေရေးကြေးရေးဝန်ဆောင်မှုလိုအပ်ချက်ကို ဖြည့်စည်းသည့်လုပ်ငန်းနှင့်အတူ နိုင်ငံ၏ ငွေရေးကြေးရေးလည်ပတ်မှုစနစ်ထဲတွင် စနစ်တကျ ပေါင်းစည်းနိုင်ရမည်။
  6. အစိုးရတို့၏အလုပ်သည် ငွေရေးကြေးရေးဝန်ဆောင်မှုများကို ခွင့်ပြုပေးရန်ဖြစ်ပြီး ထောက်ပံ့ရန် မဖြစ်စေရ။
  7. အလှူရှင်များ၏အလှူငွေများသည် ပင်မငွေရင်းထောင်ပေးရန်သာဖြစ်သင့်သည်။ အခြားတစ်ခုနှင့် ယှဉ်ပြိုင်ရန် မဖြစ်သင့်ပါ။
  8. ဤလုပ်ငန်းနယ်ပယ်၏ တိုးတက်မှုကို ကြန့်ကြာစေသော အကြောင်းအရင်းမှာ အဖွဲ့အစည်းကောင်းများနှင့် မန်နေဂျာကောင်းများ ရှားပါးခြင်း ဖြစ်သည်။ အလှူရှင်များသည် ဝန်ထမ်းများ အရည်အသွေးမြင့်မားရေးကို အလေးထားသင့်သည်။
  9. အမြင့်ဆုံးအတိုးနှုန်းပမာဏသတ်မှတ်ခြင်းသည် အသေးစားငွေရေးကြေးရေးအဖွဲ့များကို လုပ်ငန်းစရိတ်မကျေအောင် ကန့်သတ်တတ်သောကြောင့် ချေးငွေရောင်းလိုအားကျဆင်းကာ နွမ်းပါးသူတို့ကို သွယ်ဝိုက်ထိခိုက်စေသည်။
  10. ငွေရေးကြေးရေးအဖွဲ့အစည်းများသည် ငွေရေးကြေးရေးတင်မကပဲ လူမှုရေးတိုးတက်မှုကိုပါ တိုင်းတာဖော်ပြသင့်သည်။

အသေးစားငွေရေးကြေးရေးလုပ်ငန်းသည် လူမှုစီးပွားရေးဖွံဖြိုးတိုးတက်စေရန် လှေခါးထစ်ဖြစ်သင့်ပြီး အလှူငွေနှင့် ရှင်းရှင်းလင်းလင်း ကွဲပြားသင့်သည်။ အလွန်တရာ ငွေကြေးခက်ခဲသော သို့မဟုတ် နွမ်းပါး၍ ချေးငွေတစ်ခုကို ပြန်ဆပ်ရန် လုံးဝမတတ်နိုင်သော မိသားစုများသာ အလှူငွေကို လက်ခံသင့်ပါသည်။ ထိုအခြေအနေနှင့် အကျုံးမဝင်သူများသည် ငွေရေးကြေးရေးအဖွဲ့အစည်းများမှ ဝန်ဆောင်မှုပေးသင့်သည်။ 

အသေးစားငွေရေးကြေးရေးလုပ်ငန်း၏ သမိုင်း[ပြင်ဆင်ရန်]

လူတော်တော်များများသည် အသေးစားငွေရေးကြေးရေးလုပ်ငန်းကို ၁၉၇၀ ခန့်တွင် ဒေါက်တာမိုဟာမက်ယူနွတ်စ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တီထွင်ခဲ့သည်ဟု သိကြပါသည်။ လက်တွေ့တွင် ဂရမ်မင်းစနစ် သည် လုပ်ငန်းငယ်များ ဖွံဖြိုးတိုးတက်စေရန် ငွေပမာဏအနည်းငယ်ကို အမျိုးသမီးများကို ဦးစားပေးချေးသည့် ခေတ်သစ်အသေးစားချေးငွေလုပ်ငန်း၏ ကနဦးအစပျိုးမှုသာဖြစ်ပါသည်။ သို့သော် အသေးစားငွေရေးကြေးရေးလုပ်ငန်းသည် နွမ်းပါးသူများကို ငွေရေးကြေးရေးဝန်ဆောင်မှုပေးခြင်းဟူ၍ ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပါယ်ဖွင့်ခဲ့သော် ငွေကြေးစနစ်နှင့် ကုန်သွယ်ရေးလုပ်ငန်းများ၏ သမိုင်းကဲ့သို့ပင် ရာစုနှစ်များစွာအထိ ရှေးကျပါသည်။

ချေးငွေလုပ်ငန်းနှင့် ငွေစုလုပ်ငန်းသည် ရာစုနှစ်ပေါင်းများစွာတည်ရှိခဲ့ပြီး ဖြစ်ပါသည်။ အာဖရိကတွင်ဆိုလျှင် ဆုစတ်စ်၊ တွန်တိုင်း၊ အိန္ဒိယနိုင်ငံတွင်ဆိုလျှင် ချစ်ငွေပင်ငွေရင်းလုပ်ငန်း (မြန်မာများက ချစ်တီးဟု သိကြသည်။)၊ အင်ဒိုနီးရှားနိုင်ငံတွင် အာရိစန်၊ သီရိလင်္ကာနိုင်ငံတွင် ချီတူလုပ်ငန်းတို့သည် ရှေးကျသေး လူထုအတွင်းငွေစုငွေချေးလုပ်ငန်း၏ အထင်ရှားဆုံးသော ဥပမာများ ဖြစ်ကြပါသည်။

ယနေ့ကျွန်ုပ်တို့သိနေသော အသေးစားငွေရေးကြေးရေးလုပ်ငန်းနှင့် အလွန်အလားသဏ္ဍန်တူသော တရားဝင်ငွေချေးလုပ်ငန်းသည် ၁၇၂၀ခုနှစ်များတွင် နွမ်းပါးသူများသို့ ငွေချေးပေးသော အိုင်ယာလန်ချေးငွေစနစ်တွင် တွေ့ရှိနိုင်သည်။ အဆိုပါအဖွဲ့အစည်းသည် နှောင်းပိုင်းတွင် ငွေမြုတ်နှံလိုသူနှင့် ငွေလိုအပ်သူကြားအကျိုးဆောင်စေ့စပ်ပေးသောအဖွဲ့အစည်းအဖြစ် ၁၈၂၃ ခုနှစ်တွင် ပြောင်းလဲခဲ့ပြီ ၁၈၄၀ခုနှစ်တွင် ချေးငွေစိစစ်ရေးဘုတ်အဖွဲ့ဖွဲ့စည်းကာ ချေးငွေပေါင်း ၃၀၀ ကျော်ကို ကာလတိုချေးငွေအဖြစ် ပေးအပ်ခဲ့သည်။

၁၈၀၀ခုနှစ်များတွင် ပြည်သူ့ဘဏ်၊ သမဝါယမနှင့် ချေးငွေသမဂ္ဂများသည် နွမ်းပါးသော ကျေးလက်နေလူထုများတိုးတက်စေရေးဦးတည်ကာ ပေါ်ပေါက်လာခဲ့ပြီး ဂျာမဏီနိုင်ငံတွင် ပထမဦးဆုံးလူထုအခြေပြုဘဏ်၊ ၁၇၇၈တွင် ပထမဦးဆုံးငွေကြေးအကျိုးတော်ဆောင်အဖွဲ့အစည်း၊ ၁၈၀၁တွင် လူထုစုငွေ ငွေပင်ငွေရင်းအဖွဲ့နှင့် ၁၈၈၉ တွင် မြို့ပြကျေးလက်ချေးငွေလုပ်ငန်းများချိတ်ဆက်ရေးအဖွဲ့ကို ဖွဲ့စည်းခြင်းတို့လည်း အသီးသီးပေါ်ပေါက်လာခဲ့သည်။

အဆိုပါလုပ်ငန်းသည် ၁၉၉၀နှစ်များအထိ ကမ္ဘာအနှံ့တွင် ဆက်လက်တိုးတက်လာခဲ့သည်။ အထူးသဖြင့် လက်တင်အမေရိကတွင် ကျေးလက်နေပြည်သူများရင်းနှီးမြှုတ်နှံမှုတိုးတက်လာရန် ရည်ရွယ်ချက်ဖြင့် ပိုမိုထင်ရှားလာခဲ့ပါသည်။ ၁၉၅၀နှစ်များနှင့် ၇၀ခုနှစ်များတွင် စိုက်ပျိုးရေးချေးငွေများအဖြစ် တောင်သူလယ်သမားအငယ်များကို ဦးတည်ကာ အပေါင်ပစ္စည်းမဲ့ချေးပေးသည့် စနစ်ကို ကျင့်သုံးခဲ့သည်။ သို့သော် အခြေအနေမကောင်းခဲ့ပေ။ ဆိုးရွားသော ငွေပြန်လည်သိမ်းဆည်းနိုင်မှုနှင့် ကြုံခဲ့သည်။

၁၉၇၀ခုနှစ်များတွင် အရေးကြီးသော အပြောင်းအလဲဖြစ်သော ဝင်ငွေရလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အုပ်စုလိုက်ငွေချေးခြင်း၊ အပြန်အလှန်အာမခံငွေချေးခြင်းတို့ ထွန်းကားလာခဲ့သည်။

Notes[ပြင်ဆင်ရန်]

Further reading[ပြင်ဆင်ရန်]

  • Social finance

External links[ပြင်ဆင်ရန်]