ပြည်တော်သာစီမံကိန်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

၁၉၅၂ ခုနှစ် ဩဂုတ်လတွင် ဝန်ကြီးချုပ်ဦးနုသည် ပြည်တော်သာ ၅နှစ်စီမံကိန်းကို ကြေငြာခဲ့သည်။ ပြည်တော်သာစီမံကိန်းသည် တော်ဝင်လယ်သမားများနိုင်ငံအဖြစ် ဖွင့်ဆိုပါသည်။ ထိုစီမံကိန်းသည် ဦးနု၏ နိုင်ငံရေးပန်းတိုင်ဖြစ်သော ငြိမ်းချမ်းရေး၊ ကြီးပွားချမ်းသာရေးနှင့် ဗုဒ္ဓဘာသာလောကနီတိများကို အခြေခံသော ဒီမိုကရက်တစ်ဆိုရှယ်လစ်နိုင်ငံတော် တည်ထောင်ရေးဖြစ်သည်။ စက်မှုလုပ်ငန်းကို အခြေခံသော စီးပွားရေးတည်ဆောက်ခြင်းသည် ပြည်တော်သာစီမံကိန်း၏ ပင်မဗဟိုအတွေးအခေါ်ဖြစ်ပြီး ကိုလိုနီခေတ် ကုန်ကြမ်းသာ ထုတ်လုပ်သော စီးပွားရေးအခြေအနေကို ပြောင်းလဲရန်ဖြစ်သည်။ စိုက်ပျိုးရေးနှင့် စက်မှုထွန်းကားရေး မျှတစွာ ဖွံ့ဖြိုးရမည့်ရည်မှန်းချက်လည်း ထားရှိသည်။

အကြံပေးအဖွဲ့[ပြင်ဆင်ရန်]

Knappen, Tippetts and Abbott (KTA) Engineering Company ၏ ကြီးကြပ်မှု အောက်တွင် လုပ်ကိုင်သော စီးပွားရေးအကြံပေးအဖွဲ့ Robert R. Nathan Associates မှ စီးပွားရေးပညာရှင်များမှ စီးပွားရေးနှင့် အင်ဂျင်နီယာပိုင်းဆိုင်ရာများကို ရေးဆွဲခဲ့သည်။ ကနဦးပိုင်းတွင် အမေရိကန်ပြည်ထောင်စုမှ နိုင်ငံခြား ထောက်ပံ့ငွေများနှင့် လည်ပတ်ခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန် ကျောထောက်နောက်ခံပေးထားသော ကူမင်တန်တရုတ်ဖြူကျူးကျော်စစ်အပေါ် အငြင်းပွားမှုကြောင့် ထောက်ပံ့မှုများကို ရပ်တန့်ခဲ့သည်။ ထို့ကြောင့် လက်ကျန်အချိန်များကို ဗမာအစိုးရ၏ ကိုယ်ပိုင်ဘတ်ဂျက်ငွေဖြင့် လည်ပတ်ခဲ့သည်။ KTA သည် အများအားဖြင့် ဆောက်လုပ်ရေးစီမံကိန်းများတွင် အဓိက လုပ်ဆောင်ပြီး စီးပွားရေးကဏ္ဍအတွက် Nathan company မှ Robert Nathan နှင့် ထိုကုမ္ပဏီ၏ အဓိက စီးပွားရေးပညာရှင် Louis Walinsky တို့ကို ဦးဆောင်ရန် ထပ်မံစာချုပ် ချုပ်ခဲ့သည်။ Nathan ကုမ္ပဏီသည် Roosevelt နှင့် Truman အစိုးရတို့နှင့် ခိုင်မာသော ဆက်ဆံရေးရှိပြီး အမေရိကန်အစိုးရ၏ နိုင်ငံ့စာရင်းကိုင်လုပ်ငန်းကို စတင်ထူထောင်ပေးသော စွန့်ဦးတီထွင်သူများဖြစ်ကြသည်။ ထိုကုမ္ပဏီသည် ပြည်တော်သာစီမံကိန်းကဲ့သို့သော လုပ်ငန်းများကို စစ်ပြီးခေတ်နောက်ပိုင်းတွင် ပြင်သစ်၊ ကိုရီးယား၊ အီရန်၊ အင်ဒိုနီးရှား၊ နိုင်ဂျီးရီးယားနှင့် ထိုင်းနိုင်ငံတို့တွင် လုပ်ဆောင်ဖူးသည့် အတွေ့အကြုံများရှိသည့် ကုမ္ပဏီဖြစ်သည်။

ဆောင်ရွက်ပုံ[ပြင်ဆင်ရန်]

KTA ၏ အကြံပေးချက်များသည် ဗမာ့နိုင်ငံ၏ ငွေရေးကြေးရေးအခြေအနေကို အလွန်ပိုတွက်မိသည့် ပြဿနာကို ရင်ဆိုင်ရသည်။ အကြံပေးချိန်တွင် ကိုရီးယားစစ်ပွဲကြောင့် မြန်မာနိုင်ငံပို့ကုန် မျက်နှာပန်းလှနေချိန်ကို ရေရှည်တည်မြဲမည်ဟု ယူဆပြီး အစီအစဉ်ရေးဆွဲခဲ့သည်။ အထူးသဖြင့် ရေရှည်တည်တံ့နိုင်သော ငွေရေးကြေးရေးစနစ်တစ်ခုကို တည်ဆောက်ရန် အရေးကြီးသည့်ကဏ္ဍကို လျော့တွက်ခဲ့သည်။ ပြည်ထောင်စုစိုက်ပျိုးရေးဘဏ်ကို ထူထောင်ပြီး အရင်းအနှီးထုတ်ပေးရန် အစီအစဉ်တချို့ပါသော်လည်း လုံလောက်မှု မရှိခဲ့ချေ။

အစီအစဉ်သည် လယ်သမားများကို ငွေကြေးအရင်းအနှီးများ ထုတ်ပေးကာ ကူညီပေးဖို့ ကြိုးစားခဲ့သော်လည်း ငွေကြေးအင်အား၊ အတတ်ပညာရှင်အင်အားနှင့် နည်းပညာအင်အား မလုံလောက်ခဲ့သည့်အပြင် စီမံခန့်ခွဲ့မှု အားနည်းသောကြောင့် အပြောင်းအလဲကို ဖော်ဆောင်ရန် လုံလောက်သော ထိရောက်မှုမရှိခဲ့ချေ။

ကိုးကား[ပြင်ဆင်ရန်]

Fiery dragons : banks, moneylenders and microfinance in Burma, Sean Turnell, 2009