မာရတဇ္ဇနီယသုတ်

ဝီကီပီးဒီးယား မှ

မာရတဇ္ဇနီယသုတ်

မူလပဏ္ဏာသပါဠိတော်တွင် စူဠယမကဝဂ် အပါအဝင်ဝဂ်(၅)ဝဂ်ပါဝင်ပါသည်။ ၎င်းတို့မှာ-[ပြင်ဆင်ရန်]

        (၁)     မူလပရိယာယဝဂ်[ပြင်ဆင်ရန်]

         (၂)         သီဟနာဒဝဂ်[ပြင်ဆင်ရန်]

         (၃)         ဩပမ္မဝဂ်[ပြင်ဆင်ရန်]

         (၄)         မဟာယမကဝဂ်[ပြင်ဆင်ရန်]

         (၅)        စူဠယမကဝဂ် တို့ဖြစ်ကြပါသည်။[ပြင်ဆင်ရန်]

ထို ဝဂ် (၅)ဝဂ်ထဲတွင်ပါဝင်သည့် စူဠယမကဝဂ်တွင်လည်း သုတ် (၁၀)သုတ် ပါဝင်ပါသည်။ ၎င်းတို့မှာ-[ပြင်ဆင်ရန်]

            (၁)         သာလေယျကသုတ်[ပြင်ဆင်ရန်]

            (၂)         ဝေရဉ္ဇကသုတ်[ပြင်ဆင်ရန်]

            (၃)         မဟာဝေဒလ္လသုတ်[ပြင်ဆင်ရန်]

            (၄)         စူဠဝေဒလ္လသုတ်[ပြင်ဆင်ရန်]

            (၅)         စူဠဓမ္မသမာဒါနသုတ်[ပြင်ဆင်ရန်]

            (၆)         မဟာဓမ္မသမာဒါနသုတ်[ပြင်ဆင်ရန်]

            (၇)         ဝီမံသကသုတ်[ပြင်ဆင်ရန်]

            (၈)         ကောသမ္ဗိယသုတ်[ပြင်ဆင်ရန်]

            (၉)         ဗြဟ္မနိမန္တနိကသုတ်[ပြင်ဆင်ရန်]

            (၁၀)      မာရတဇ္ဇနီယသုတ် တို့ဖြစ်ကြပါသည်။[ပြင်ဆင်ရန်]

             ယခု ရေးသားတင်ပြခဲ့သော စာတမ်း “မာရတဇ္ဇနီယသုတ်” သည် (၅)ဝဂ် (၁၀)သုတ် ပါဝင်သည့်အတွက် သုတ် (၅၀) နောက်ဆုံးသုတ်ဖြစ်ပါသည်။

မဇ္ဈိမနိကာယ်၊ ၁ဝ— မာရတဇ္ဇနီယသုတ် ကို လေ့လာခြင်း                        အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်ဟု အရှင်အာနန္ဒာမထေရ်က အစချီ ကာ သုတ်ကို အစပြုထားပါသည်။

                       အခါတစ်ပါး၌ အသျှင်မဟာမောဂ္ဂလာန်သည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ ဘေသကဠာမည်သောသမင်တော၌ နေတော်မူ၏။ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် လွင်တီးခေါင်၌ စင်္ကြံသွား၏။ ထိုအခါ မာရ်နတ်ယုတ်သည် အသျှင်မဟာမောဂ္ဂလာန်၏ အူတွင်းသို့ ဝင်သည်ဖြစ်၍ ဝမ်း၌ ရောက်နေ၏။

                       ထိုအခါ အသျှင်မဟာမောဂ္ဂလာန်အား

                       “အသို့နည်း၊ ငါ၏ ဝမ်းသည် အလွန်လေးသကဲ့သို့ ဖြစ်၏၊ ပဲဆွမ်းဖြင့် ပွပြည့်ယောင်တကား”

ဟု စိတ်အမှတ်သည် ဖြစ်၏။

                       ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် စင်္ကြံမှ သက်ဆင်း၍ ကျောင်းသို့ ဝင်ကာ ခင်းထားသော နေရာ၌ထိုင်ပြီးသော် မိမိကိုယ်ကို အသင့်အားဖြင့် နှလုံးသွင်း၏။ အသျှင်မဟာမောဂ္ဂလာန်သည် မာရ်နတ်ယုတ်ကို ဝမ်းထဲသို့ ရောက်၍ အူအတွင်း၌ ဝင်နေသည်ကို မြင်၍ မာရ်နတ်ယုတ်အား—

                      “မာရ်နတ်ယုတ် ထွက်လော့၊ မာရ်နတ်ယုတ် ထွက်လော့၊ မြတ်စွာဘုရားကို မညှဉ်းဆဲလင့်၊ မြတ်စွာဘုရား၏ တပည့်သာဝကကို မညှဉ်းဆဲလင့်၊ သင့်အား ရှည်ကြာစွာသော ကာလပတ်လုံး အစီးအပွါးမဲ့ရန် ဆင်းရဲရန် မဖြစ်စေလင့်”

ဟု ဆို၏။ ထိုအခါ မာရ်နတ်ယုတ်အား ဤသို့သော အကြံသည် ဖြစ်၏။

                       “ငါ့ကို ဤရဟန်းသည် မသိဘဲ မမြင်ဘဲသာလျှင် ‘မာရ်နတ်ယုတ် ထွက်လော့၊ မာရ်နတ်ယုတ် ထွက်လော့၊ မြတ်စွာဘုရားကို မညှဉ်းဆဲလင့်၊ မြတ်စွာဘုရား၏ တပည့်သာဝကကို မညှဉ်းဆဲလင့်၊ သင့်အားရှည် ကြာစွာသော ကာလပတ်လုံး အစီးအပွါးမဲ့ရန် ဆင်းရဲရန် မဖြစ်စေလင့်”

ဟု ဆို၏။

                       ထိုရဟန်း၏ဆရာ (မြတ်စွာဘုရား) သော်မှလည်း ငါ့ကို လျင်မြန်စွာ မသိနိုင်ရာ၊ ဤတပည့်သာဝကသည် ငါ့ကိုအဘယ်မှာ သိနိုင်လိမ့်မည်နည်း” ဟု အကြံသည် ဖြစ်၏။

                       ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် မာရ်နတ်ယုတ်အား—

                       “မာရ်နတ်ယုတ် ဤသို့လည်း သင့်ကို ငါသိ၏၊ သင်သည် ‘ငါ့ကို မသိ’ဟု မထင်မှတ်လင့်၊ မာရ်နတ်ယုတ် သင်သည် မာရ်နတ်ဖြစ်၏၊ မှန်၏၊ မာရ်နတ်ယုတ် သင့်အား ‘ငါ့ကို ဤရဟန်းသည် မသိဘဲမမြင်ဘဲသာလျှင် ‘မာရ်နတ်ယုတ် ထွက်လော့၊ မာရ်နတ်ယုတ် ထွက်လော့၊ မြတ်စွာဘုရားကို မညှဉ်းဆဲလင့်၊ မြတ်စွာဘုရား၏ တပည့်သာဝကကို မညှဉ်းဆဲလင့်၊ သင့်အား ရှည် (ကြာ) စွာသော ကာလပတ်လုံးအစီးအပွါးမဲ့ရန် ဆင်းရဲရန် မဖြစ်စေလင့်”

ဟု ဆို၏။

                       ထိုရဟန်း၏ဆရာ (မြတ်စွာဘုရား) သော်မှလည်း “ငါ့ကို လျင်မြန်စွာ မသိနိုင် ရာ၊ ဤတပည့်သာဝကသည် ငါ့ကို အဘယ်မှာ သိနိုင်လိမ့်မည်နည်း”

ဟု ဤသို့အကြံ ဖြစ်ဘိ၏” ဟု မိန့်ဆို၏။

ထိုအခါ မာရ်နတ်ယုတ်အား ဤသို့ အကြံဖြစ်ပြန်၏။

                       “ငါ့ကို ဤရဟန်းသည် သိ၍ မြင်၍သာလျှင် ‘မာရ်နတ်ယုတ် ထွက်လော့၊ မာရ်နတ်ယုတ် ထွက် လော့၊ မြတ်စွာဘုရားကို မညှဉ်းဆဲလင့်၊ မြတ်စွာဘုရား၏ တပည့်သာဝကကို မညှဉ်းဆဲလင့်၊ သင့်အားရှည် (ကြာ) စွာသော ကာလပတ်လုံး အစီးအပွါး မဲ့ရန် ဆင်းရဲရန် မဖြစ်စေလင့်’

ဟု ဆို၏” ဟု (ဤအကြံသည် ဖြစ်ပြန်၏)။

                       ထိုအခါ မာရ်နတ်ယုတ်သည် အသျှင်မဟာမောဂ္ဂလာန်၏ ခံတွင်းမှ ထွက်၍ တံခါးရွက် အပြင်ဘက်၌ရပ်တည်၏။

                       အသျှင်မဟာမောဂ္ဂလာန်သည် မာရ်နတ်ယုတ် တံခါးရွက် အပြင်ဘက်၌ ရပ်တည်သည်ကို မြင်၍မာရ်နတ်ယုတ်ကို မာရ်နတ်ယုတ် ဤနေရာ၌လည်း သင့်ကို ငါမြင်၏၊ သင်သည် “ငါ့ကို မမြင်” ဟုမထင်မှတ်လင့်။

                       မာရ်နတ်ယုတ် ဤသင်သည် တံခါးရွက် အပြင်ဘက်၌ ရပ်တည်၏။ မာရ်နတ် ရှေး၌ဖြစ်ဖူးသည်ကား ငါသည် “ဒူသီမည်သော မာရ်နတ်” ဖြစ်ခဲ့ဖူး၏၊

                       ထိုငါ့အား “ကာဠီမည်သော နှမ” သည် ရှိ၏။ သင်သည် ထိုနှမ၏သားတည်း၊ သင်သည် ငါ၏တူဖြစ်၏။ မာရ်နတ် ထိုအခါ (ကိလေသာ) ရန်သူကို သတ်တတ်သော (တရားအားလုံးကို) ကိုယ်တိုင်မှန်ကန်စွာ သိ်တော်မူသော ကကုသန္ဓမြတ်စွာဘုရားသည် လောက၌ ဖြစ်တော်မူခဲ့၏။

                       မာရ်နတ် (ကိလေသာ) ရန်သူကို သတ်တတ်သော (တရားအားလုံးကို) ကိုယ်တိုင် မှန်စွာသိတော်မူသော “ကကုသန္ဓမြတ်စွာဘုရား” အား “ဝိဓုရ” နှင့် “သဉ္ဇီဝ” မည် သော တပည့်သာဝကအစုံသည် ရှိ၏၊ မြတ်၏၊ ကောင်းသော အစုံဖြစ်၏။ မာရ်နတ် (ကိလေသာ) ရန်သူကို သတ်တတ်သော (တရားအားလုံးကို) ကိုယ်တိုင် မှန်စွာ သိတော် မူသော “ကကုသန္ဓမြတ်စွာဘုရား” အား ရှိသမျှ တပည့်သာဝကတို့တွင် တစ်စုံတစ်ယောက်မျှ လည်း တရားဟောခြင်းအားဖြင့် “အသျှင်ဝိဓုရ” နှင့် တူမျှသူ မရှိ။ မာရ်နတ် ဤအကြောင်း ကြောင့် “ဝိဓုရ” ဟူ၍သာလျှင် “အသျှင်ဝိဓုရ” အမည်သည် ထင်ရှားခဲ့၏။

                       မာရ်နတ် “အသျှင်သဉ္ဇီဝ” သည်ကား တောသို့ ကပ်၍လည်းကောင်း၊ သစ်ပင် ရင်းသို့ ကပ်၍လည်း ကောင်း၊ ဆိတ်ငြိမ်ရာသို့ ကပ်၍လည်းကောင်း လွယ်ကူစွာ သာလျှင် မှတ်သားမှု ‘သညာ’, ခံစားမှု ‘ဝေဒနာ’ တို့ ချုပ်ရာ “နိရောဓသမာပတ်” ကို ဝင်စား၏။

                       မာရ်နတ် ရှေး၌ဖြစ်ဖူးသည်ကား “အသျှင်သဉ္ဇီဝ” သည် တစ်ခုသော သစ်ပင်ရင်း၌ မှတ်သားမှု ‘သညာ’ ခံစားမှု ‘ဝေဒနာ’တို့ ချုပ်ရာ နိရောဓသမာပတ်ကို ဝင်စားလျက် ထိုင်နေ၏။

                       မာရ်ယုတ် နွားကျောင်းသား၊ ဆိတ်ကျောင်းသား၊ သိုးကျောင်းသား လယ်သမား ခရီးသွားတို့သည် တစ်ခုသော သစ်ပင်ရင်း၌ မှတ်သား့မှု ‘သညာ’ ခံစားမှု ‘ဝေဒနာ’ တို့ ချုပ်ရာ နိရောဓသမာပတ်ကို ဝင်စားလျက် ထိုင်နေသော “အသျှင်သဉ္ဇီဝ”  ကိုမြင်ကုန်၍ ထိုသူတို့အား

                       “အချင်းတို့ အံ့သြဖွယ် ဖြစ်ပါပေစွ၊ မဖြစ်စဖူးဖြစ်ပါပေစွ၊ ဤရဟန်းသည် ထိုင်လျက်သာလျှင် သေနေ၏၊ ယခု ထိုရဟန်းကို မီးရှို့ကုန်အံ့”

ဟု အကြံဖြစ်၏။

                       မာရ်နတ် ထိုအခါ ထိုနွားကျောင်းသား ဆိတ်ကျောင်းသား သိုးကျောင်းသား လယ်သမား ခရီးသွားတို့သည် မြက်ကိုလည်းကောင်း၊ သစ်သားကိုလည်းကောင်း၊ နွားချေးကို လည်းကောင်း စုရုံး၍ “အသျှင်သဉ္ဇီဝ” ၏ ကိုယ်၌ ထက်ဝန်းကျင်စုပုံပြီး မီးရှို့ကာ ဖဲခွါသွားကြကုန်၏။

                       မာရ်နတ် ထိုအခါ “အသျှင်သဉ္ဇီဝ” သည် ထိုညဉ့်လွန်သဖြင့် ထိုသမာပတ်မှ ထပြီးသော် သင်္ကန်းတို့ကို ခါ၍နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်ပြီးလျှင် သပိတ်သင်္ကန်းကို ယူဆောင်လျက် ရွာသို့ ဆွမ်းအလို့ငှါဝင်၏။

                       မာရ်နတ် ထိုနွားကျောင်းသား ဆိတ်ကျောင်းသား သိုးကျောင်းသား လယ်သမား ခရီးသွားတို့သည် “အသျှင်သဉ္ဇီဝ”  ဆွမ်းအလို့ငှါ ကြွ (သွား) သည်ကို မြင်ကုန်၍ ထိုသူတို့အား

                       “အချင်းတို့ အံ့သြဖွယ်ဖြစ်ပါပေစွ၊ အချင်းတို့ မဖြစ်စဖူး ဖြစ်ပါပေစွ၊ ရဟန်းသည် ထိုင်လျက်သာလျှင် သေနေ၏၊ ထိုရဟန်းသည် တစ်ဖန် အသက်ရှင်ပြန်၏”

ဟု အကြံဖြစ်၏။

                       မာရ်နတ် ဤသို့လျှင် ဤအကြောင်းကြောင့် ‘သဉ္ဇီဝ’ ဟူ၍သာလျှင် “အသျှင်သဉ္ဇီဝ” ၏ အမည်သည် ထင်ရှားခဲ့၏။


                       မာရ်နတ် ထိုအခါ “ဒူသီမာရ်နတ်” အား

                       “ငါသည် ဤစောင့်စည်းမှု သီလရှိသူ ကောင်းသောသဘောရှိသူ ရဟန်းတို့၏ ဖြစ်ပုံကိုလည်းကောင်း၊ လားပုံကိုလည်းကောင်း မသိ၊ ငါသည် ပုဏ္ဏား အိမ့်ရှင် တို့ကို သင်တို့သည် လာကုန်လော့၊ အကျင့်သီလရှိသူ ကောင်းသော သဘောရှိသူ ရဟန်းတို့ကို ဆဲရေးကုန်လော့၊ ရေရွတ်ကုန်လော့၊ ခြုတ်ခြယ် ကုန်လော့၊ ညှဉ်းဆဲကုန်လော့။ သင်တို့ အဆဲရေး အရေရွတ်အခြုတ်ခြယ် အညှဉ်းဆဲခံရကုန်သော ရဟန်းတို့၏ စိတ်ဖောက်ပြန်ခြင်းသည် ဖြစ်တန် ကောင်းရာ၏၊ ယင်းအကြောင်းကြောင့် “ဒူသီမာရ်နတ်” သည် အခွင့် (အလမ်း) ကို ရနိုင်တန်ရာ၏”

ဟူသော ရည်ရွယ်ချက်ဖြင့်လှည့်ပတ်ရမူ ကောင်းပေမည်ဟု အကြံဖြစ်၏။

                       မာရ်နတ် ထိုအခါ “ဒူသီမာရ်နတ်” သည် ထိုပုဏ္ဏားအိမ့်ရှင်တို့ကို

                       “သင်တို့သည် လာကုန်လော့၊ စောင့်စည်းမှု သီလရှိသူ ကောင်းသော သဘောရှိသူ ရဟန်းတို့ကို ဆဲရေးကုန်လော့၊ ရေရွတ်ကုန်လော့၊ ခြုတ်ခြယ် ကုန်လော့၊ ညှဉ်းဆဲကုန်လော့။ သင်တို့ ဆဲရေး ရေရွတ်ခြုတ်ခြယ် ညှဉ်းဆဲခံ ရကုန်သော ရဟန်းတို့၏ စိတ်ဖောက်ပြန်ခြင်းသည် ဖြစ်တန်ရာ၏၊ ယင်း အကြောင့်ကြောင့် ဒူသီမာရ်နတ်သည် အခွင့် (အလမ်း) ကို ရနိုင်တန်ရာ၏”

ဟူသော ရည်ရွယ်ချက်ဖြင့် လှည့်ပတ်၏။

                       မာရ်နတ် ထိုအခါ ထိုပုဏ္ဏားအိမ်ရှင်တို့သည် “ဒူသီမာရ်နတ်” အလှည့်အပတ် ခံရကုန်၍ စောင့်စည်းမှုသီလရှိသူ ကောင်းသောသဘောရှိသူ ရဟန်းတို့ကို

                       “အောက်တန်းစား ဖြစ်ကုန်သော မည်းညစ်သော သဘောရှိကုန်သော ဗြဟ္မာ့ ခြေဖမိုးမှ မွေးဖွားကုန်သော ဤဦးပြည်းရဟန်းယုတ်တို့သည် ‘ငါတို့ ဈာန်ဝင်စားသူတို့ တည်း၊ ငါတို့ဈာန်ဝင်စားသူတို့တည်း’ ဟု လည်ပင်းငိုက်ဆိုက် မျက်နှာအောက်ချကာ ပျင်းရိ လေးထိုင်းခြင်း ဖြစ်ကုန်လျက်ကြံစည်ကြကုန်၏၊ ကြံမှိုင်ကြကုန်၏၊ အထူးကြံမှိုင်ကြ ကုန်၏၊ ထိုမှ ဤမှကြံမှိုင်ကြ ကုန်၏။

                       ဥပမာသော်ကား

                       ခင်ပုပ်ငှက်သည် သစ်ကိုင်း၌ ကြွက်ကို စောင့်စားလျက်ကြံစည်၏၊ ကြံမှိုင်၏၊ အထူးကြံမှိုင်၏၊ ထိုမှဤမှကြံမှိုင်၏။

                       ဤအတူပင်

                       အောက်တန်းစားဖြစ်ကုန်သော မည်းညစ်သောသဘောရှိကုန်သော ဗြဟ္မာ့ ခြေဖမိုးမှ မွေးဖွားကုန်သော ဤဦးပြည်းရဟန်းယုတ်တို့သည် ‘ငါတို့ဈာန် ဝင်စားသူတို့တည်း၊ ငါတို့ ဈာန်ဝင်စားသူတို့တည်း’ ဟု လည်ပင်း ငိုက်ဆိုက် မျက်နှာအောက်ချကာ ပျင်းရိလေး ထိုင်းခြင်း ဖြစ်ကုန်လျက် ကြံစည်ကြကုန်၏၊ ကြံမှိုင်ကြကုန်၏၊ အထူးကြံမှိုင်ကြကုန်၏၊ ထိုမှ ဤမှကြံမှိုင်ကြကုန်၏။

                       ဥပမာသော်ကား

                       မြေခွေးသည် မြစ်ကမ်း၌ ငါးတို့ကို စောင့်စားလျက်ကြံစည်၏၊ ကြံမှိုင်၏၊ အထူးကြံမှိုင်၏၊ ထိုမှဤမှကြံမှိုင်၏။

                       ဤအတူပင်လျှင်

                       အောက်တန်းစားဖြစ်ကုန်သော မည်းညစ်သော သဘော့ရှိကုန်သော ဗြဟ္မာ့ ခြေဖမိုးမှ မွေးဖွားကုန်သော ဤဦးပြည်းရဟန်းယုတ်တို့သည် ‘ငါတို့ ဈာန်ဝင်စား သူတို့တည်း၊ ငါတို့ ဈာန်ဝင်စားသူတို့တည်း’ ဟု လည်ပင်းငိုက်ဆိုက် မျက်နှာအောက်ချကာ ပျင်းရိလေးထိုင်းခြင်း ဖြစ်ကုန်လျက် ကြံစည်ကြကုန်၏၊ ကြံမှိုင်ကြကုန်၏၊ အထူးကြံမှိုင် ကြကုန်၏၊ ထိုမှ ဤမှကြံမှိုင်ကြကုန်၏။

                       ဥပမာသော်ကား

                       ကြောင်သည် အိမ်(ခြံ)စပ် မစင်အညစ်အကြေးထွက်ရာမြောင်း အမှိုက်စွန့်ရာ ၌ ကြွက်ကို စောင့်စားလျက်ကြံစည်၏၊ ကြံမှိုင်၏၊ အထူးကြံမှိုင်၏၊ ထိုမှဤမှကြံမှိုင်၏။

                       ဤအတူပင်လျှင်

                       အောက်တန်းစားဖြစ်ကုန်သော မည်းညစ်သော သဘောရှိကုန်သော ဗြဟ္မာ့ ခြေဖမိုးမှ မွေးဖွားကုန်သော ဤဦးပြည်းရဟန်းယုတ်တို့သည် ‘ငါတို့ ဈာန်ဝင်စားသူတို့တည်း၊ ငါတို့ ဈာန်ဝင်စားသူတို့တည်း’ ဟု လည်ပင်းငိုက်ဆိုက် မျက်နှာအောက်ချကာ ပျင်းရိလေး ထိုင်းခြင်းဖြစ်ကုန်လျက်ကြံစည်ကြကုန်၏၊ ကြံမှိုင်ကြကုန်၏၊ အထူးကြံမှိုင်ကြကုန်၏၊ ထိုမှ ဤမှကြံမှိုင်ကြကုန်၏။

                       ဥပမာသော်ကား

                       မြည်းသည် ကျောက်ကုန်းပေါက်သော် အိမ်ခြံစပ် မစင်အညစ်အကြေး ထွက်ရာ မြောင်းအမှိုက်စွန့်ရာ၌ကြံစည်၏၊ ကြံမှိုင်၏၊ အထူးကြံမှိုင်၏၊ ထိုမှ ဤမှကြံမှိုင်၏။

                       ဤအတူပင်လျှင်

                       အောက်တန်း စားဖြစ်ကုန်သော မည်းညစ်သော သဘောရှိကုန်သော ဗြဟ္မာ့ ခြေဖမိုးမှ ဖြစ်ကုန်သော ဤဦးပြည်းရဟန်းယုတ်တို့သည် ‘ငါတို့ ဈာန်ဝင်စားသူတို့တည်း၊ ငါတို့ ဈာန်ဝင်စားသူတို့တည်း’ ဟု လည်ပင်းငိုက်ဆိုက် မျက်နှာအောက်ချကာ ပျင်းရိလေး ထိုင်းခြင်း ဖြစ်ကုန်လျက်ကြံစည်ကြကုန်၏၊ ကြံမှိုင်ကြကုန်၏၊ အထူးကြံမှိုင်ကြကုန်၏၊ ထိုမှ ဤမှကြံမှိုင်ကြကုန်၏ ဟု ဆဲရေးကုန်၏၊ ရေရွတ်ကုန်၏၊ ချုတ်ချယ် ကုန်၏၊ ညှဉ်းဆဲကုန်၏။

                       မာရ်နတ် ထိုအခါ သေသောလူတို့သည် များသောအားဖြင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ချမ်းသာမရှိသော မကောင်းသောသူတို့လားရာ ပျက်စီး၍ ကျရာ ငရဲသို့ ရောက်ရကုန်၏။

                       မာရ်နတ် ထိုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (တရားအားလုံးကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော “ကကုသန္ဓမြတ်စွာဘုရား” သည် ရဟန်းတို့ကို မိန့်တော် မူ၏။

                       ရဟန်းတို့ ပုဏ္ဏားအိမ့်ရှင်တို့ကို “ဒူသီမာရ်နတ်” သည် သင်တို့ လာကုန်လော့၊ စောင့်စည်းမှု သီလရှိသူ ကောင်းသောသဘောရှိသူရဟန်းတို့ကို ဆဲရေးကုန်လော့၊ ရေရွတ် ကုန်လော့၊ ခြုတ်ခြယ်ကုန်လော့၊ ညှဉ်းဆဲကုန်လော့။ သင်တို့အဆဲရေး အရေရွတ် အခြုတ် ခြယ် အညှဉ်းဆဲခံရကုန်သော ရဟန်းတို့၏ စိတ်ဖောက်ပြန်ခြင်းသည်ဖြစ်ကောင်းတန်ရာ၏၊

                       ယင်းအကြောင်းကြောင့် “ဒူသီမာရ်နတ်” သည် အခွင့်(အလမ်း) ကိုရနိုင်တန် ရာ၏ ဟူသော ရည်ရွယ်ချက်ဖြင့် လှည့်ပတ်၏။

                       ရဟန်းတို့ သင်တို့သည် လာကုန်လော့

                       မေတ္တာနှင့် ယှဉ်သောစိတ်ဖြင့် တစ်ခုသော အရပ်ကို ပျံ့နှံ့ စေ၍နေကုန်လော့။

                       ကရုဏာနှင့် ယှဉ်သောစိတ်ဖြင့် တစ်ခုသောအရပ်ကိုပျံ့နှံ့ စေ၍နေကုန်လော့။

                       မုဒိတာနှင့် ယှဉ်သောစိတ်ဖြင့် တစ်ခုသောအရပ်ကို ပျံ့နှံ့ စေ၍နေကုန်လော့။

                       ဥပေက္ခာနှင့် ယှဉ်သောစိတ်ဖြင့် တစ်ခုသောအရပ်ကိုပျံ့နှံ့စေ၍နေကုန်လော့။

                       ထို့အတူ

                       နှစ်ခုမြောက် အရပ်ကို ပျံ့နှံ့စေ၍ နေကုန်လော့။

                       သုံးခုမြောက် အရပ်ကို ပျံ့နှံ့စေ၍ နေကုန်လော့။

                       လေးခုမြောက် အရပ်ကို ပျံ့နှံ့စေ၍ နေကုန်လော့။

                       ဤနည်းအားဖြင့် အထက်, အောက်, ဖီလာ, အလုံးစုံသောအရပ် အလုံးစုံ သော သတ္တဝါတို့၌ မိမိနှင့်အတူ ပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြော သော မြတ်သော အပိုင်းအခြား မရှိသော ရန်မရှိသော ကြောင့်ကြမရှိသော

                       မေတ္တာနှင့် ယှဉ်သောစိတ်ဖြင့် တစ်ခုသော အရပ်ကို ပျံ့နှံ့ စေ၍နေကုန်လော့။

                       ကရုဏာနှင့် ယှဉ်သောစိတ်ဖြင့် တစ်ခုသောအရပ်ကိုပျံ့နှံ့ စေ၍နေကုန်လော့။

                       မုဒိတာနှင့် ယှဉ်သောစိတ်ဖြင့် တစ်ခုသောအရပ်ကို ပျံ့နှံ့ စေ၍နေကုန်လော့။

                       ဥပေက္ခာနှင့် ယှဉ်သောစိတ်ဖြင့် တစ်ခုသောအရပ်ကိုပျံ့နှံ့စေ၍နေကုန်လော့။

                       ထို့အတူ

                       နှစ်ခုမြောက် အရပ်ကို ပျံ့နှံ့စေ၍ နေကုန်လော့။

                       သုံးခုမြောက် အရပ်ကို ပျံ့နှံ့စေ၍ နေကုန်လော့။

                       လေးခုမြောက် အရပ်ကို ပျံ့နှံ့စေ၍ နေကုန်လော့။

                       ဤနည်းအားဖြင့် အထက်, အောက်, ဖီလာ, အလုံးစုံသောအရပ်အလုံးစုံသော သတ္တဝါတို့၌ မိမိနှင့်အတူပြု၍ သတ္တဝါ အားလုံး ပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြား မရှိသော ရန် မရှိသော ကြောင့်ကြမရှိသော

                       မေတ္တာနှင့် ယှဉ်သောစိတ်ဖြင့် တစ်ခုသော အရပ်ကို ပျံ့နှံ့ စေ၍နေကုန်လော့။

                       ကရုဏာနှင့် ယှဉ်သောစိတ်ဖြင့် တစ်ခုသောအရပ်ကိုပျံ့နှံ့ စေ၍နေကုန်လော့။

                       မုဒိတာနှင့် ယှဉ်သောစိတ်ဖြင့် တစ်ခုသောအရပ်ကို ပျံ့နှံ့ စေ၍နေကုန်လော့။

                       ဥပေက္ခာနှင့် ယှဉ်သောစိတ်ဖြင့် တစ်ခုသောအရပ်ကိုပျံ့နှံ့စေ၍နေကုန်လော့။

ဟု (မိန့်တော်မူ၏)။

                       မာရ်နတ် ထိုအခါ ထိုရဟန်းတို့သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (တရားအားလုံးကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကကုသန္ဓမြတ်စွာဘုရားသည် ဤသို့ ဆိုဆုံးမ သွန်သင်သော် တောသို့ကပ်ကုန်၍သော်လည်းကောင်း၊ သစ်ပင်ရင်းသို့ ကပ်ကုန်၍ သော်လည်းကောင်း၊ ဆိတ်ငြိမ်ရာသို့ ကပ်ကုန်၍သော်လည်းကောင်း

                       မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်ကို ပျံ့နှံ့စေ၍ နေကုန်၏။

                       ထို့အတူ နှစ်ခုမြောက်။ သုံးခုမြောက်။ လေးခုမြောက်အရပ်ကို ပျံ့နှံ့စေ၍ နေကုန်၏။ ဤနည်းအားဖြင့် အထက်,အောက်, ဖီလာ, အလုံးစုံသောအရပ် အလုံးစုံသော သတ္တဝါတို့၌ မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေကုန်၏။

                       ကရုဏာနှင့်ယှဉ်သောစိတ်ဖြင့် တစ်ခုသော အရပ်ကို ပျံ့နှံ့စေ၍ နေကုန်၏။

                       ထို့အတူ နှစ်ခုမြောက်။ သုံးခုမြောက်။ လေးခုမြောက်အရပ်ကို ပျံ့နှံ့စေ၍ နေကုန်၏။ ဤနည်းအားဖြင့် အထက်,အောက်, ဖီလာ, အလုံးစုံသောအရပ် အလုံးစုံသော သတ္တဝါတို့၌ မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေကုန်၏။

                       မုဒိတာနှင့်ယှဉ်သောစိတ်ဖြင့် တစ်ခုသော အရပ်ကို ပျံ့နှံ့စေ၍ နေကုန်၏။

                       ထို့အတူ နှစ်ခုမြောက်။ သုံးခုမြောက်။ လေးခုမြောက်အရပ်ကို ပျံ့နှံ့စေ၍ နေကုန်၏။ ဤနည်းအားဖြင့် အထက်,အောက်, ဖီလာ, အလုံးစုံသောအရပ် အလုံးစုံသော သတ္တဝါတို့၌ မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေကုန်၏။

                       ဥပေက္ခာနှင့်ယှဉ်သော စိတ်ဖြင့်တစ်ခုသောအရပ်ကို ပျံ့နှံ့စေ၍ နေကုန်၏။

                       ထို့အတူ နှစ်ခုမြောက်။ သုံးခုမြောက်။ လေးခုမြောက်အရပ်ကို ပျံ့နှံ့စေ၍ နေကုန်၏။ ဤနည်းအားဖြင့် အထက်, အောက်, ဖီလာ,အလုံးစုံသောအရပ် အလုံးစုံသော သတ္တဝါတို့၌ မိမိနှင့် တူစွာ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကိုပြန့်ပြောသော မြတ်သော အပိုင်း အခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသော ဥပေက္ခာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေကုန်၏။

                       မာရ်နတ် ထိုအခါ “ဒူသီမာရ်နတ်” အား-

                       “ငါသည် ဤသို့ပြုလျက်လည်း အကျင့်သီလရှိသူ ကောင်းသော သဘောရှိသူ ဤရဟန်းတို့၏ဖြစ်ပုံကိုလည်းကောင်း၊ လားပုံကိုလည်းကောင်း မသိ၊ ငါသည် ပုဏ္ဏားအိမ့်ရှင် တို့ကို သင်တို့သည်လာကုန်လော့၊ စောင့်စည်းမှု (သီလ) ရှိသူ ကောင်းသောသဘောရှိသူ ရဟန်းတို့ကိုကောင်းစွာ ပြုကုန် လော့၊ လေးစားခြင်းကို ပြုကုန်လော့၊ မြတ်နိုးကုန်လော့၊ ပူဇော်ကုန်လော့။ သင်တို့ကောင်းစွာအပြု အလေးအစား အမြတ်နိုး အပူဇော်ခံရကုန်သော ရဟန်းတို့၏ စိတ်ဖောက်ပြန်ခြင်းသည် ဖြစ်ကောင်းတန်ရာ၏၊ ယင်း အကြောင်းကြောင့် “ဒူသီမာရ်နတ်”သည် အခွင့် (အလမ်း) ကိုရနိုင်တန်ရာ၏”

ဟူသော ရည်ရွယ်ချက်ဖြင့် လှည့်ပတ်ရမူ ကောင်းပေမည်ဟု အကြံဖြစ်၏။

                       မာရ်နတ် ထိုအခါ “ဒူသီမာရ်နတ်” သည် ထိုပုဏ္ဏားအိမ့်ရှင်တို့ကို သင်တို့သည် လာကုန်လော့၊ စောင့်စည်းမှု (သီလ) ရှိသူ ကောင်းသောသဘောရှိသူ ရဟန်းတို့ကို ကောင်းစွာ ပြုကုန်လော့၊ လေးစားခြင်းကိုပြုကုန်လော့၊ မြတ်နိုးကုန်လော့၊ ပူဇော်ကုန်လော့။ သင်တို့ ကောင်းစွာအပြု အလေးအစား အမြတ်နိုးအပူဇော်ခံရကုန်သော ရဟန်းတို့၏ စိတ် ဖောက်ပြန်ခြင်းသည် ဖြစ်ကောင်းတန်ရာ၏၊

                       ယင်းအကြောင်းကြောင့် “ဒူသီမာရ်နတ်” သည် အခွင့် (အလမ်း) ကို ရနိုင် တန်ရာ၏ ဟူသော ရည်ရွယ်ချက်ဖြင့် လှည့်ပတ်၏။

                       မာရ်နတ် ထိုအခါ ထိုပုဏ္ဏားအိမ့်ရှင်တို့သည် “ဒူသီမာရ်နတ်” အလှည့်အပတ် ခံရကုန်၍ စောင့်စည်းမှု (သီလ) ရှိသူ ကောင်းသောသဘောရှိသူ ရဟန်းတို့ကို ကောင်းစွာ ပြုကုန်၏၊ လေးစားကုန်၏၊ မြတ်နိုးကုန်၏၊ ပူဇော်ကုန်၏။

                       မာရ်နတ် ထိုအခါ သေသောလူတို့သည် များသောအားဖြင့် ကိုယ်ခန္ဓာ ပျက်စီး ၍ သေပြီးသည်မှနောက်၌ ကောင်းသောသူတို့ လားရာနတ်ပြည်လောကသို့ ရောက်ရကုန်၏။

                       မာရ်နတ် ထိုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (တရားအားလုံးကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော “ကကုသန္ဓမြတ်စွာဘုရား” သည် ရဟန်းတို့ကို—

                       “ရဟန်းတို့ ပုဏ္ဏားအိမ့်ရှင်တို့ကို “ဒူသီမာရ်နတ်” သည် သင်တို့သည် လာ ကုန်လော့၊ အကျင့်သီလရှိသူ ကောင်းသောသဘောရှိသူ ရဟန်းတို့ကိုကောင်းစွာ ပြုကုန် လော့၊ လေးစားကုန်လော့၊ မြတ်နိုးကုန်လော့၊ ပူဇော်ကုန်လော့။ သင်တို့ ကောင်းစွာ အပြု အလေးအစား အမြတ်နိုး အပူဇော်ခံရကုန်သော ရဟန်းတို့၏ စိတ်ဖောက်ပြန်ခြင်းသည် ဖြစ်ကောင်းတန်ရာ၏၊

                       ယင်းအကြောင်းကြောင့် “ဒူသီမာရ်နတ်” သည် အခွင့် (အလမ်း) ကို ရနိုင် တန်ရာ၏ ဟူသော ရည့်ရွယ်ချက်ဖြင့် လှည့်ပတ်၏။

                       ရဟန်းတို့ သင်တို့သည် လာကုန်လော့၊ ကိုယ်၌ မတင့်တယ်ခြင်းကို အကြိမ် ကြိမ် ရှုမြင်ကုန်လျက် အစာအာဟာရ၌ စက်ဆုပ်ရွံရှာဖွယ်ဟု အမှတ်ရှိကုန်လျက် အလုံးစုံ သော လောက၌ ပျော်မွေ့ဖွယ်မရှိဟုအမှတ်ရှိကုန်လျက် အလုံးစုံသော ပြုစီရင်မှုတို့၌ မမြဲ ခြင်းကို အကြိမ်ကြိမ်ရှုမြင်ကုန်လျက်နေကုန်လော့”

ဟု မိန့်တော်မူ၏။

                       မာရ်နတ် ထိုအခါ ထိုရဟန်းတို့သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (တရားအားလုံးကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကကုသန္ဓမြတ်စွာဘုရားသည် ဤသို့ ဆုံးမသွန်သင်သော် တောသို့ကပ်ကုန်၍သော်လည်းကောင်း၊ သစ်ပင်ရင်းသို့ ကပ်ကုန်၍ သော်လည်းကောင်း၊ ဆိတ်ငြိမ်ရာသို့ ကပ်ကုန်၍သော်လည်းကောင်း ကိုယ်၌ မတင့်တယ် ခြင်းကို အကြိမ်ကြိမ်ရှုမြင်ကုန်လျက် အစာအာဟာရ၌ စက်ဆုပ်ရွံရှာဖွယ်ဟု အမှတ်ရှိကုန် လျက် အလုံးစုံသော လောက၌ ပျော်မွေ့ဖွယ်မရှိဟု အမှတ်ရှိကုန်လျက် အလုံးစုံသော ပြုစီရင်မှုတို့၌ မမြဲခြင်းကို အကြိမ်ကြိမ် ရှုမြင်ကုန်လျက် နေကုန်၏။

                       မာရ်နတ် ထိုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (တရားအားလုံးကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ကကုသန္ဓမြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကိုယူဆောင်ပြီးလျှင် နောက်လိုက်ရဟန်း “အသျှင်ဝိဓုရ” နှင့် (အတူ) ရွာသို့ ဆွမ်းအလို့ငှါ ဝင်တော်မူ၏။ မာရ်နတ် ထိုအခါ “ဒူသီမာရ်နတ်” သည် သူငယ် တစ်ယောက်ကို ပူးဝင်၍ ကျောက်ခဲကို ကောက်ယူလျက် “အသျှင်ဝိဓုရ” ၏ ဦးခေါင်း၌ ပစ်ခတ်၏၊ ဦးခေါင်းသည် ကွဲလေပြီ။

                       မာရ်နတ် ထိုအခါ “အသျှင်ဝိဓုရ” သည် သွေးယိုကျသော ဦးခေါင်းရှိသည် ဖြစ်၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (တရားအားလုံးကို) ကိုယ်တိုင် မှန်စွာ သိတော်မူ သော “ကကုသန္ဓမြတ်စွာဘုရား” ၏ နောက်မှ နောက်မှသာလျှင် အစဉ်လိုက်၏။

                       မာရ်နတ် ထိုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (တရားအားလုံးကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော “ကကုသန္ဓမြတ်စွာဘုရားသည်” “ဤဒူသီမာရ်နတ်ကား အတိုင်းအရှည်ကို မသိ” ဟု နှလုံးပြုကာဆင် (ပြောင်) ကြည့်သကဲ့သို့ လှည့်ကြည့်တော်မူ၏။ ကြည့်တော်မူသည်နှင့် တစ်ပြိုင်နက်ပင် “ဒူသီမာရ်နတ်” သည် ထိုတည်ရာနတ်လောကမှ ရွေ့လျော၏၊ ငရဲကြီးသို့လည်း ရောက်ရ၏။

                       မာရ်နတ် ထိုငရဲကြီး၏

                       ဆဖဿာယတနိကဟူ၍လည်းကောင်း၊

                       သင်္ကုသမာဟတဟူ၍လည်းကောင်း၊

                       ပစ္စတ္တဝေဒနီယဟူ၍လည်းကောင်း အမည် သုံးမျိုးတို့သည် ဖြစ်ကုန်၏။

                       မာရ်နတ် ထိုအခါ ငရဲစောင့်တို့သည် ငါ့ထံသို့ ချဉ်းကပ်၍ “အချင်း သင့်နှလုံး၌ သံတံကျင်တစ်ခုနှင့် သံတံကျင်တစ်ခုသည် ပေါင်းဆုံမိသောအခါ အနှစ်တစ် ထောင်ပတ်လုံး ငါသည် ထိုငရဲ၌ ကျက်၏ဟု သင်သိလော့” ဟု ဆိုကုန်၏။

                       မာရ်နတ် ထိုငါသည် များစွာကုန်သော နှစ်တို့ပတ်လုံး များစွာကုန်သော နှစ်အရာတို့ပတ်လုံး များစွာကုန်သော နှစ်အထောင်တို့ပတ်လုံး ထိုငရဲကြီး၌ ကျက်ခဲ့ရပြီ။ အနှစ်တစ်သောင်းတို့ပတ်လုံး ထိုငရဲကြီး၏(အနီးရှိ)ဥဿဒငရဲငယ်၌သာလျှင် နောက်ပိတ်ဆုံး ခံစားခြင်းမည်သည်ကို ခံစားလျက်ကျက်ခဲ့ရပြီ။ မာရ်နတ် ထိုငါ့အား လူ၏ကိုယ်ကဲ့သို့သော ကိုယ်သည် ဖြစ်၏၊ ငါး၏ ဦးခေါင်းကဲ့သို့သော ဦးခေါင်းသည်လည်း ဖြစ်၏။

                       “ဒူသီမာရ်နတ်” သည် တပည့်သာဝက “ဝိဓုရ” ကိုလည်းကောင်း၊ “ကကုသန္ဓ မြတ်စွာဘုရား” ကိုလည်းကောင်း ထိပါး (ပုတ်ခတ်) ၍ ကျက်ရာဖြစ်သော ငရဲသည် အဘယ် သို့ သဘောရှိသော ငရဲဖြစ်သနည်း။

                       “ဒူသီမာရ်နတ်” သည် တပည့်သာဝက “ဝိဓုရ” ကိုလည်းကောင်း၊ ကကုသန္ဓမြတ်စွာ ဘုရားကိုလည်းကောင်း၊ ထိပါး (ပုတ်ခတ်) ၍ ကျက်ရာဖြစ်သော ငရဲသည် အရာသော သံတံကျင်တို့ဖြင့် လျှိုသတ် (နှိပ်စက်)ခြင်းရှိ၏၊ အလုံးစုံသောသူတို့သည် အလိုလိုပင် အသီး အသီး ခံစားမှု အမျိုးအစားသဘောရှိသော ငရဲဖြစ်၏။

                       မာရ်နတ် ဤ (ကံ ကံ၏အကျိုး) ကို ရှေးရှုသိသော သဘောရှိသော မြတ်စွာ ဘုရား၏ တပည့်သာဝကရဟန်းကို ထိပါး (ပုတ်ခတ်) သောကြောင့် ဆင်းရဲခြင်းသို့ ရောက်ရလိမ့်မည်။

                       ကပ် (ကမ္ဘာ) ပတ်လုံး တည်ကုန်သော ဗိမာန်တို့သည် သမုဒြာအလယ်၌ တည်ကုန်၏၊ ကြောင်မျက်ရွဲအဆင်းကဲ့သို့ နှစ်သက်ဖွယ် ရှိကုန်၏၊ အလျှံရှိကုန်၏။ ပြိုးပြက်သော အရောင်ရှိကုန်၏၊ ထိုဗိမာန်တို့၌ များပြားသော အသီးအသီး ကိုယ် အဆင်းရှိကုန်သော နတ်သမီးတို့သည် ကကြကုန်၏။

                       မာရ်နတ် ဤဗိမာန်ကို ရှေးရှုသိသော သဘောရှိသော မြတ်စွာဘုရား၏ တပည့် သာဝကရဟန်းကိုထိပါး (ပုတ်ခတ်) သောကြောင့် ဆင်းရဲခြင်းသို့ ရောက်ရလိမ့်မည်။ ရဟန်းသည် စင်စစ် မြတ်စွာဘုရား တိုက်တွန်းအပ်သည်ဖြစ်၍ ရဟန်းသံဃာ အပေါင်းသည် ကြည့်ရှုနေစဉ် မိဂါရသူဌေး၏အမိ ‘ဝိသာခါ’ ပြာသာဒ်ကို ခြေမဖြင့် တုန်လှုပ်စေခဲ့ပြီ။

                       မာရ်နတ် ဤပြာသာဒ်တုန်လှုပ်စေနိုင်ခြင်းကို ရှေးရှုသိသော သဘောရှိသော မြတ်စွာဘုရား၏တပည့်သာဝကရဟန်းကို ထိပါး (ပုတ်ခတ်) သောကြောင့် ဆင်းရဲခြင်းသို့ ရောက်ရလိမ့်မည်။

                       ရဟန်းသည် တန်ခိုးစွမ်းအားဖြင့် ထောက်ပင့်အပ်သည်ဖြစ်၍ ဝေဇယန္တာ ပြာသာဒ် ကို ခြေမဖြင့်တုန်လှုပ်စေခဲ့ပြီ၊ နတ်တို့ကိုလည်း ထိတ်လန့်စေခဲ့ပြီ။

                       မာရ်နတ် ဤပြာသာဒ်တုန်လှုပ်စေနိုင်ခြင်းကို ရှေးရှုသိသော သဘောရှိသော မြတ်စွာဘုရား၏တပည့်သာဝကရဟန်းကို ထိပါး (ပုတ်ခတ်) သောကြောင့် ဆင်းရဲခြင်းသို့ ရောက်ရလိမ့်မည်။

                       ရဟန်းသည် ဝေဇယန္တာပြာသာဒ်၌ သိကြား(မင်း)ကို‘သိကြားမင်း တပ်မက်မှု ကုန်ရာလွတ်မြောက်ခြင်းတို့ကို သိသလော’ ဟု မေးမြန်း၏၊ ပြဿနာအမေးခံရသော သိကြား(မင်း) သည်အမှန်အတိုင်း ထိုရဟန်းအား ဖြေကြား၏။

                       မာရ်နတ် ဤပြဿနာမေးခြင်းအကြောင်းကို ရှေးရှုသိသော သဘောရှိသော မြတ်စွာဘုရား၏တပည့်သာဝကရဟန်းကို ထိပါး (ပုတ်ခတ်) သောကြောင့် ဆင်းရဲခြင်းသို့ ရောက်ရလိမ့်မည်။

                       ရဟန်းသည် သုဓမ္မာသဘင်အနီး၌ ဗြဟ္မာကို

                       ‘ငါ့သျှင် သင့်အား ရှေးကဖြစ်သော အယူသည် ယခုလည်း ဖြစ်သေးသလော၊ ဗြဟ္မာလောက၌ ကျော်လွန်ဖြစ်သော ပြိုးပြက်သော အရောင်တော်ကို ရှုမြင်သလော’

ဟု မေးမြန်း၏။

                       ဗြဟ္မာသည် အသျှင်မြတ် ငါ့အား ရှေးက ဖြစ်သောအယူသည် မဖြစ်တော့ပြီ၊ ဗြဟ္မလောက၌ကျော်လွန်ဖြစ်သောပြိုးပြက်သော အရောင်တော်ကို ရှုမြင်ပါ၏၊ ထိုငါသည် ယခု ငါ ‘မြဲသူမဟုတ် တည်တံ့သူမဟုတ်’ ဟု ခွဲခြား၍ သိ၏ဟု ဤ အစဉ်အားလျော်စွာ အမှန်အတိုင်း ထိုရဟန်းအားဖြေကြား၏။

                       မာရ်နတ် ဤပြဿနာ မေးခြင်းအကြောင်းကို ရှေးရှုသိသော သဘောရှိသော မြတ်စွာဘုရား၏တပည့်သာဝကရဟန်းကို ထိပါး (ပုတ်ခတ်) သောကြောင့် ဆင်းရဲခြင်းသို့ ရောက်ရလိမ့်မည်။

                       ရဟန်းသည် မြင့်မိုရ်တောင်ကြီး၏ အထွတ်ကိုလည်းကောင်း၊ တောင်ကျွန်း ကိုလည်းကောင်း၊ အရှေ့ကျွန်းသူကျွန်းသားတို့၏ (နေထိုင်ရာကျွန်းကို)လည်းကောင်း၊ မြေ၌ အိပ်တတ်သူတို့၏ (နေထိုင်ရာ အနောက်ကျွန်း၊ မြောက်ကျွန်းကို) လည်းကောင်း လွတ်မြောက်မှု (ဝိမောက္ခဈာန်အဘိညာဉ်) ဖြင့်တွေ့ထိပြီ။

                       မာရ်နတ် လွတ်မြောက်မှု (ဝိမောက္ခဈာန်) ဖြင့် တွေ့ထိခြင်းအကြောင်းကို ရှေးရှုသိ သော သဘောရှိသောမြတ်စွာဘုရား၏ တပည့်သာဝကရဟန်းကို ထိပါး (ပုတ်ခတ်) သောကြောင့် ဆင်းရဲခြင်းသို့ရောက်ရလိမ့်မည်။

                       မီးသည် စင်စစ် သူမိုက်ကိုသာ ငါလောင်မည်ဟု အားမထုတ်၊ သူမိုက်သည် သာ တောက်သော မီးကို ထိပါး (ပုတ်ခတ်) သောကြောင့် လောင်၏၊ မာရ်နတ် ဤအတူ ပင်လျှင် သင်သည် မြတ်စွာဘုရားကို့ထိပါး (ပုတ်ခတ်) သောကြောင့် မီးကို တွေ့ထိ သော သူမိုက်ကဲ့သို့ အလိုလို မိမိကိုယ်ကိုလောင်စေလိမ့်မည်။

                       မာရ်နတ်သည် မြတ်စွာဘုရားကို ထိပါး (ပုတ်ခတ်) ၍ အကုသိုလ်ပွါးများ၏၊ မာရ်နတ် အသို့နည်း၊ ယုတ်မာမှုသည် ငါ့အား အကျိုးမပေးဟု ထင်မှတ်သလော။

                       မာရ်နတ် ယုတ်မာမှုကိုပြုသူအား ကာလကြာမြင့်သော် ယုတ်မာမှုသည် ပွါးစီး၏၊ မာရ်နတ်မြတ်စွာဘုရားကို ထိပါး (ပုတ်ခတ်ခြင်း) မှငြီးငွေ့လော့၊ ရဟန်းတို့၌ (ညှဉ်းဆဲလိုသော) အာသာကိုမပြုလင့်။

                       ဤသို့လျှင် ရဟန်းသည် ဘေသကဠာ (ပဲစင်းခုံတော) ၌ မာရ်နတ်ကို ခြိမ်း ချောက်၏၊ ထို့ကြောင့်ထိုမာရ်နတ်သည် စိတ်မကောင်းဘဲ ထိုနေရာ၌ပင်လျှင် ကွယ်လေ၏။

                       ဤသို့ဖြင့် ယခု ရေးသားတင်ပြခဲ့သော စာတမ်း “မာရတဇ္ဇနီယသုတ်” သည် စူဠယမကဝဂ်ပါဝင်သော ဝဂ် (၅)ဝဂ်၊ (၁၀)သုတ် ပါဝင်သည့်အတွက် သုတ် (၅၀) နောက်ဆုံး သုတ်ဖြစ်ပါသည်။[ပြင်ဆင်ရန်]