ဗြဟ္မနိမန္တနိကသုတ်

ဝီကီပီးဒီးယား မှ

ဘုရားရှင် ကောသလနိုင်ငံ ဥက္ကဋ္ဌမြို့ သုဘဂတောအုပ်၌ သီတင်းသုံးတော်မူနေ စဉ် တစ်ချိန်က ဗကဗြဟ္မာ သဿတမိစ္ဆာအယူဝါဒဖြစ်နေပုံကို ဘုရားရှင် သိမြင်တော်မူသဖြင့် ဗြဟ္မာပြည်သို့ကြွတော်မူပါသည်။

ဗြဟ္မာပြည်သို့ ရောက်တော်မူသည့်အခါ ဗကဗြဟ္မာက ခရီးဦးကြိုဆို နှုတ်ဆက် စကားလျှောက်ထားပြီး မိမိ၏ သဿတမိစ္ဆာအယူဝါဒကို ဘုရားရှင်အား လျှောက်ထားပါသည်။ ဘုရားရှင်က ဗကဗြဟ္မာအား-ဗကဗြဟ္မာ၏ မိုက်မဲလှပုံ “မမြဲသောသဘော ရှိသော ဗြဟ္မာလောကကို မြဲ၏၊ မခိုင်ခံ့သောသဘောရှိသော ဗြဟ္မာလောကကို ခိုင်ခံ့၏၊ မတည်တံ့သော သဘောရှိသော ဗြဟ္မာလောကကို တည်တံ့၏။ သီးသန့် မဟုတ်သော ဗြဟ္မာလောကကို သီးသန့်ဖြစ်၏။ ရွေ့လျောခြင်းသဘောရှိသော ဗြဟ္မာလောကကို ရွေ့လျော်ခြင်းသဘောမရှိ၊ ပဋိသန္ဓေနေရာ, အိုရာ, သေရာ, ရွေ့လျောရာ ပဋိသန္ဓေအားဖြင့် ကပ်ရောက်ရာဖြစ်သော ဗြဟ္မာလောကကို ပဋိသန္ဓေမနေ၊ မအို၊ မသေ၊ မရွေ့လျော (ပဋိသန္ဓေအားဖြင့်) မကပ်ရောက်ရာ၊ ဗြဟ္မာလောကမှတစ်ပါး လွန်မြတ်သော ထွက်မြောက်ရာရှိလျက် ဗြဟ္မာလောကမှတစ်ပါး လွန်မြတ်သော ထွက်မြောက်ရာမရှိဟု ပြောဆိုဘိ၏ဟု ကဲ့ရဲ့တော်မူပါသည်။

ထိုအခါ မာရ်နတ်သည် ဗြဟ္မပါရိသဇ္ဇာဗြဟ္မာကို ပူးကပ်ပြီးလျှင် ဗကဗြဟ္မာ၏ ဂုဏ်ပုဒ်များကို ထုတ်ဖော်ပြောဆိုပြီး သတ္တဝါ နတ် မာရ်နတ်၊ ဗြဟ္မာ မဟာဘုတ် လေးပါးကို စက်ဆုပ်တတ်ကုန်သော သင့်ထက်ရှေးကျသော သမဏဗြာဟ္မဏတို့ ကွယ်လွန်သည့်အခါ ယုတ်ညံ့သောဘုံဘဝ၌ ဖြစ်ကြရကုန်၏။ မဟာဘုတ်လေးပါး၊ သတ္တဝါ၊ နတ်၊ မာရ်နတ်၊ ဗြဟ္မာကို ချီးမွမ်းတတ် အလွန်နှစ်သက်တတ်ကုန်သော သင့်ထက်ရှေးကျသော သမဏဗြာဟ္မဏတို့ ကွယ်လွန်ပြီးနောက် မြတ်သောဘုံဘဝ၌ ဖြစ်ကြရကုန်၏-အစရှိသည်ဖြင့် ပြောဆိုပြီး ဘုရားရှင်ကို ဗြဟ္မာပရိသတ်ဖြစ်အောင် ဆောင်ပါသည်။

ထိုအခါ ဘုရားရှင်က “မာရ်ယုတ်၊ သင့်ကို ငါဘုရားသိ၏။ သင်သည် ငါဘုရားကို မသိဟု မမှတ်လင့်၊ ဗြဟ္မာ ဗြဟ္မာပရိသတ်၊ ဗြဟ္မပါရိသဇ္ဇ ဗြဟ္မာ အလုံးစုံသော သူတို့သည် သင့်လက်သို့ရောက်ကုန်၏။ သင့်အလိုသို့ လိုက်ကြကုန်၏။ ဤရဟန်းသည်လည်း ငါ့လက်ရောက်သူ၊ ငါ့အလိုသို့လိုက်သူ ဖြစ်ရာ၏။ သင့်အကြံအစည်ဖြစ်၏။ မာရ်ယုတ်၊ ငါဘုရားကား သင့်လက်ရောက်သူ၊ သင့်အလိုသို့ ရောက်သူမဟုတ်”ဟု မိန့်တော်မူလေသည်။

ထိုအခါ ဗကဗြဟ္မာက ဘုရားရှင်အား သူ၏အယူဝါဒ မှန်ကန်ကြောင်း၊ သင့်ထက်ရှေးကျသော သမဏဗြာဟ္မဏတို့၏ ကျင့်ကြံမှုသည် သင်၏အသက်မျှပင် ဖြစ်ပေ၏။ ဗြဟ္မာလောကမှတစ်ပါး လွန်မြတ်သော ထွက်မြောက်ရာမရှိပုံ၊ လွန်မြောက်သော ထွက်မြောက်ရာကို တွေ့မြင်လိမ့်မည်မဟုတ်၊ ပင်ပန်းရုံ ဆင်းရဲရုံသာဖြစ်ပေလိမ့်မည်။ မဟာဘုတ်ကို စွဲလမ်းသူသည် ငါ၏အနီး၌ဖြစ်သူ၊ ငါ၏တည်ရာဖြစ်သူ၊ အလိုရှိတိုင်းပြုနိုင်သည့် လက်အောက်လူသာဖြစ်လိမ့်မည်ဟု အကျယ်တဝင့် ပြောပြလေသည်။

ထိုအခါ ဘုရားရှင်က “မဟာဘုတ်၊ သတ္တဝါ၊ နတ်၊ မာရ်နတ်၊ ဗြဟ္မာကို စွဲလမ်းသူသည် သင်ပြောသည့်အတိုင်း ဖြစ်ပေလိမ့်မည်။ ဗကဗြဟ္မာ၏ တန်ခိုးကြီးပုံ အစွမ်းသတ္တိကို ငါသိ၏”ဟု မိန့်တော်မူသောအခါ ဗကဗြဟ္မာက မေးမြန်းခြင်းကြောင့် ဘုရားရှင်က ဗကဗြဟ္မာတန်ခိုးကြီးပုံ၊ အာနုဘော်ကြီးမားပုံ မိန့်ကြားတော်မူပြီး သင်သည် အာဘဿရာဘုံမှ စုတေလာပြီး ဤပထမဈာန် မဟာဗြဟ္မာဘုံ၌ဖြစ် နေပုံ၊ သတိမေ့နေပုံ၊ သုဘကိဏှာဘုံ၊ ဝေဟပ္ဖိုလ်ဘုံ၊ အဘိဘူမည်သော ဘုံဘဝတို့ ရှိသေးပုံ၊ ယင်းတို့ကို သင် မသိပုံ၊ ငါဘုရားသည် ဤသို့သိသောကြောင့် သင်နှင့် တူမျှသူမဟုတ်၊ သင့်အောက်နိမ့်ကျသူမဟုတ်၊ စင်စစ် ငါဘုရားသည် သင်ဗြဟ္မာထက် လွန်ကဲသူဖြစ်ပုံ၊ ငါဘုရားသည် မဟာဘုတ်လေးပါး၊ သတ္တဝါ, နတ်, မာရ်နတ်, ဗြဟ္မာ, အာဘဿရာဗြဟ္မာ, ဝေဟပ္ဖိုလ်ဗြဟ္မာ, အဘိဘူဗြဟ္မာတို့ကို မစွဲယူ၊ အလုံးစုံ (ဘုံသုံးပါးတရား)ကို အလုံးစုံအားဖြင့်သိ၍ အလုံးစုံဟူသမျှ၏ အလုံးစုံသောအားဖြင့် မရောက်ရာသည့် နိဗ္ဗာန်ကို သိမြင်တော်မူ၍ အလုံးစုံတို့ကို မစွဲယူ၊ အလုံးစုံ၌ မစွဲယူ၊ အလုံးစုံအားဖြင့် မစွဲယူ၊ အလုံးစုံကို ငါပိုင်ဥစ္စာဟု မစွဲယူ၊ ဤသို့ ငါဘုရားသိတော်မူသောကြောင့် ငါဘုရားသည် သင်နှင့်တူသူလည်းမဟုတ်၊ သင်အောက် အလွန် နိမ့်ကျသူလည်းမဟုတ်၊ စင်စစ်မှာမူ ငါဘုရားသည် သင်ထက်သာလွန်၏ဟု မိန့်တော်မူသည်။

ထိုအခါ ဗကဗြဟ္မာက အလုံးစုံ၏ အလုံးစုံသဘောအားဖြင့် မရောက်အပ်ပုံ အကျယ်ကိုလျှောက်ထားပြီး အရှင်မြတ်ရှုလော့။ ယခု သင်၏မျက်မှောက်၌ ကွယ်လိုက်မည်ဟု ပြောဆိုပါသည်။ ဘုရားရှင်က ကွယ်လိုက်ဟု မိန့်တော်မူသော်လည်း ဘုရားရှင်၏မျက်မှောက်၌ “ကွယ်ရန်မစွမ်းနိုင်ပါ။ အရှင်မြတ် စွမ်းနိုင်လျှင် ကျွန်ုပ်၏မျက်မှောက်၌ကွယ်ပါဟု ဗကဗြဟ္မာက လျှောက်လေသည်။ ထိုအခါ ဘုရားရှင်က ဗြဟ္မာဟူသမျှ၊ ဗြဟ္မာပရိသတ်ဟူသမျှ၊ ဗြဟ္မာအလုပ်အကျွေးဟူသမျှ အသံကိုသာကြား၍ ဘုရားရှင်၏ ရူပကာယကို မမြင် နိုင်အောင် တန်ခိုးဖန်ဆင်းတော်မူပြီး “ဘဝေဝါဟံ အစရှိသော ဂါထာကို မိန့်တော် မူပါသည်။

ထိုအခါ ဗြဟ္မာ၊ ဗြဟ္မာပရိသတ်၊ ဗြဟ္မာအလုပ်အကျွေးတို့သည် ဘုရားရှင်ကို ချီးကျူးအံ့ဩကြပြီး ဗြဟ္မာတစ်သောင်းတို့ မဂ်ဖိုလ်ရေစင်သောက်ကြပြီး ကျွတ်တမ်း ဝင်သွားကြလေသည်။

ထိုအခါ မာရ်နတ်က ဗြဟ္မပါရိသဇ္ဇာဗြဟ္မာကိုယ်၌ ပူးဝင်ပြီး ဘုရားရှင်က သာဝကတို့အား မဆုံးမရန်၊ တရားမဟောရန်၊ မဂ်ဖိုလ်ချမ်းသာဖြင့် ချမ်းသာစွာနေရန် သာဝကတို့ကို ဆုံးမ၊ တရားဟောကြသော သင့်ထက်ရှေးကျသော သမဏဗြဟ္မဏတို့ ကွယ်လွန်သည့်အခါ ယုတ်ညံ့သောဘဝ၌ဖြစ်ကြပုံ၊ မဆုံးမ၊ တရားမဟောသော သင့်ထက်ရှေးကျသော သမဏ ဗြဟ္မဏတို့ ကွယ်လွန်သည့်အခါ မြင့်မြတ်သော ဘဝ၌ ဖြစ်ရပုံကို အကျယ်တဝင့် ပြောဆိုလေသည်။

ထိုအခါ ဘုရားရှင်က မာရ်နတ် သင့်ကို ငါဘုရားသိတော်မူပုံ၊ သင်သည် သင့်ကို ငါဘုရားမသိဟု မှတ်ထင်ပုံမှစ၍ ဘုရားအတု၊ ဘုရားအစစ်တို့ ကွာခြားပုံ၊ သင်သည် သတ္တဝါတို့၏ အကျိုးစီးပွားကို လိုလားသူမဟုတ်ပုံ၊ မြတ်စွာဘုရားသည် သာဝကတို့အား ဆုံးမပုံ တရားတော်ကို ဟောတော်မူပုံ၊ သင်သည် အာသဝေါတရား အစရှိသည်ကို မပယ်နိုင်သေးပုံ မြတ်စွာဘုရားသည် အာသဝအစရှိသော ကိလေသာတို့ကို အကြွင်းမဲ့ပယ်ပြီးပုံ၊ နောက်ထပ်တစ်ဖန် ယင်းအာသဝ အစရှိသောတရားတို့ မြတ်စွာဘုရား၌ မဖြစ်နိုင်တော့ပုံတို့ကို ဥပမာတို့ဖြင့် တကယ်တဝင့် နှိုင်းယှဉ်၍ မိန့်ကြားတော်မူလေသည်။

ဤသို့လျှင် ဤစကားကို မာရ်နတ်အား စကားမပြောဆိုနိုင်စေခြင်းအားဖြင့် လည်းကောင်း၊ ဗြဟ္မာအား အထူးသိစေခြင်းအားဖြင့်လည်းကောင်း ဗြဟ္မနိမန္တနိက ဟူ၍ ဤသုတ်၏အမည်သည် ဖြစ်၏။

အဋ္ဌကထာ, ဋီကာတို့၌ ဗကဗြဟ္မ၏ ဗြဟ္မာဘုံသို့ရောက်စေသော လူ့ဘဝ ကောင်းမှုအမျိုးမျိုးနှင့် အထက်ဗြဟ္မာဘဝတို့ကို ပြန်လည်သတိရစေပုံ အစရှိသော ထူးခြားသောမှတ်သားဖွယ် ဖွင့်ဆိုချက်များရှိပါသည်။ [၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -မ၊၁၊၄၀၁-၇။ မ၊မြန်၊၁၊၄၁၄-၄၂၀။ မ၊ဋ္ဌ၊၂၊၃၀၂-၃၁၂။ မ၊ဋီ၊၁၊၃၁၁-၉။ -မဇ္ဈိမနိကာယ၊ မူလပဏ္ဏာသ၊ ၅-စူဠယမကဝဂ္ဂ၊ နဝမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ