မင်နီဆိုးတားပြည်နယ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

မင်နီဆိုတာပြည်နယ်[ပြင်​ဆင်​ရန်​]

မင်နီဆိုတာပြည်နယ်သည် အမေရိကန်ပြည်ထောင်စု တွင် ဖွဲ့စည်းပါဝင်သော ပြည်နယ်တစ်ခုဖြစ်၍ အမေရိကန် ပြည်ထောင်စု၏ မြောက်ဘက်နယ်စပ် အလယ်ဗဟိုနှင့် မြောက် အမေရိကတိုက်၏ အလယ်ဗဟိုတွင် တည်ရှိသည်။ နယ်နိမိတ် အားဖြင့် မြောက်ဘက်တွင် ကနေဒါနိုင်ငံပိုင်ဖြစ်သော မနီတိုး ဗားပြည်နယ်၊ အွန်တေးရီးယိုးပြည်နယ် တို့သည်လည်းကောင်း၊ အရှေ့ဘက်တွင် ဝစ္စကွန်ဆင်းပြည်နယ်နှင့် ဆူပီးရီးယားအိုင်တို့ သည်လည်းကောင်း၊ တောင်ဘက်တွင် အိုင်အိုဝါပြည်နယ်သည် လည်းကောင်း၊ အနောက်ဘက်တွင် တောင်ဒကိုးတားနှင့်မြောက် ဒကိုးတားပြည်နယ် တို့သည်လည်းကောင်း ဝန်းရံလျက်ရှိ၏။ မင်နီဆိုတာပြည်နယ်၏ အကျယ်အဝန်းမှာ ၈၄,ဝ၆၈ စတုရန်း မိုင်ဖြစ်၏။ မင်နီဆိုတာပြည်နယ်တွင် အိုင်ပေါင်း ၁ဝ,ဝဝဝ ကျော်ရှိ၏။ မင်နီဆိုတာပြည်နယ်၏ မြို့တော်မှာ စိန်ပေါမြို့ ဖြစ်၍ အခြားမြို့ကြီးများကား ဒူလွတ်၊ မင်နီယာပိုလစ်၊ ရော့ ချက် တာ၊ စိန်ကလောက်တို့ ဖြစ်၏။


မင်နီဆိုတာပြည်နယ်သည် မြေမျက်နှာသွင်ပြင်အားဖြင့် အရှေ့တောင်ဘက်နှင့်အနောက်တောင်ဘက်တို့တွင် တောင်တန်း များရှိသည်။ စိမ့်မြေနှင့် ညွှန်အိုင်များလည်း ရှိသည်။ သဘာဝ အပိုင်းအခြားအားဖြင့် အရှေ့မြောက်ကုန်းမြင့်၊ အက်ဂဆီးအိုင် မြေပြန့်ဒေသနှင့် အလယ်ပိုင်းမြေပြန့်ဒေသဟူ၍ ပိုင်းခြားနိုင် သည်။ အရှေ့မြောက်ကုန်းမြင့်ဒေသည် မြေမညီမညွှတ်ဆုံးအရပ် ဖြစ်သည်။ ပြည်နယ်ရှိ အမြင့်ဆုံးအပိုင်းနှင့် အနိမ့်ဆုံးအပိုင်းတို့ သည် ဤဒေသတွင်တည်ရှိသည်။ ဤဒေသတွင် မြေဆီလွှာ သည် ပါး၍ ကျောက်ဆောင်များဖြင့်ပြီးသောကြောင့် လယ်ယာ စိုက်ပျိုးရေး မဖြစ်ထွန်းပေ။ သို့သော် သံများစွာ ထွက်သည်။ သစ်ထုတ်သစ်ခွဲခြင်း၊ သတ္တုတူးဖော်ခြင်းလုပ်ငန်းများကို ပြုလုပ် ရာ မြို့ကလေးများကိုလည်း တွေ့နိုင်ပေသည်။ အက်ဂဆီးအိုင် မြေပြန့်ဒေသသည်ကား ပြည်နယ်၏ အနောက်မြောက်ဘက်ပိုင်း မှသည် တောင်ဘက်ပိုင်းတစ်ခွင်တွင် ရက်ရီးဗားမြစ်ဝှမ်း တစ် လျှောက် နောက်ဘက်နယ်စပ်အထိ ကျယ်ပြန့်သောဒေသဖြစ်၏။ ရှေးအခါက ပရေရီမြက်ခင်းများဖြင့်ဖုံးလွှမ်းနေခဲ့သည့် ဤဒေသ တွင် ယခုအခါ မုယော၊ ဂျုံ၊ အာလူး၊ သကြားမုန်လာ၊ ကလိုဗာပဲပင် စသည်တို့ကို စိုက်ပျိုးလုပ်ကိုင်သည်။ သစ်ဆွေး မီးသွေးနှင့် အဆောက်အအုံအတွက် ကျောက်တုံးများလည်းထွက် သည်။ အလယ်ပိုင်းမြေပြန့်၏ မြေမျက်နှာပြင်သည် ခပ်ပြေပြေ လှိုင်းထသကဲ့သို့ ဖြစ်နေသည်။ မြေဩဇာကောင်းမွန်၏။ မင်နီဆိုတာ ပြည်နယ်တွင် အရေးပါသော မြစ်များမှာ ရက်ရီဗာမြစ်(မြစ်နီ)၊ ရေနီမြစ်နှင့် မစ်စစ်စပီမြစ်တို့ဖြစ်သည်။ မင်နီဆိုတာပြည်နယ်တွင်းရှိ မြစ်ချောင်းများစွာတို့သည် ရေစီး သန်သည့်ပြင် ရေတံခွန်များလည်း ရှိသောကြောင့် ရေအားကို အသုံးပြုကာ လျှပ်စစ်ဓာတ်အား ထုတ်ယူရရှိလေသည်။ ဆိုခဲ့ပြီး သည့်အတိုင်း မင်နီဆိုတာပြည်နယ်တွင် အိုင်ပေါင်း ၁ဝ,ဝဝဝ ကျော်ရှိသည့်အနက် အိုင်ကြီးများမှာ ရက်၊ လိချ၊ မီလက်တို့ ဖြစ်၏။


ရာသီဥတုမှာ အပူအအေး လွန်ကဲသည်။ သို့သော် အရှေ့မြောက်ဘက်ပိုင်းသည် ဆူပီးရီးယားအိုင်ကြောင့် ရာသီဥတု ဒဏ်မပြင်းထန်လှပေ။ များသောအားဖြင့် နွေရာသီတွင် နေ့အခါ အလွန်ပူပြင်းပြီးလျှင် ညဉ့်အခါ အေးသည်။ ဆောင်းရာသီတွင် တစ်ခါတစ်ရံ ဖာရင်ဟိုက် သုညဒီဂရီအောက် ဒီဂရီ ၃ဝ အထိ ပင် ကျရောက်တတ်သော်လည်း၊ ခြောက်သွေ့သောလေတိုက်ခတ် ၍ သက်တောင့်သက်သာရှိ၏။ ခြုံ၍ကြည့်ရလျှင် ကျန်းမာရေး နှင့်ညီညွတ်သော ရာသီဥတုရှိသည်ဟု ဆိုရပေမည်။ နေရာတိုင်း တွင် လယ်ယာစိုက်ပျိုးရေးအတွက် မိုးရေချိန်မှီ အလုံအလောက် ရွာသွန်းသည်။


မင်နီဆိုတာပြည်နယ်၏ အဓိက တွင်းထွက်ပစ္စည်းမှာ သံရိုင်းဖြစ်၏။ အမေရိကန်ပြည်ထောင်စုမှ ထွက်သမျှသံရိုင်း၏ ရာခိုင်နှုန်း ၆ဝ ကို မင်နီဆိုတာမြောက်ပိုင်းရှိ မီဆာဗီ၊ ဗာမီလီ ယန်နှင့် ဆူယူတာတောင်တန်းများမှရရှိသည်။ အခြားတွင်းထွက် ပစ္စည်းတို့မှာ မြေစေးနှင့် ထုံးကျောက်တို့ဖြစ်သောကြောင့် အုတ်၊ အုတ်ကြွပ်နှင့် အင်္ဂတေလုပ်ငန်း ထွန်းကားသည်။ ပြည်နယ် အနှံ့အပြားတွင် နှမ်းဖတ်ကျောက်နှင့် သဲကျောက်များကိုလည်း တူးဖော်ရရှိသည်။ ရှေးအခါက တောမီးများကြောင့် လည်း ကောင်း၊ သစ်ခုတ်လှဲရာတွင် စနစ်မကျသောကြောင့် လည်း ကောင်း လျော့ပါးသွားသော သစ်တောများကို ထိန်းသိမ်း၍ ပြန်လည်စိုက်ပျိုးလျက်ရှိသောကြောင့် သစ်ပျော့ဖတ်နှင့်သစ်တော ထွက် အခြားပစ္စည်းများလည်း ထွက်သည်။ မင်နီဆိုတာ ပြည်နယ်သည် လယ်ယာစိုက်ပျိုးရေးတွင်လည်း ဖြစ်ထွန်း၍ ဂျုံ၊ မြင်းစားဂျုံ၊ မုယော၊ ရိုင်းစပါး၊ ဘီသွာစေ့၊ ဆိုယာပဲ (ပဲငါးပိ ပဲမျိုး)၊ အာလူးအစရှိသော ကောက်သီးကောက်နှံများ ထွက်ပြီး လျှင် ဘဲ၊ ကြက်၊ ဝက်၊ နွားများကိုလည်း မွေးမြူသည်။ မင်နီ ဆိုတာပြည်နယ်တွင် ဖြစ်ထွန်းသော လုပ်ငန်းတို့မှာ သားငါး သစ်သီး စည်သွတ်လုပ်ငန်း၊ ထောပတ်၊ ဒိန်ခဲစသော နို့ထွက် ပစ္စည်းလုပ်ငန်းတို့အပြင်၊ အရက်၊ ဂျုံ၊ စက္ကူ၊ သစ်နှင့်သစ်တော ထွက်ပစ္စည်းများ၊ စက်ကိရိယာနှင့် သံထည်ပစ္စည်းများ စသည် ထုတ်လုပ်သည့် လုပ်ငန်းများဖြစ်လေသည်။ ကမ္ဘာ့ဂျုံစက်ကြီး များစာရင်းဝင် ဂျုံစက်များကို မင်နီဆိုတာပြည်နယ်တွင် တွေ့ နိုင်ပေသည်။


မင်နီဆိုတာပြည်နယ်တွင် သယ်ယူပို့ဆောင်ရေးအတွက် ရေကြောင်းတွင် ဆူပီးရီးယားအိုင်နှင့် မစ်စစ်စပီမြစ်တို့ကို အထူးသဖြင့် အသုံးပြုရသည်။ ဆူပီးရီးယားအိုင်ပေါ်ရှိ ဒူလွတ် ဆိပ်ကမ်းသည် သံရိုင်းတင်ပို့ရေးနှင့် စပ်လျဉ်း၍ ထင်ရှားသည်။ မစ်စစ်စပီမြစ်ပေါ်တွင်မူ မြစ်တစ်ဖက်တစ်ချက်တွင် မျက်နှာချင်း ဆိုင်တည်ရှိသော မင်နီယာပိုလစ်နှင့် စိန်ပေါမြို့တို့သည် အရေး ပါသည်။ ယင်းတို့မှတစ်ဆင့် နယူးအော်လီယန်းမြို့သို့ ကုန် ပစ္စည်းများ သယ်ဆောင်ရသည်။ မင်နီဆိုတာပြည်နယ်တွင် မီးရထားလမ်းမိုင်ပေါင်း ၉,ဝဝဝ ကျော်ရှိလေသည်။ မင်နီဆိုတာပြည်နယ်၏ လူဦးရေမှာ ၁၉၆ဝ ပြည့်နှစ် သန်းခေါင်စာရင်းအရ ၃,၄၁၃,၈၆၄ ဖြစ်သည်။


သမိုင်းအားဖြင့်သော်ကား မင်နီဆိုတာပြည်နယ်သို့ဦးစွာ ရောက်ရှိလာသော လူဖြူတို့မှာ ပြင်သစ်လူမျိုးတို့ဖြစ်၍ ၁၆၅၉ ခုနှစ်လောက်ကတည်းက အိုင်ကြီးများဘက်မှ ဝင်လာရောက်ရှိ ခဲ့ကြလေသည်။ ၁၆၇၉ ခုနှစ်တွင် တည်ထောင်ခဲ့၍ ပြင်သစ် လူမျိုးတစ်ဦးဖြစ်သော ဒူလွတ်ကိုစွဲ၍ ဒူလွှတ်ဟု အမည်တွင်ခဲ့ သော ခံတပ်မြို့သည် ပထမဆုံး အတည်တကျ အခြေစိုက်ခဲ့ သော စခန်းတစ်ခုဖြစ်၏။ ၁၆၈ဝ ပြည့်နှစ်တွင် ဖာသာဟင်နီ ပင်ခေါ် ဘုန်းတော်ကြီးတစ်ပါးသည် စိန်အန်တိုနီ ရေတံခွန်ကို တွေ့ရှိသဖြင့် ယင်းတစ်ဝိုက်တွင် အခြေစိုက်နေထိုင်ခဲ့ရာမှ နောင် သော် မင်နီယာပိုလစ်မြို့ကြီး ဖြစ်လာသည်။ ဂရိတ်ဗြိတိန်သည် အရှေ့ပိုင်းဒေသကို ၁၇၆၃ ခုနှစ်တွင် ရရှိခဲ့၍ စပိန်နိုင်ငံသည် အနောက်ပိုင်းဒေသကို ရရှိခဲ့၏။ သို့သော် စပိန်တို့က ပြင်သစ် တို့ကိုပေးလိုက်ရပေသည်။ အမေရိကန်ပြည်ထောင်စုသည် မင်နီ ဆိုတာပြည်နယ် အရှေ့ပိုင်းကို တော်လှန်ရေးပြီးဆုံးသွားသည့် နောက်တွင်ရရှိခဲ့၍ အနောက်ပိုင်းကိုမူ ၁၈ဝ၃ ခုနှစ်တွင် လူဝီ ဇီယန္နားနယ်ကြီးကို ဝယ်ယူရာတွင် ရရှိခဲ့လေသည်။ မင်နီဆိုတာ နှင့် မစ်စစ်စပီမြစ် ၂ သွယ်ဆုံရာ၌ ၁၈၁၉ ခုနှစ်တွင် တည်ခဲ့ သော ဖို့စနဲလင်းမှာ အမေရိကန်တို့ ပထမဆုံးအခြေစိုက်ရာဌာန ဖြစ်၏။ သို့သော် ၁၈၃၇ ခုနှစ်တွင် တိုင်းရင်းသား အင်ဒီးယန်း လူမျိုးတို့သည် မိမိတို့၏နယ်မြေများ ပေးအပ်လိုက်ရသည့် အတွက် မကျေမနပ်ဖြစ်ပြီးလျှင် လယ်ယာခြံမြေနှင့် အိမ်များကို မကြာခဏဝင်စီး တိုက်ခိုက်ခဲ့လေသည်။ လူဖြူအများအပြားပင် သတ်ဖြတ်ခြင်းခံရသည်။ သို့သော် အင်ဒီးယန်းများကို မကြာမီ နှိမ်နင်းနိုင်ခဲ့ပေသည်။ ထိုနောက် မီးရထားလမ်းများကို ဖောက် လုပ်ပြီးစီးသည့်အချိန်မှစ၍ မင်နီဆိုတာပြည်နယ်သည် လျင်မြန် စွာ တိုးတက်လာခဲ့ပေသည်။[၁]


ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)

ကိုးကား[ပြင်​ဆင်​ရန်​]