အာလူး

ဝီကီပီးဒီးယား မှ
Solanum tuberosum
Potato cultivars appear in a variety of colors, shapes, and sizes.
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Solanales
မျိုးရင်း: Solanaceae
မျိုးဇာတ်: Solaneae
မျိုးစု: Solanum
မျိုးစိတ်:
S. tuberosum
ဒွိနာမ
Solanum tuberosum
Synonyms[၁]

ဥရောတိုက်၏သမိုင်းတွင် အာလူးစိုက်ပျိုးလုပ်ကိုင်ခြင်းသည် အရေးပါအရာရောက်သည့် အချက်တစ်ရပ် ဖြစ်လေသည်။ ပုံစံပြရမည်ဆိုလျှင် အနှစ်သုံးဆယ်တာရှည်သည့် စစ်ပွဲဖြစ်ပွားခြင်းကြောင့် ဂျာမနီပြည်တွင် စားနပ်ရိက္ခာခေါင်းပါးခြင်းဘေး ဆိုက်ရောက်လာရာ အာလူးကို စိုက်ပျိုးသဖြင့် အချို့ အပိုင်းများ၌ ထိုဘေးရန်ကို တားဆီးနိုင်ကြသည်။ အိုင်ယာလန်ပြည်တွင် တောင်သူလယ်သမားတို့သည် ၁၆၈၈ ခုနှစ်မှစ၍ အာလူးကို ပဓာနအစာအဖြစ်ဖြင့် အသုံးပြုခဲ့ကြသည်တွင် ၁၈၄၅ ခုနှစ်သို့ ရောက်သည့်အခါ အာလူးစိုက်ခင်းများ တစ်တိုင်းပြည်လုံးတွင် ပျက်စီးကုန်ကြသဖြင့် လူများ အစားအစာခေါင်းပါးသည့်ဘေးနှင့် ရင်ဆိုင်တိုးကြ၏။ ယင်းသို့ အိုင်ယာလန်ပြည်တွင် အစာခေါင်းပါးသည့် ကပ်ဆိုက်ရောက်လာသဖြင့် အိုင်ယာလန်လူမျိုးတို့သည် သူတို့၏နေရင်းအရပ်ကို စွန့်ခွာလျက် အမေရိကန်ပြည်ထောင်စုသို့ သွားရောက် နေထိုင်ကြလေသည်။

အာလူး၏ ဇာတိပေါက်ရောက်ရာအရပ်ကို တပ်အပ်သေချာစွာ မသိရသော်လည်း ၁၅၂၄ ခုနှစ်တွင် စပိန်လူမျိုးများ တောင်အမေရိကတိုက်သို့ စစ်ချီတိုက်ခိုက်သည့်အခါ၌ ထိုတိုင်းပြည်ရှိ တိုင်းရင်းသားတို့သည် အစားအစာအတွက် အာလူးကဲ့သို့ ဥစားပင်မျိုးပေါင်းမြောက်မြားစွာ စိုက်ပျိုးလျက်ရှိကြသည်ကို တွေ့ရှိရသည်။ ထို့အပြင် အမေရိကန်ပြည်ထောင်စု၏ အနောက်တောင်ပိုင်းဆီမှ တောင်အမေရိကတိုက် တောင်ဘက်စွန်းအထိ ကုန်းပြင်မြင့်များပေါ်တွင် အာလူးအရိုင်းပင်များ ပေါက်ရောက်လျက်ရှိသည်။ ထိုကြောင့် အမေရိကတိုက်သည် အာလူးပင်များ၏ ဇာတိအရပ်ဖြစ်သည်ဆိုလျှင် ဆိုသင့်ပေသည်။

စပိန်လူမျိုးများသည် ဥရောပတိုက်သို့ အာလူးမျိုးကို ယူဆောင်ခဲ့ကြသည်ဟု ယူဆရပေမည်။ အာလူးသည် ရာသီဥတုအေးသော အရပ်ဒေသများ၌ ကောင်းစွာဖြစ်ထွန်းသည်။ ထို့ပြင် အစားအစာအတွက် စိုက်ပျိုးကြသော အခြားအသီးအနှံပင်များထက် အာလူးမှာ အထွက်ပိုများသဖြင့် လူနေထူထပ်သည့် ဥရောပတိုက်တွင် အာလူးကို နိုင်ငံခြားသို့ တင်ပို့နိုင်အောင် အမြောက်အမြား စိုက်ပျိုးလုပ်ကိုင်ကြသည်။

အာလူးတွင် ရေအလေးချိန် လေးပုံသုံးပုံခန့်ပါ၍ ကျန်သမျှမှာ ကစီဖြစ်သည်။ အသားဓာတ်နှင့် အဆီဓာတ် အနည်းငယ်မျှသာ ရှိသည်။ အာဟာရဖြစ်စေမည့် အသားဓာတ်သည် အခွံနှင့်ကပ်လျက်ရှိသဖြင့် ချက်ပြုတ်ရန် အာလူးခွံကို ခပ်ပါးပါးသင်ပစ်ရသည်။ အာလူးမှ အာလူးကစီမှုန့်၊ အာလူးမှုန့်များ ပြုလုပ်ကြသည်။

လွန်ခဲ့သည့် အနှစ်တစ်ရာအတွင်း အာလူးမှ စက်များမောင်းနှင်ရန် အသုံးကျသော အရက်ပြန်တစ်မျိုးကို ရရှိလာရာ အထူးသဖြင့် ဂျာမန်နိုင်ငံတွင် အာလူးစိုက်ပျိုးခြင်းလုပ်ငန်းနှင့် အရက်ပြန်ချက်ခြင်းလုပ်ငန်းကို တွဲဖက်ဆောင်ရွက်လျက်ရှိကြသည်။ အရက်ပြန်ချက်လုပ်ပြီးနောက် ကြွင်းကျန်နေသော အာလူးဖတ်များကို တိရစ္ဆာန်အစာအတွက် ပြန်လည်၍ အသုံးချကြသည်။ ထိုကြောင့် ဂျာမနီနိုင်ငံတွင် တိရစ္ဆာန်မွေးမြူသည့် လုပ်ငန်းမှာလည်း တိုးတက်လာလေသည်။

အာလူးပင်မှ အစေ့ပါသော အစိမ်းရောင်အသီးငယ်များ သီးသည်။ ထိုအသီးများတွင် လူကို ဥပဒ်ဖြစ်စေမည့် အဆိပ်အတောက်များ ပါရှိတတ်သဖြင့် လူများ စားသုံးခြင်းငှာ မသင့်ချေ။ အာလူးများကိုလည်း မြေပေါ်တွင် ကြာကြာထားလျှင် အရောင်မှာ စိမ်းလာ၍ အဆိပ်အတောက် ဖြစ်ပေါ်လာနိုင်သည်။ ထိုကြောင့် အစိမ်းရောင်အသားရှိသော အာလူးများနှင့် အညှောက်ကြီးများ ထွက်ပေါ်နေသည့် အာလူးတို့ကို စားသုံးရန် မသင့်ချေ။

အာလူးကို စိုက်ပျိုးသည့်အခါ၌ အာလူးအလုံးလိုက်ကိုဖြစ်စေ၊ ထက်ခြမ်းခြမ်း၍ဖြစ်စေ၊ ခွဲစိတ်၍ဖြစ်စေ စိုက်ပျိုးလေ့ရှိကြသည်။ ယင်းသို့ စိုက်ပျိုးလိုက်သည့်အခါ အာလူးတွင်ရှိသော မျက်စိမှ အမြစ်များ၊ အစို့များ ထွက်ပေါ်လာကြသည်။ အာလူးမျိုးသန့် ရွေးချယ်သည့်အခါ၌သာ မျိုးစေ့ကို စိုက်ပျိုးယူကြသည်။ အပင်များ မျိုးသန့်ခြင်းလုပ်ငန်းတွင် အထူးတလည်တတ်ကျွမ်းသည့် အမေရိကန်လူမျိုး လူသာ ဗင်းဗင့်ဆိုသူသည် ထွားကျိုင်းချောမွတ်သော အာလူးမျိုးကို တီထွင်လိုက်သဖြင့် ဗားဗင့်အာလူးမျိုးဟူ၍တွင်ကျန်ရစ်လေသည်။ ( ဗားဗင့် လူသာ။)

အာလူးပင်သည် တစ်ပေမှ သုံးပေအထိ မြင့်တက်ပြီးလျှင် အဖြူ သို့မဟုတ် ခရမ်းရောင်အပွင့်များ ပွင့်တတ်သည်။ အာလူးပင်၏ အဖျားများ ရင့်ရော်လာသောအခါတွင် အာလူးများကိုတူးယူသင့်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ရှမ်းပြည်နယ်နှင့် ဆင်ဖြူကျွန်းဒေသတွင် အာလူးများကို စိုက်ပျိုးကြသည်။ ရှမ်းပြည်မှ ရရှိသော အာလူးမျိုးကောင်းကို ပြည်တွင်းသုံးမျှသာမက ပိုမိုထွက်သဖြင့် အိန္ဒိယနိုင်ငံသို့ပင် ပို့ရသေးသည်။ ဈေးချိုသောအာလူးများကိုသာ အိန္ဒိယနိုင်ငံမှ ဝယ်ယူကြသည်။ အာလူးသည် ဆိုလာနေစီအီးမျိုးရင်းတွင် ပါဝင်ပြီးလျှင် ယင်းအား ရုက္ခဗေဒအလိုအားဖြင့် ဆိုလေနမ် တျူဗာရိုဆမ်ဟုခေါ်သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Solanum tuberosum L.။ Board of Trustees of the Royal Botanic Gardens, Kew (2017)။ 7 September 2020 တွင် ပြန်စစ်ပြီး။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)