ကမ္ဘာ့ဘူမိရူပဗေဒနှစ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

၁၉၅၇ ခုနှစ် ဇူလိုင်လ ၁ ရက်မှ ၁၉၅၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ၊ ၁ နှစ်နှင့် ၆ လ အချိန်ကာလကို ကမ္ဘာ့ဘူမိရူပဗေဒနှစ် (The International Geophysical Year) ဟူ၍သတ်မှတ် ထားလေသည်။ ဤအချိန်ကာလ အတွင်း ကမ္ဘာအရပ်ရပ်မှ သိပ္ပံပညာရှင်များ ပူးပေါင်းပြီးလျှင် ဤကမ္ဘာကြီး၏ အကြောင်း ခြင်းရာတို့ကို ပိုမိုပြည့်စုံစွာ သိရှိနားလည်ရန်အတွက် စူးစမ်း လေ့လာ သုတေသန ပြုလုပ်ကြလေသည်။ ဤသို့ပြုလုပ်ကြသည့် သုတေသန လုပ်ငန်းရပ်သည် ကား ကမ္ဘာတစ်ဝန်းလုံးရှိ သိပ္ပံပညာရှင်များ ပူးပေါင်း ဆောင်ရွက်သည့် လုပ်ငန်းဖြစ်သဖြင့် လူ့လောက သမိုင်းတွင် အကြီးကျယ်ဆုံးသော စံနမူနာပြ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းကြီး တစ်ရပ်ပင် ဖြစ်သည်။

ကမ္ဘာ့ဘူမိရူပဗေဒနှစ် ဖြစ်ပေါ်လာပုံ[ပြင်ဆင်ရန်]

ကမ္ဘာ့သိပ္ပံပညာရှင်များ စုပေါင်း၍ သုတေသန ပြုလုပ်ကြသည်မှာ ဤအကြိမ်သည် တတိယအကြိမ် ဖြစ်သည်။ ပထမနှင့် ဒုတိယအကြိမ် သုတေသန ပြုခဲ့သော သိပ္ပံပညာ ရပ်များသည် ကမ္ဘာ့ဝင်ရိုးစွန်းဒေသဆိုင်ရာ အတွက်မျှသာ ဖြစ်သဖြင့် ယင်းလုပ်ငန်းများ၏ နှစ်ကာလ အပိုင်းအခြားကို ကမ္ဘာ့ဝင်ရိုးစွန်းနှစ်ဟု ခေါ်တွင်ခဲ့လေသည်။

ပထမကမ္ဘာ့ဝင်ရိုးစွန်း နှစ်ကို ၁၈၈၂-၈၃ ခုနှစ်တွင် ကျင်းပခဲ့၍ တိုင်းနိုင်ငံပေါင်း ၁၂ နိုင်ငံပါဝင်ပြီးလျှင် ဝင်ရိုးစွန်းဒေသဆိုင်ရာ မိုးလေဝသ၊ ဘူမိသံလိုက်ဗေဒ၊ ဩဘာသများ ( အာကာသရောင်ခြည် ) အကြောင်းများကို သုတေသန ပြုခဲ့ကြလေသည်။

ထိုနောက် နှစ်ပေါင်း ၅ဝ အကြာ၊ ၁၉၃၂-၃၃ ခုနှစ်တွင် ဒုတိယကမ္ဘာ့ဝင်ရိုးစွန်းနှစ်ကို တစ်ဖန် ကျင်းပ ပြုလုပ်ခဲ့ကြပြန်သည်။ ဤအကြိမ်၌ ပထမအကြိမ်က လုပ်ငန်းစဉ်များအပြင် လျှပ်စစ်ကဲ့သို့ ဓာတ်ငွေ့ထုရှိ ရေဒီယိုဓာတ်အကြောင်းကိုပါ စူးစမ်းလေ့လာ သုတေသန ပြုလုပ်ခဲ့ကြ လေသည်။ ဤကဲ့သို့ကမ္ဘာ့ဝင်ရိုးစွန်းနှစ် ၂ ကြိမ်ကျင်းပပြုလုပ်ခဲ့သဖြင့် ဝင်ရိုးစွန်း ဒေသများဆိုင်ရာ အဖိုးတန်လှသော ဗဟုသုတများ ရှာဖွေတွေ့ရှိခဲ့ရလေသည်။

A commemorative stamp issued by Japan in 1957 to mark the IGY. The illustration depicts the Japanese Research Ship Sōya and a penguin.

လွန်ခဲ့သော နှစ်အနည်းငယ် အတွင်းက သိပ္ပံပညာရပ် များ လျင်မြန်စွာ တိုးတက်ထွန်းကားလာမှုကြောင့် ဒုတိယ ကမ္ဘာ့ဝင်ရိုးစွန်းနှစ် ကျင်းပပြီးနောက် နှစ်ပေါင်း ၂ဝ နှစ် ကြာ သောအခါ၊ တတိယ ကမ္ဘာ့ဝင်ရိုးစွန်းနှစ် ၁၉၅၇-၅၈ ခုနှစ်တွင် ကျင်းပရန် တောင်းဆိုကြလေသည်။

ကမ္ဘာ့ဝင်ရိုးစွန်း နှစ် ၂ ကြိမ် ကျင်းပပြုလုပ်၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်မှာ ဒေသ အားဖြင့် လည်းကောင်း၊ သိပ္ပံပညာရပ် လုပ်ငန်းစဉ်အားဖြင့် လည်းကောင်း ကျဉ်းမြောင်းလှပေသည်။ ဝင်ရိုးစွန်း ဒေသ ဆိုင်ရာ အကြောင်းတို့ကိုသာလျှင် ပိုမိုသိကျွမ်းနားလည်ရန် လိုအပ်သည် မဟုတ်သေး။ အပူပိုင်းဒေသများနှင့် စပ်လျဉ်း သော အချို့အကြောင်းခြင်းရာတို့ကို သိပ္ပံပညာရှင်များ သိကျွမ်းနားလည်ရန် လိုအပ်သေးကြောင်း ဝန်ခံရပေမည်။

ထို့ကြောင့် တတိယအကြိမ်၌ တစ်ကမ္ဘာလုံး နေရာ အနှံ့အပြား သိပ္ပံပညာရပ်မျိုးစုံကို ကျယ်ကျယ်ပြန့်ပြန့်စူးစမ်းလေ့လာသုတေသန ပြုလုပ်ကြရန် သဘောတူညီ ကြပြီးလျှင် တတိယ ကမ္ဘာ့ဝင်ရိုးစွန်းနှစ် ဟူသော အမည်အစား ကမ္ဘာ့ဘူမိရူပဗေဒနှစ် ဟူ၍ ပြောင်းလဲခေါ်ဝေါ်လိုက်လေသည်။

သိပ္ပံပညာအစည်းအရုံးများ၏ အပြည်ပြည်ဆိုင်ရာ ကောင်စီ ကမ္ဘာ့ဘူမိရူပဗေဒနှစ် ကျင်းပရေး လုပ်ငန်းကို စိတ်ပါ ဝင်စားသော တိုင်းနိုင်ငံအသီးသီးမှ သိပ္ပံပညာ အစည်းအရုံးများ စုပေါင်း၍ သိပ္ပံပညာ အစည်းအရုံးများ၏ အပြည်ပြည်ဆိုင်ရာ ကောင်စီကို ဖွဲ့စည်းတည်ထောင်ထားလေသည်။ ကမ္ဘာ့ဘူမိ ရူပဗေဒနှစ် စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် ယင်းကောင်စီက အထူးကော်မတီတစ်ရပ် ဖွဲ့စည်းထားသည်။

ထိုအထူး ကော်မတီ၌ တိုင်းနိုင်ငံ အသီးအသီးမှ ကိုယ်စား လှယ်များ ပါဝင်လေ သည်။ ထိုအထူးကော်မတီကို ကမ္ဘာ့ ဘူမိရူပဗေဒနှစ် အထူးကော်မတီဟူ၍ ခေါ်သည်။ ထိုကော်မတီမှ ပုဂ္ဂိုလ်များ သည် ကမ္ဘာအနှံ့အပြားသို့သွားရောက်၍ သုတေသန လုပ်ငန်းကို ပြုလုပ်ဆောင်ရွက်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် တိုင်းနိုင်ငံအသီးသီး၌ အမျိုးသား ကော်မတီများ ဖွဲ့စည်းစေပြီးလျှင်၊ ကမ္ဘာ့ဘူမိရူပဗေဒနှစ် လုပ်ငန်း များကို ဆောင်ရွက်စေလေသည်။

ဆောင်ရွက်သည့်လုပ်ငန်းစဉ်များ[ပြင်ဆင်ရန်]

ကမ္ဘာ့ဘူမိရူပဗေဒနှစ်အတွင်း ကမ္ဘာတစ်ဝန်းလုံး နေရာအနှံ့အပြားတွင် အောက်ပါသိပ္ပံပညာရပ်များနှင့် စပ်လျဉ်း၍ သုတေသန လုပ်ငန်းများကို ပြုလုပ်ဆောင်ရွက် ကြလေသည်။

  1. ဩဘာသ (အာကာသရောင်ခြည်) ဖြာလင်းခြင်း
  2. ကော့စမစ်ရောင်ခြည်
  3. ဘူမိသံလိုက်ဓာတ်အား
  4. ရေခဲထုဗေဒ
  5. ကမ္ဘာ့ဆွဲအား တိုင်းတာမှု
  6. လျှပ်စစ်ကဲ ဓာတ်ငွေ့ထု
  7. လောင်ဂျီတွဒ်နှင့် လတ္တီတွဒ်
  8. မိုးလေဝသပညာ
  9. နျူကလီယားရောင်ခြည် ဖြာထွက်ခြင်း
  10. အဏ္ဏဝါဗေဒ
  11. ဘူကမ္ပဗေဒ
  12. နေစွမ်းအင် ရွေ့လျားမှု
  13. ဒုံးပျံနှင့် ဂြိုဟ်တုများ


ကမ္ဘာ့ဘူမိရူပဗေဒနှစ် အတွင်း ဆောင်ရွက်ရသည့် မိုးလေဝသ လုပ်ငန်းများမှာ -

  1. မြေပြင်နှင့် အထက်လေကြောင်း တိုင်းထွာချက်များ
  2. နေရောင်ခြည်အားနှင့် နေရောင်ခြည် ဖြာထွက်ခြင်း
  3. အိုဇုန်း
  4. လေထု
  5. လေထုလျှပ်စစ်ဓာတ်
  6. လေထုဓာတုဗေဒ
  7. လေထုနျူကလီယာ ရောင်ခြည်ဖြာထွက်ခြင်းဟူ၍ လုပ်ငန်း ၇ မျိုးရှိလေသည်။

ကမ္ဘာ့မှတ်တမ်းများ စုဆောင်းရာဗဟိုဌာန[ပြင်ဆင်ရန်]

ကမ္ဘာ့ဘူမိဗေဒနှစ်အတွင်း ကမ္ဘာတစ်ဝန်းလုံး နေရာအနှံ့အပြားတွင် တိုင်းထွာချက်များ မှတ်ယူကြရုံနှင့် ဤစီမံကိန်း၏ လုပ်ငန်းများ ဆုံးခန်းတိုင် ရောက်ပြီဟု မဆိုနိုင်သေးပေ။ ကမ္ဘာအရပ်ရပ်၌ တိုင်းထွာမှတ်ယူထား သော မှတ်တမ်းများ စုဆောင်းရန်အတွက် ကမ္ဘာ့မှတ်တမ်းများစုဆောင်းရာ ဗဟိုဌာနများကို

  1. ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌လည်းကောင်း၊
  2. အမေရိကန် ပြည်ထောင်စုကယ်ရိုလိုင်းနားပြည်နယ် အက်ရှဗီးမြို့၌လည်းကောင်း၊
  3. ဆိုဗီယက်ရုရှနိုင်ငံ မော်စကိုမြို့၌ လည်းကောင်း ဖွင့်လှစ်ထားရှိသည်။

ကမ္ဘာ့ဘူမိရူပဗေဒနှစ် စီမံကိန်းတွင် ပါဝင်ဆောင်ရွက်ကြသော တိုင်းပြည်များတွင် သက်ဆိုင်ရာ အမျိုးသား ကော်မီတီမှ မိမိတို့တိုင်းပြည်အတွင်း မှတ်ယူသော မှတ်တမ်းများကို စုဆောင်း၍ ကမ္ဘာ့မှတ်တမ်းများ စုဆောင်းရာ ဗဟိုဌာနများသို့ ပေးပို့ရသည်။

ကမ္ဘာ့မှတ်တမ်းများ စုဆောင်းရာ ဗဟိုဌာနသည် ကမ္ဘာအရပ်ရပ်မှ မှတ်တမ်းများကို စုဆောင်း၍ အသေး စိတ် မှတ်တမ်းတင်ဓာတ်ပုံ စက္ကူကတ်ပြားများဖြင့် ကူးယူပြီးလျှင်၊ ကမ္ဘာတစ်ဝန်းလုံးသို့ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ချိရောင်းချရန် တာဝန်ယူရသည်။

ကမ္ဘာ့ဘူမိရူပဗဒနှစ် လုပ်ငန်းများသည် သိပ္ပံပညာရပ်များ တိုးတက်မှုအတွက် လေ့လာသော သုတေသနလုပ်ငန်းရပ် ဖြစ်သောကြောင့် ဤလုပ်ငန်းကို ကမ္ဘာ့အကျိုးပြု လုပ်ငန်းဟူ၍ ခေါ်ဆိုထိုက်သည်။ ဦးစီး ဆောင်ရွက်ကြသော သိပ္ပံပညာရှင်များအားလည်း ကမ္ဘာ့အကျိုးပြု ပုဂ္ဂိုလ်များအဖြစ် မှတ်တမ်းတင်၍ ဂုဏ်ပြုအပ်လှ ပေသတည်း။ [၁]

ပါဝင်တိုင်းပြည်များ[ပြင်ဆင်ရန်]

အတိုကောက် IGY ဟု ခေါ်သော ၎င်းတွင် ပါဝင်သော နိုင်ငံများမှာ - :[၂] တမ်းပလိတ်:Col-begin-small

|style="width: 33.33%;text-align:left;vertical-align:top;" |

|style="width: 33.33%;text-align:left;vertical-align:top;" |

|style="width: 33.33%;text-align:left;vertical-align:top;" |

|}


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)
  2. Nicolet၊ M.။ The International Geophysical Year 1957/58World Meteorological Organization။ 28 July 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 November 2013 တွင် ပြန်စစ်ပြီး။