သောမတ်စ် ဂျက်ဖာဆင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ထောမတ်စ် ဂျက်ဖာဆင် (၁၇၄၃-၁၈၂၆)
Thomas Jefferson
ထောမတ်စ် ဂျက်ဖာဆင် (၁၇၄၃-၁၈၂၆)


မွေးနေ့ ၁၃၊ ဧပြီ ၊ ၁၇၄၃
မွေးရပ် ရှတ်ဝဲလ် ဗာဂျီးနီးယားပြည်နယ်
ကွယ်လွန်နေ့ ၄၊ ဂျူလိုင်၊ ၁၈၂၆
ကွယ်လွန်ရပ် ရှားလော့တ်ဗီးလ် ဗာဂျီးနီးယားပြည်နယ်
အခြားအမည်
လူသိများရခြင်း အမေရိကန်ပြည်ထောင်စု၏ တတိယမြောက်သမ္မတ
အလုပ်အကိုင် ရှေ့နေ၊ သံအမတ်၊ ဥပဒေပညာရှင်၊ အမေရိကန်သမ္မတ
ရာထူးသက်တမ်းကာလ ၄၊ မတ်၊၁၈၀၁- ၄၊ မတ်၊ ၁၈၀၉
ဒုတိယ သမ္မတ အာရွန် ဘား (၁၈၀၁-၁၈၀၅)
ဂျော့ချ် ကလင်တန် (၁၈၀၅-၁၈၀၉)
လွှဲအပ်သူ ဂျွန် အာဒမ်းဇ်
ဆက်ခံသူ ဂျိမ်းစ် မဒီဆင်
နိုင်ငံသား USA.png အမေရိကန် နိုင်ငံ

ထောမတ်စ် ဂျက်ဖာဆင် (အင်္ဂလိပ်။ Thomas Jefferson; တခြား မြန်မာ အသံထွက်။ သောမတ် ဂျက်ဖာဆင်; ၁၇၄၃–၁၈၂၆) သည် အမေရိကန်ပြည်ထောင်စု၏ တတိယမြောက် သမ္မတ (၁၈၀၁–၁၈၀၉)၊ ဒုတိယမြောက် ဒုတိယ သမ္မတ (၁၇၉၇–၁၈၀၁)၊ ပထမမြောက် နိုင်ငံခြားရေး ဝန်ကြီး (၁၇၉၀–၁၇၉၃) နှင့် ပြင်သစ်နိုင်ငံသို့ သံအမတ် (၁၇၈၅–၁၇၈၉) ဖြစ်ပါသည်။ ထို့အပြင် ၁၇၇၆ တွင် အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်း ဦးဆောင် ရေးသားခဲ့သူ ဖြစ်ပါသည်။ ငွေကြေးစနစ်၊ ပညာရေးနှင့် ဥပဒေရေးရာများကို ပြုပြင် တည်ဆောက်သူ၊ ဗာဂျီးနီးယား တက္ကသိုလ်ကို တည်ထောင်သူ အဖြစ် လူတို့က အောက်မေ့ ချီးကျူးကြသည်။

မာတိကာ

[ပြင်​ဆင်​ရန်​] ဘဝအစ

ဗာဂျီးနီးယားပြည်နယ်၊ ရှတ်ဝဲလ်တွင်ဖွားမြင်သည်။ ဖခင်မှာ အောင်မြင်ကျော်ကြားသည့် မြေတိုင်းဆရာ၊ စိုက်ပျိုးရေးသမား ဖြစ်သဖြင့် ၎င်းကွယ်လွန်လျှင် ဂျက်ဖာဆင်အတွက် ကြီးမားသည့် အမွေပမာဏကို ချန်ပေးထားခဲ့သည်။ ဝီလီယမ်နှင့် မေရီကောလိပ်တွင် နှစ်နှစ်ကြာ ပညာသင်ကြားခဲ့သော်လည်း ဘွဲ့မရပဲ ကျောင်းမှထွက်ကာ ဥပဒေပညာကို နှစ်အတန်ကြာ ဆည်းပူးလေ့လာခဲ့သည်။ သို့ဖြင့် ၁၇၆၇ မှစကာ ဗာဂျီးနီးယားပြည်နယ် လိုင်စင်ရ ရှေ့နေတစ်ဦး ဖြစ်လာခဲ့သည်။ ခုနှစ်နှစ်အတွင်း ရှေ့နေအဖြစ်လည်းကောင်း၊ မြေပိုင်ရှင်အဖြစ်လည်းကောင်း နေထိုင်ပြီး ဗာဂျီးနီးယားပြည်နယ် အောက်လွှတ်တော်အမတ် ဖြစ်လာသည်။

[ပြင်​ဆင်​ရန်​] နိုင်ငံရေးသမားဘဝ

၁၇၇၄ တွင် ထုတ်ဝေသော ဗြိတိသျှကိုလိုနီ အမေရိကရှိ လူတို့၏ရပိုင်ခွင့်မှာ ဂျက်ဖာဆင်၏ ပထမဆုံးဆောင်းပါး ဖြစ်သကဲ့သို့ အလွန်အရေးပါသည်ဟု ဆိုနိုင်သည်။ ထိုဆောင်းပါး လက်ရာကြောင့် နောက်တစ်နှစ်တွင် ကျင်းပသည့် ဒုတိယအကြိမ် ကွန်တီနယ်တယ် ကွန်ဂရတ်တက်ရောက်ရန် ကိုယ်စားလှယ်တစ်ဦးအဖြစ် ရွေးချယ်ခံရသည်။ ၁၇၇၆ တွင် လွတ်လပ်ရေး ကြေညာစာတမ်း ရေးဆွဲရာတွင် ဦးဆောင်ပါဝင်သည်။ သို့သော် အမှန်တွင် ဂျက်ဖာဆင်အား ကော်မတီတစ်ခုလုံးက တစ်ဦးတည်းရေးရန် လွှဲအပ်သည်။

လွတ်လပ်ရေးရပြီးနောက် ဗာဂျီးနီးယားပြည်နယ် ဘုရင်ခံအဖြစ် ၁၇၇၉ မှ ၁၇၈၁ အထိ တာဝန်ထမ်းဆောင်သည်။ ထိုနောက် နိုင်ငံရေးလောကမှ ခေတ္တခဏ အနားယူပြီး ဗာဂျီးနီးယားပြည်နယ်မှတ်စု အမည်ရှိ ကျမ်းတစ်စောင်ကို ပြုစုရေးသားခဲ့သည်။ ထိုကျမ်းပါ အရေးကြီးသည့် အချက်တစ်ချက်မှာ ကျွန်စနစ်ကို မနှစ်မြို့ကြောင်း ထင်ထင်ရှားရှား ဖေါ်ပြထားခြင်းဖြစ်သည်။ ၁၇၈၂ တွင် ဇနီးသည် ကွယ်လွန်ပြီးနောက် နိုင်ငံရေးလောကသို့ တစ်ကျော့ပြန် ဝင်ရောက်ခဲ့သည်။ ထိုစဉ်က ဂျက်ဖာဆင်မှာ ၃၉ နှစ် အရွယ်သာ ရှိသေးသော်လည်း အိမ်ထောင်သစ် ထူထောင်ခြင်းမရှိခဲ့ပေ။

၁၇၈၅ တွင် နိုင်ငံခြားသို့ သံတမန်ရေးရာ ဆောင်ရွက်ရန် ပြင်သစ်သို့စေလွှတ်ခံခဲ့ရသည်။ မကြာမှီပင် သံအမတ်အဖြစ် ဘင်ဂျမင် ဖရမ်ကလင်ကို ဆက်ခံသည်။ ပြင်သစ်တွင် ငါးနှစ်ကြာ နေထိုင်နေခဲ့စဉ်အတွင်း အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲသွားခဲ့ကြသဖြင့် ထိုဥပဒေရေးဆွဲရာတွင် ပါဝင်ခွင့်မရခဲ့ပေ။ သို့သော် ထိုအခြေခံဥပဒေတွင် လူ့အခွင့်အရေးနှင့် ပတ်သက်၍ ဥပဒေထည့်သွင်းရန် အထူးထောက်ခံခဲ့သည်။

၁၇၉၄ တွင် အမေရိကသို့ ပြန်ရောက်လျှင် ချက်ချင်းဆိုသလို နိုင်ငံခြားရေးဝန်ကြီး (Secretary of State) အဖြစ် ရာထူးခန့်အပ်ခံရသည်။ သို့သော် ဘဏ္ဏာရေးဝန်ကြီး အလက်ဇန္ဒား ဟာမီလ်တန်နှင့် သဘောထားချင်း မတိုက်ဆိုင်ပဲ အတိုက်အခံဖြစ်လာသည်။ သို့ဖြင့် ဟာလ်မီတန်၏ သဘောထားကို ထောက်ခံသည့် သူများက ဖယ်ဒရယ်ပါတီကို တည်ထောင်ကြသလို ဂျက်ဖာဆင်ကို ထောက်ခံသူများကလည်း ဒီမိုကရက်တစ် ရီပါပလီကင်ပါတီ (ယနေ့ ဒီမိုကရက်တစ်ပါတီ)ကို အပြိုင်အဆိုင် ဖွဲ့ကြသည်။

၁၇၉၆ တွင် သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ပြီး ဂျွန်အဒမ်၏နောက် ဒုတိယမဲအများဆုံးရကာ ဒုတိယ သမ္မတ ဖြစ်လာသည်။ (ထိုစဉ်က ဖွဲ့စည်းပုံအရ မဲရာခိုင်နှုံး ဒုတိယအများဆုံးရသူက ဒုတိယသမ္မတ ဖြစ်သည်။ ယနေ့တွင် ထိုကဲ့သို့ မဟုတ်တော့ပါ။) ၁၈၀၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်မှ သမ္မတအဖြစ် ရွေးကောက်ခံရပြီး သမ္မတဖြစ်လာသည်။

သမ္မတဖြစ်လာလျှင် မိမိအတိုက်အခံများနှင့် ဆက်ဆံရေးပြေလည်အောင် မျှတစွာ နေထိုင်ဆက်ဆံသည်။ (ထိုမှစကာ နိုင်ငံရေးတွင် အတိုက်အခံများ တစ်ဖက်နှင့် တစ်ဖက်လေးလေးစားစား ဆက်ဆံသည့် အလေ့အထကောင်းကို တည်ဆောက်ပေးခဲ့သည်ဟု ဆိုနိုင်ပါသည်။) ထို့ပြင် အမေရိကန်ပြည်ထောင်စုအတွက် နောင်တစ်ချိန်တွင် အကြီးအကျယ် အကျိုးရှိစေမည့် ကိစ္စတစ်ရပ်ကို မထင်မှတ်ပဲ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ထိုကိစ္စမှာ အခြားမဟုတ်၊ လူဝီစီယားနား နယ် ကို ပြင်သစ်ထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ (ထိုစဉ်က အမေရိကန်ပြည်ထောင်စု ပြည်နယ် ၁၃ ပြည်နယ်၏ ဧရိယာစုစုပေါင်းနှင့် လူဝီစီယားနားပြည်နယ်၏ ဧရိယာမှာ များစွာမကွာလှပေ။)

၁၈၀၄ တွင် သမ္မတသက်တမ်း နောက်တစ်ကြိမ် အရွေးခံရပြီး သမ္မတအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်သည်။ သို့သော် ၁၈၀၈ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုပဲ ရှေ့မှ ဂျော့ချ် ဝါရှင်တန်၏ လမ်းစဉ်အတိုင်း သမ္မတသက်တမ်း နှစ်ကြိမ်သာ ထမ်းဆောင်ပြီး သမ္မတအဖြစ်မှ အနားယူသည်။

[ပြင်​ဆင်​ရန်​] ပညာရေးဆိုင်ရာ စွမ်းဆောင်ချက်များ

ဗာဂျီးနီးယား တက္ကသိုလ်
  • ပညာရေးနှင့်ပတ်သက်ပြီး ဂျက်ဖာဆင်က လူတိုင်းမူလတန်းပညာကို သင်ကြားထားရမည်။ အရည်အသွေး ရှိသူများကို တက္ကသိုလ်များတွင် ပညာသင်ကြားစေရမည်။ ထိုသို့ သင်ကြားနိုင်ရန် ထောက်ပံ့ရေး ရန်ပုံငွေ ထားရှိရမည်ဟု ဗာဂျီးနီးယား လွှတ်တော်တွင် အကြံပြုသည်။ ထိုအကြံပြုချက်ကို အစက လက်မခံကြသော်လည်း နောင်တွင် ဗာဂျီးနီးယားပြည်နယ်သာမက အမေရိကန် တစ်နိုင်ငံလုံး ကျင့်သုံးကြသည်။
  • ၁၈၁၉ တွင် အစိုးရနှင့် စီမံကိန်းစာချုပ်ချုပ်ဆိုပြီး ဗာဂျီးနီးယားတက္ကသိုလ်ကို တည်ထောင်ခဲ့သည်။ ထိုအချက်မှာလည်း အလွန်အကျိုးရှိပြီး အရေးပါသည့် ဆောင်ရွက်ချက်ဖြစ်သည်။

[ပြင်​ဆင်​ရန်​] ဥပဒေရေးဆိုင်ရာ စွမ်းဆောင်ချက်များ

  • ဗာဂျီးနီးယားပြည်နယ် လွှတ်တော်အမတ်ဘဝက အုပ်ချုပ်ရေးနှင့် ခရစ်ကျောင်းတော်တို့ကို ရောထွေးမထားပဲ သီသန့်ခွဲခြားထားရန်၊ ဘာသာရေးအရ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိရန် တင်ပြခဲ့သည်။ ထိုစဉ်က ကန့်ကွက်မှုများကြားမှ အတည်ပြုခဲ့ပြီး နောင်တွင် အမေရိကန်၏ အခြားပြည်နယ်များသာမက၊ အမေရိကန်ပြည်ထောင်စု အနေဖြင့်ပါ ထိုအချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲခဲ့ကြသည်။
  • ငွေကြေး၊ အလေးချိန်နှင့် အတိုင်းအတာ စနစ်များတွင် ဆယ်လီစနစ် (၁၀ x ၁၀) ကို ကျင့်သုံးရန် တင်ပြခဲ့သည်။ ငွေကြေးစနစ်အတွက် ဥပဒေအတည်ပြုနိုင်သော်လည်း ကျန်အလေးချိန်နှင့် အတိုင်းအတာစနစ်များတွင်မူ နောင်မှ အတည်ပြုနိုင်သည်။
  • နောက်တိုးပြည်နယ်သစ်များတွင် ကျွန်စနစ်ကို ကျင့်သုံးခွင့်မပေးရန်အဆိုမှာ တစ်မဲအလိုဖြင့် ကပ်ပြီးရှုံးနှိမ့်ခဲ့ရသည်။

[ပြင်​ဆင်​ရန်​] အခြားစွမ်းဆောင်ချက်များ

  • ဘာသာစကားကျွမ်းကျင်ပြီး ဘာသာစကား ၆ မျိုးပြောနိုင်သည်။ သဘာ၀နှင့် သိပ္ပံပညာရပ်များကို ဝါသနာထုံပြီး ဗိသုကာ ပညာရပ်တွင်လည်း ကျွမ်းကျင်သည်။ စိုက်ပျိုးမွေးမြူရေးတွင်လည်း သိပ္ပံနည်းကျ စိုက်ပျိုးသူအဖြစ် နာမည်ရသည်။ ထို့ပြင် ပစ္စည်းကိရိယာ အသေးအဖွဲလေးများကိုလည်း တီထွင်ထုတ်လုပ်ခဲ့သေးသည်ဟု ဆိုပါသည်။

အထက်ပါ အချက်များကို ကြည့်လျှင် ထောမတ်စ် ဂျက်ဖာဆင်သည် အလွန်ပင် တွေးခေါ်မြော်မြင်နိုင်စွမ်းရှိပြီး၊ ခေတ်ရှေ့ပြေးသူလည်း ဖြစ်ကြောင်း သိနိုင်သည်။

[ပြင်​ဆင်​ရန်​] မိသားစုဘဝနှင့် ဘဝနိဂုံး

ဂျက်ဖာဆင်၏ အုပ်ဂူ

ဇနီးဖြစ်သူနှင့် နှစ်နှစ်ဆယ်ပေါင်းသင်းခဲ့ပြီး ၁၇၈၂ တွင် ဇနီးကွယ်လွန်ရာ သားသမီး ၆ ဦး ထွန်းကားခဲ့သည်။ မုဆိုးဖိုဘဝဖြင့် သက်ဆုံးတိုင် နေထိုင်သွားခဲ့သည်။ လွတ်လပ်ရေးကြေညာစာတမ်းကို ကြေညာသည့် နှစ် ၅၀ မြောက်နေ့ဖြစ်သည့် ၄၊ ဇူလိုင် ၊၁၈၂၆ တွင် အသက် ၈၃ နှစ် အရွယ်ရှိ ဂျက်ဖာဆင် ကွယ်လွန်သည်။ သူ၏ သင်္ချိုင်းအုပ်ဂူတွင်စိုက်ထူမည့် ကမ္ဗည်းကျောက်တိုင်ကို မကွယ်လွန်မှီကပင် ကိုယ်တိုင်ထွင်းထုထားခဲ့ပြီး ထိုကမ္ဗည်းကျောက်တိုင်တွင် သူ့အကြောင်း အမှတ်တရဖြစ်စေမည့် အချက်သုံးချက်ကိုသာ ထည့်သွင်းသွားခဲ့သည်။

HERE WAS BURIED THOMAS JEFFERSON
AUTHOR OF THE DECLARATION OF AMERICAN INDEPENDENCE
OF THE STATUTE OF VIRGINIA FOR RELIGIOUS FREEDOM
AND FATHER OF THE UNIVERSITY OF VIRGINIA
BORN APRIL 2 1743 O.S.
DIED JULY 4 1826
"ဤနေရာသည် အမေရိကန် လွတ်လပ်ရေးကြေညာစာတမ်းရေးသားသူ၊
ဗာဂျီးနီးယားပြည်နယ်တွင် ဘာသာရေးလွတ်လပ်ခွင့်အတွက် မီးရှူးတန်ဆောင်နှင့်
ဗာဂျီးနီးယားတက္ကသိုလ်၏ ဖခင်ကြီး (တည်ထောင်သူ)
ထောမတ်စ် ဂျက်ဖာဆင်အား မြုပ်နှံရာ အုပ်ဂူဖြစ်သည်။"
"ဧပြီလ ၊ ၂ရက်နေ့ ၊ ၁၇၄၃ တွင် မွေးဖွားပြီး
ဇူလိုင်လ ၊ ၄ရက်နေ့ ၊ ၁၈၂၆ တွင် ကွယ်လွန်သည်။"
  • မိမိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်းကိုမူ ထည့်သွင်းရေးသားခဲ့ခြင်း မရှိသည်မှာလည်း ထူးခြားလှပါသည်။

[၁]

[ပြင်​ဆင်​ရန်​] ရည်ညွှန်းကိုးကား

  1. ကျော်စွာ(၁၀၀)-ဒေါက်တာသန်းထွန်း
ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်