ဝုဒ်ရိုး ဝီလ်ဆင်

ဝီကီပီးဒီးယား မှ
ဝုဒ်ရိုး ဝီလ်ဆင်
Woodrow Wilson


မွေးနေ့ ၂၈ရက်၊ ဒီဇင်ဘာလ၊ ၁၈၅၆ခုနှစ်
မွေးရပ် စတောက်တန် ဗာဂျီးနီးယားပြည်နယ်
ကွယ်လွန်နေ့ ၃ရက်၊ဖေဖော်ဝါရီလ၊၁၉၂၄ခုနှစ်
ကွယ်လွန်ရပ် ဝါရှင်တန်ဒီစီ
အခြားအမည်
လူသိများရခြင်း အမေရိကန်ပြည်ထောင်စု၏ ၂၈ဦးမြှောက်သမ္မတ၊ ပထမကမ္ဘာစစ်ကို အဆုံးသတ်စေသူ နှင့် နိုင်ငံပေါင်းချုပ် အသင်းကြီးအား စတင်တည်ထောင်ရန် ကြိုးပမ်းခဲ့ခြင်း
အလုပ်အကိုင် ဥပဒေပညာရှင်၊ အမေရိကန်သမ္မတ
ရာထူးသက်တမ်းကာလ ၄၊ မတ်၊ ၁၉၁၃- ၄၊ မတ်၊ ၁၉၂၁
ဒုတိယ သမ္မတ သောမတ်စ် မာရှယ်
လွှဲအပ်သူ ဝီလျံ ဟောင်းဝဒ် တာ့ဖ်
ဆက်ခံသူ ဝါရင်း ဂမ်မယ်လီယဲ ဟာဒင်း
နိုင်ငံသား အမေရိကန် နိုင်ငံ

၂၈ ဦးမြှောက် အမေရိကန် သမ္မတ (သောမတ်စ်) ဝုဒ်ရိုး ဝီလ်ဆင်ကို ဒီဇင်ဘာလ၊ ၂၈ရက်၊ ၁၈၅၆ ခုနှစ်တွင် ဗာဂျီးနီးယားပြည်နယ်၊ စတောက်တန်အရပ်ဒေသ၌ ဖွားမြင်ခဲ့သည်။ မိဘများမှာ ဂျိုးဇက် ရပ်ဂလေနှင့် ဂျက်နက် ဝုဒ်ရိုး ဝီလ်ဆင်တို့ဖြစ်ကြသည်။ ငယ်စဉ်က ဂျော်ဂျီယာနှင့် တောင်ကယ်ရိုလိုင်းနားပြည်နယ်များတွင် နေထိုင်ကြီးပြင်းခဲ့ပြီး မြောက်ကယ်ရိုလိုင်းနားပြည်နယ်ရှိ ဒါဗစ်ဆန် ကောလိပ်တွင် ပညာသင်ခဲ့သည်။ ၁၈၇၉ ခုနှစ်တွင် ပရင်စတန်တက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီး ဗာဂျီးနီးယားတက္ကသိုလ်တွင် ဥပဒေဘာသာရပ်ကိုလည်းကောင်း၊ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံဘာသာရပ်ကိုလည်းကောင်း သင်ယူခဲ့ပြန်သည်။ ၁၈၈၆ ခုနှစ်တွင် ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဘာသာရပ်ဖြင့် ဒေါက်တာဘွဲ့ရခဲ့သည်။

ထိုနောက် ပရင်စတန်တက္ကသိုလ်တွင် ဘာသာရပ်များကို သင်ကြားပို့ချပေးခဲ့ပြီး ၁၉၀၂ မှ ၁၉၁၀ အတွင်းတွင် တက္ကသိုလ် အကြီးအကဲအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုနှစ်၌ပင် ဝီလ်ဆင်သည် နယူးဂျာစီပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး နိုင်ငံရေးလောကတွင်လည်း အောင်မြင်လာခဲ့သည်။ ၁၉၁၂ ခုနှစ်တွင် ဝီလျံဂျင်းနင်းဘရိုင်ယန်၏ ကူညီမှုဖြင့် ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်းဖြစ်လာသည်။

သမ္မတရွေးကောက်ပွဲတွင်လည်း ရီပါပလီကန်ပါတီတွင်း အကွဲအပြဲများကြောင့် ဝီလ်ဆင်ပင် အနိုင်ရခဲ့ပြန်သည်။ သမ္မတဖြစ်လျှင် ဝီလ်ဆင်သည် အပြောင်းအလဲများကြောင့် မတည်ငြိမ်သည့် မက္ကဆီကိုရှိ အမေရိကန်တို့၏ ရပိုင်ခွင့်များကို ကာကွယ်ပေးသည်။ ကမ်းဝေးပင်လယ်ပြင်ရှိ အမေရိကန်ရပိုင်ခွင့်များကိုလည်း ကြိုးပမ်းခဲ့သလို၊ ပြည်နယ်များစုပေါင်း၍ ပြည်ထောင်စုရန်ပုံငွေတစ်ရပ် ပေါ်ထွန်းလာစေရန်အတွက်လည်း ကြီးကြပ်ဆောင်ရွက်ခဲ့သည်။ သွင်းကုန်ဆိုင်ရာအခွန်အခများကိုလည်း လျော့ချပေးခဲ့သေးသည်။ ဂျာမနီနှင့် ပြဿနာဖြစ်ပွားရာတွင်လည်း သမ္မတအနေဖြင့် ပြင်းပြင်းထန်ထန် သတိပေးခဲ့သောကြောင့် ငြိမ်းချမ်းရေးဝါဒီဖြစ်သော နိုင်ငံခြားရေးဝန်ကြီး ဘရိုင်ယန်နုတ်ထွက်ခဲ့သည်။ ၁၉၁၆ခုနှစ် ရွေးကောက်ပွဲတွင်လည်း ဝီလ်ဆင်ကပင် မဲအနည်းငယ်အသာဖြင့် အနိုင်ရခဲ့သည်။ မဲဆွယ်ကာလက စစ်ကိုရှောင်လွှဲနိုင်ရန်အတွက် ဂတိထားမဲဆွယ်ခဲ့သော်လည်း ဂျာမနီနှင့်စစ်မက်ဖြစ်ပွားခြင်းကိုမူ မရှောင်လွှဲနိုင်ခဲ့ပေ။ အမေရိကန်သင်္ဘောများကို ဂျာမန်တို့မှ ပစ်ခတ်နစ်မြုပ်ခဲ့သောကြောင့် ၁၉၁၇၊ ဧပြီ၊ ၆ရက်နေ့တွင် အမေရိကန်မှ ဂျာမနီအား စစ်ကြေညာကာ ပထမကမ္ဘာစစ်တွင်း ဝင်ရောက်ခဲ့သည်။

၁၉၁၈၊ ဇန်နဝါရီ၊ ၈ရက်နေ့တွင် ဝီလ်ဆင်သည် အချက်၁၄ချက်ပါ စစ်ပြေငြိမ်းရေး အစီအစဉ်ကို တင်ပြခဲ့ရာ ကမ္ဘာနှင့်အဝှမ်း ဩဇာသက်ရောက်ခဲ့သည်။ အဆိုပါအစီအစဉ်တွင် အငြင်းပွားနယ်မြေများအတွက် ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ပါဝင်သည့်အတွက် ဂျာမနီဘက်မှ သဘောတူညီခဲ့သဖြင့် ၁၉၁၈ခုနှစ်၊ နိုဝင်ဘာလ၊ ၁၁ရက်နေ့တွင် စစ်ပြေငြိမ်းရန် သဘောတူကြသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဝီလ်ဆင်သည် ပါရီသို့သွားရောက်ခဲ့ပြီး အောင်မြင်မှုအနေဖြင့် နိုင်ငံပေါင်းချုပ် အသင်းကြီးကို တည်ထောင်နိုင်ခဲ့သည်။ သို့သော် အသင်းကြီးသို့ဝင်ရောက်ရေးနှင့်ပတ်သတ်၍မူ အထက်လွှတ်တော်ဆီးနိတ်နှင့် သမ္မတတို့ သဘောထားကွဲလွဲသဖြင့် ဝီလ်ဆင်အနေဖြင့် ၎င်း၏မူအား ထောက်ခံမှုရရှိနိုင်ရန်အတွက် နိုင်ငံတဝှမ်း ခရီးလှည့်လည်ဟောပြောစည်းရုံးခဲ့သည်။ ၁၉၁၉ အောက်တိုဘာတွင် ဝီလ်ဆင်သည် နှလုံးရောဂါဖြစ်ပွားခဲ့သော်လည်း ဇနီးနှင့် ဆရာဝန်များ၏ ပြုစုစောင့်ရှောက်မှုများကြောင့် သမ္မတတာဝန်များကို ဆက်လက်၍ထမ်းဆောင်နိုင်ခဲ့သည်။ ထိုနှစ်တွင်ပင် နိုင်ငံပေါင်းချုပ်အသင်းကြီးတည်ထောင်ရန် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့မှုကြောင့် ဝီလ်ဆင်အား ငြိမ်းချမ်းရေး နိုဘယ်ဆုချီးမြှင့်ခဲ့သည်။ သို့သော် ဆီးနိတ်တွင်မူ ဝီလ်ဆင်၏ နိုင်ငံပေါင်းချုပ်အသင်းကြီးတွင် ပါဝင်စာချုပ်ချုပ်ရေးမူကို အဆုံးပယ်ချလိုက်သည်။ ၁၉၂၁ခုနှစ်တွင် ဝီလ်ဆင်သမ္မတရာထူးမှ အနားယူသည်။ ၁၉၂၄ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၃ရက်နေ့တွင် ဝါရှင်တန် ဒီစီတွင် ဝီလ်ဆင်ကွယ်လွန်ခဲ့သည်။