ဘင်ဂျမင် ဟယ်ရီဆန်

ဝီကီပီးဒီးယား မှ
ဘင်ဂျမင် ဟယ်ရီဆန်
Benjamin Harrison
၁၈၃၃-၁၉၀၁
မွေးနေ့ ၂၀၊ ဩဂုတ်၊ ၁၈၃၃
မွေးရပ် နော့တ်ဘန့်အိုဟိုင်းယိုးပြည်နယ်
ကွယ်လွန်နေ့ ၁၃၊ မတ်၊ ၁၉၀၁
ကွယ်လွန်ရပ် အင်ဒီယားနားပိုးလစ် အင်ဒီယားနားပြည်နယ်
အခြားအမည်
လူသိများရခြင်း အမေရိကန်ပြည်ထောင်စု၏ ၂၃ ဦးမြောက်သမ္မတ
အလုပ်အကိုင် ရှေ့နေ၊ ဗိုလ်မှူးချုပ်
ရာထူးသက်တမ်းကာလ ၄၊ မတ်၊ ၁၈၈၉-၄၊ မတ်၊ ၁၈၉၃
ဒုတိယ သမ္မတ လေဗီ မော်တွန်
လွှဲအပ်သူ စတီဖင် ဂရိုဗာ ကလိဗ်လန်း
ဆက်ခံသူ စတီဖင် ဂရိုဗာ ကလိဗ်လန်း
နိုင်ငံသား အမေရိကန် နိုင်ငံ


အဘိုးဖြစ်သူ ဝီလီယံ ဟင်နရီ ဟယ်ရီဆန် သည် အမေရိကန် ပြည်ထောင်စု၏ နဝမမြောက် သမ္မတဖြစ်ပြီး၊ ဖခင် ဂျွန် စကော့ ဟယ်ရီဆန်မှာ အိုဟိုးယိုးပြည်နယ်ကိုယ်စားပြု လွှတ်တော်အမတ် ဖြစ်သဖြင့် နိုင်ငံရေးအရ မျိုးရိုးရှိသည်ဟု ဆိုနိုင်သော ဘင်ဂျမင် ဟယ်ရီဆန်သည် နိုင်ငံရေးတွင် စိတ်အားထက်သန်ခြင်းမရှိပေ။ ဖခင်ဖြစ်သူကလည်း သားအား နိုင်ငံရေးနှင့် ဝေးဝေးနေပြီး ပညာတတ်တစ်ဦးအဖြစ် အသက်မွေးရန် သွန်သင်ခဲ့သည်။ အကျိုးဆက်အနေဖြင့် ဘင်ဂျမင်သည် အောင်မြင်သော ရှေ့နေတစ်ဦးအဖြစ် အိုဟိုင်းယိုးပြည်နယ်မှ တဆင့် အင်ဒီယားနားပြည်နယ်၊ အင်ဒီယားနားပိုးလစ်တွင် နေထိုင်ခဲ့သည်။

သို့သော် မျိုးရိုးအမွေနှင့် အောင်မြင်ခြင်းတို့ကြောင့် နိုင်ငံရေးလမ်းကြောင်းကို ရှောင်မရသဖြင့် မြို့တော်ရှေ့နေချုပ်အဖြစ် နှစ်ကြိမ်အရွေးချယ်ခံရဖူးသည်။ ပြည်တွင်းစစ်ဖြစ်သောအခါ အမှတ်(၇၀) အင်ဒီယားနားတပ်ရင်းကို ကြီးမှူးကာ တိုက်ပွဲဝင်ရာမှ စစ်သူရဲကောင်းလည်း ဖြစ်လာသည်။ ရာထူးအားဖြင့်လည်း ဗိုလ်မှူးချုပ် အဆင့်အထိတိုးမြှင့်ခြင်းခံရသည်။ ရှေ့နေဘဝက ဥပဒေကို ထဲထဲဝင်ဝင် လေ့လာလိုက်စားသကဲ့သို့ စစ်တပ်အတွင်းတွင်လည်း စစ်ဗျူဟာများ၊ နည်းပရိယာယ်များကို ကြိုးစားအားထုတ် လေ့လာလိုက်စားသည်။ သို့သော် တပ်အတွင်းတွင် ရေရှည်အမှုထမ်းရန် စိတ်ကူးမရှိသဖြင့် ရှေ့နေလောကသို့ ပြန်ဝင်သည်။ နိုင်ငံရေးအကဲစမ်းသည့် အနေဖြင့် ပြည်နယ်အုပ်ချုပ်ရေးမှူးရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံရာ ရှုံးသည်။ သို့သော် အမေရိကန်လွှတ်တော် အတွက် အထက်လွှတ်တော်အမတ်အဖြစ်အရွေးခံရာ အနိုင်ရသဖြင့် အထက်လွှတ်တော်အမတ် ဖြစ်လာသည်။ စစ်မြေပြင်အတွေ့အကြုံများအရ လူမည်းများ၏ အခွင့်အရေးကာကွယ်မှုနှင့် ပက်သက်လျှင် တက်တက်ကြွကြွ လှုပ်ရှားသူ ဖြစ်လာသည်။ စစ်ပြန်ရဲဘော်များ၏ အခွင့်အရေး၊ ခံစားခွင့်တို့ကိုလည်း ထောက်ခံသည်။

နောက်တစ်ကြိမ် အထက်လွှတ်တော်အမတ် ရွေးကောက်ပွဲယှဉ်ပြိုင်ရာ ရှုံးနှိမ့်ပြန်သည်။ သို့သော် လူကြိုက်များသည့် သူ့အရည်အချင်းတို့ကို သူ၏ရီပါပလီကန်ပါတီက သဘောကျသဖြင့် ၁၈၈၈ သမ္မတရွေးကောက်ပွဲတွင် သမ္မတလောင်း အဖြစ်ပွဲထုတ်သည်။ အဟောအပြောကောင်းသည့် ဘင်ဂျမင်၏ မဲဆွယ်မှုများကြောင့် ပြည်သူ့ဆန္ဒမဲတွင် ရှုံးသော်လည်း ကိုယ်စားလှယ်မဲအရေအတွက်တွင် ထောက်ခံသူများကာ သမ္မတအဖြစ် ရွေးချယ်ခံရသည်။

သမ္မတသက်တမ်း[ပြင်ဆင်ရန်]

ပြုပြင်ပြောင်းလဲရေးဝါဒကို ရှေ့တန်းတင်လာသည့် ဘင်ဂျမင်အနေဖြင့် လက်တွေ့တွင်လည်း ပါတီဝင်မဟုတ်သူ ရှစ်ဦးတိတိကို အစိုးရအဖွဲ့တွင် ပါဝင်စေသည်။ သူ့ရာထူးသက်တမ်းအတွင်း ပြည်နယ်သစ် ခြောက်ခုက ပြည်ထောင်စုအတွင်း ဝင်ရောက်လာသည်။ နိုင်ငံ့ဩဇာကို ကျယ်ကျယ်ပြန့်ပြန့်တည်ဆောက်လာနိုင်သဖြင့် ဗြိတိန်အီတလီဂျာမနီချီလီနိုင်ငံများနှင့် ညှိနှိုင်းရေးစာချုပ်များ ချုပ်ဆိုနိုင်သဖြင့် ပထမအကြိမ် ပန်-အမေရိက ကွန်ဖရန့်ကို ကျင်းပနိုင်သည်။ ထူးခြားသောအဖြစ်တစ်ခုမှ နောင်တွင် သမ္မတဖြစ်လာမည့် ဝီလျံ ဟောင်းဝဒ် တာ့ဖ် တစ်ယောက် တရားရုံးချုပ် တရားသူကြီးအဖြစ် ရာထူးတာဝန်ထမ်းဆောင်လိုကြောင်း စာနှင့်တကွလျှောက်ထားသော်လည်း ပယ်ချခံရသည်မှ သမ္မတဖြစ်ပြီး အသက် ၆၃နှစ်အရွယ် အသက်ကြီးမှ ထိုရာထူးတွင် တာဝန်တစ်ကြော့ ထမ်းရခြင်းဖြစ်သည်။

ဘင်ဂျမင်လက်ထက်တွင် အိမ်ဖြူတော် လျှပ်စစ်မီးစတင်ရရှိသည်။ သို့သော် သမ္မတကတော်က လျှပ်စစ်ကို ကြောက်လွန်းသဖြင့် မီးခလုတ်များကို မည်သည့်အခါမျှ ကိုယ်တိုင်မဖွင့်ဟု ဆိုသည်။ လွှတ်တော်နှင့် ညှိနှိုင်းဆောင်ရွက်မှုအနေဖြင့် ရေတပ်နှင့် ရေကြောင်းသယ်ယူပို့ဆောင်ရေးအတွက် ခေတ်မီသင်္ဘောများတည်ဆောက်ရန် ငွေကြေးသုံးစွဲခွင့်ရရှိခဲ့သည်။ ငြိမ်းချမ်းရေးကာလတစ်ခုအတွက် ဒေါ်လာသန်းတစ်ထောင်တန် စီမံကိန်းဖြစ်သဖြင့် ကြီးကျယ်သည်ဟု ဆိုရမည်ဖြစ်သည်။ လွှတ်တော်က သူ့ကိုကျော်၍ ငွေကြေးကဏ္ဍများတွင် ဥပဒေအတော်များများပြဋ္ဌာန်းခဲ့သော်လည်း ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိခဲ့ပေ။

စီးပွားပျက်ကပ်[ပြင်ဆင်ရန်]

၁၈၉၂တွင် သမ္မတဘင်ဂျမင် ဟယ်ရီဆန်က လွှတ်တော်တွင်း မိန့်ခွန်းပြောကြားရာတွင် အမေရိကန်သမိုင်း တစ်လျှောက် ယခုလောက် အလုပ်အကိုင်ပေါများကာ လူတို့ ဖောဖောသီသီသုံးစွဲနိုင်ခဲ့ဖူးသည့် အချိန် မရှိခဲ့ ဟုကြွေးကြော်ခဲ့သည်။ သို့သော် ထိုမှတစ်နှစ်မပြည့်သေးမီအချိန်တွင် အမေရိကန်သမိုင်းတွင် ဒုတိယမြောက် အဆိုးဆုံးစီးပွားပျက်ကပ်ကြီးပေါ်ပေါက်လာ သသည်။ လွှတ်တော်က သမ္မတကို ကျော်လွန်၍ ပြဋ္ဌာန်းခဲ့သည့် ငွေကြေးနှင့် အခွန်ဥပဒေများကလည်း ထိုစီးပွားပျက်ကပ်ကြီးကို ဝင်ရောက်ကာ အားပေးအားမြောက် ပြုသကဲ့ပင်ရှိနေသည်။ ထိုဥပဒေများအား ဥပဒေကြမ်းအဖြစ် ရှိစဉ်တည်းက သမ္မတအနေဖြင့် ဗီတိုအာဏာသုံးကာ ပယ်ချလိုက်လျှင်ရသော်လည်း ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့သဖြင့် ဤသို့အခြေအနေဆိုးရသည် ဟုဆိုသည်။ စီးပွားပျက်ကပ်ကြောင့် ဖြစ်ပွားရသည့် ဆူပူဆန္ဒပြမှုများကိုလည်း အင်အားသုံးကာ ဖြေရှင်းသဖြင့် ဝေဖန်ခံရပြန်သည်။ သို့ဖြင့် နာမည်ကောင်း မရသည့်ကြားမှ သမ္မတကတော် ဆုံးပြန်သဖြင့် စိတ်ဓာတ်ကျဆင်းနေသော ဟယ်ရီဆန်သည် နောက်တစ်ကြိမ် သမ္မတအဖြစ်ရွေးကောက်ခံရန်အတွက် ပါတီက အခွင့်အရေးပေးသည့်တိုင် ကိုယ်တိုင်က ကြိုးပမ်းအားစိုက်ခြင်း မရှိတော့ပေ။

နိုင်တစ်လှည့်၊၊ရှုံးတစ်လှည့်[ပြင်ဆင်ရန်]

ဟယ်ရီဆန်၏ နိုင်ငံရေးသမားဘဝတစ်လျှောက်တွင် နိုင်လိုက်ရှုံးလိုက်ဖြင့် ကုန်လွန်ခဲ့ရသည်ကို တွေ့ကြရမည်ဖြစ်သည်။ ၁၈၉၂ ရွေးကောက်ပွဲတွင်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ ပို၍ထူးခြားသည်မှာ အနိုင်ရဖူးသည့် ကလိဗ်လန်း ကိုတစ်ဖန်ပြန်လည် ရှုံးနှိမ့်ရခြင်းဖြစ်သည်။ သမ္မတရာထူးမှ အနားယူသောနောက် အင်ဒီယားနားပိုးလစ်သို့ ပြန်ကာ ရှေ့နေလိုက်ရာ ယခင်ကထက် အောင်မြင်သည်။ တရားရုံးချုပ်အထိပင် ရှေ့နေလိုက်ခဲ့သဖြင့် ထိုအဆင့်အထိ ရှေ့နေလိုက်ဖူးသည့် အမေရိကန်သမ္မဖြစ်ဖူးသူ၊ ဖြစ်မည့်သူ သုံးဦးအနက် တစ်ဦးအပါဖြစ်သည်။ ရာစုသစ်အဝင် ၁၉၀၁တွင် အင်ဒီယားနားပိုးလစ်မြို့တွင် ကွယ်လွန်သည်။

ကိုးကား[ပြင်ဆင်ရန်]

အိမ်ဖြူတော်ကို တန်းစီခြင်း- ကြည်မင်း